Thursday, September 17, 2009

အရှိကို အရှိအတိုင်းသာ အကောင်းဆုံး...

အင်း...ပြောရတာတော့ ကြားရတာတော့..ရှက်တော့ ရှက်စရာဗျ။ ဒါပေတဲ့ မပြောမပြီးမတီး မမြည်.. ရှေ့ မျက်နှာနောက်ထား..အချင်းချင်း သတင်း မျှတ ပညာပေးကြစေချင်ပါတယ်။ ကြာရင် မြန်မာ အမျိုးပြုတ်မှာ တွေးကြောက်ကြပါ။ ကိုယ့်ပစ္စည်းဆိုတာ..
ဘုရားပေး သလောက်ပေါ့ဗျာ..။ ဘာရှက်စရာရှိတာ မှတ်လို့ ။ ပုဆိုးထဲ ဖောင်းဖုနေမှ ယောက်ျား မဟုတ်ပါဖူးဗျ။ စိတ်ဓါတ်တည်ကြည်..ရိုးသား သစ္စာမြဲတာ ကမှ ယောက်ျားတို့ ရဲ့ ဂုဏ်ရည်ပါ။

ကိုယ် အမေ မွေးထားတာလေးနဲ့  ရှိတာလေးနဲ့  ရောင့်ရဲကြဖို့ အထူးလိုအပ်ပါတယ်။
မြန်မာဟာ မြန်မာဘဲပေါ့။ မြန်မာ တွေ ရှိသင့် သလောက်ဘဲရှိတာပေါ့။ ရှက်စရာမဟုတ်ပါ။
ဆင်လည်း ဆင့်အထွာ ကြွက်လည်း ကြွက်အထွာ..ပေါ့.. မတူတာ မတု သင့်ကြဖို့  သတိပေးလက်ကမ်းပေးကြပါ။ အရေးကြီးတာကလူမျိုးတစ်မျိုးမှာ ပညာနဲ့  ကျမ်းမာရေး.က အဓိကနေရာ က အရေးပါပါတယ်။ ပညာ မတတ်လေ. သူတပါးပြောတာ နားယောင် ပေါက်ကရလုပ်လေလေမို့  ဒီလိုနဲ့ ဘဲ ယောက်ျားဘယ်နှစ်ယောက် အသက်ဆုံးပြီးပြီလည်း.. ဘယ်နှစ်ယောက် ထပ်ဆုံးဦးမလည်း..ရှက်နေရင် အပ်နဲ့ ထွင်းရမဲ့နေရာ ပေါက်ဆိန်ပေါက်နေကြရမှာ မို့  ယောက်ျားအချင်းချင်း လက်တို့ ..ဟိုဒင်းထဲ စားအုန်းဆီ မသွင်းကြစေဖို့ ။


လိင်ကိစ္စ စားအုန်းဆီ သုံးသဖြင့် ကိုယ်ကျိုးနည်းကြရ
Saturday, 12 September 2009 17:54 အဲလက်စ် အဲလ်ဂီး

ကိုဒေါင်းက မယ်တော်ဆေးခန်း တနေရာရှိ ခွဲစိတ်ခုံပေါ်တွင် လဲလျောင်းနေရင်း နာကျင်စွာ ညည်းညူနေသည်။ နာကျင်မှု ဆိုးရွား ပြင်းထန်လာသည်နှင့် အမျှ သူ့အနီးတွင် ထိုင်ကာ လက်ကိုကိုင်ပြီး အားပေးနေသော မိတ်ဆွေတဦးက သူ့လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။

ခွဲစိတ်ဆရာဝန် ၂ ဦးက သူ့ဘေး တဘက်တချက်တွင် ရှိနေပြီး သူ၏လိင်တံရှိ ရောဂါပိုး ၀င်နေသော အရေပြားကို ဖယ်ထုတ်ရန် ခပ်သွက်သွက် လုပ်ရှားနေကြသည်။ ရာသီဥတု ပူပြင်းသောကြောင့် သူတို့၏နဖူးမှ ချွေးများက တဒီးဒီး ကျနေသည်။ တ၀ီဝီလှည့်နေသော ပန်ကာလေ ဖျော့ဖျော့ကြောင့်သာ သူတို့ အနည်းငယ် သက်သာမှု ရနေခြင်း ဖြစ်သည်။

ဖြတ်သွားဖြတ်လာ သွားနေကြသူများက ခွဲစိတ်ခုံဘက် အာရုံ မထားမိကြပါ။ လူ ၄ ဦးက ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး ကျားကစား နေကြသည်။ ကိုဒေါင်း၏ ပြဿနာကို အလေးမထားကြ။ ဆေးမှူးတဦး ၀င်လာပြီး အခန်းထဲရှိ လူတယောက်နှင့် ရယ်ရယ်မောမော စကားပြောနေသည်။

လူနာ၏မိတ်ဆွေက မျက်ရည်ဝဲနေပြီး ဆေးမှူးကလေးကို ကြည့်နေသည်။ ကိုဒေါင်း မည်မျှ ခံစားနေရကြောင်း သူက ကောင်းကောင်း သိနေသည်။

လွန်ခဲ့သည့် ၈ နှစ်ခန့်က မဲဆောက် တဖက်ကမ်း မြ၀တီမြို့သို့ ပြန်လာကြသူ မိတ်ဆွေတချို့နှင့် သောက်စားရင်း ယခုကိစ္စ အကြံထူး ရလာခြင်း ဖြစ်သည်။ သူ၏ မိတ်ဆွေများက ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းတွင် သွားရောက် လုပ်ကိုင်ရာမှ ပြန်လာကြသူများ ဖြစ်သည်။ သူတို့ ရေချိန်ကိုက်လာကြသောအခါ တဦးက ပုဆိုးကိုမ၍ သူ၏လိင်တံကို ပြလေသည်။

စားအုန်းဆီ အစွမ်းထက်ပုံကို ရှာဖွေ သိရှိရကြောင်း၊ စားအုန်းဆီကို လိင်တံအတွင်း ထိုးသွင်းသဖြင့် သန်စွမ်း ကြီးမားလာ ကြောင်း ထိုသူက ရှင်းပြသည်။ ကိုဒေါင်းကလည်း မသိနိုးနား သူ့မိတ်ဆွေများ စကားကို ယုံကြည် နစ်မျောသွားသည်။ သူလည်း လိင်တံထဲ စားအုန်းဆီ ထိုးထည့်လိုက်တော့သည်။ သူတို့အုပ်စုထဲမှ မည်သူကမျှ ထိုလုပ်ရပ် အတွက် အန္တရာယ် ရှိနိုင်သည်ကို ကြိုတင် မသိကြပါ။

“အခုလို အန္တရာယ်ဖြစ်မယ် ဆိုတာ ကျနော် သိခဲ့ရင် ကောင်းမှာပဲ။ ကြိုသိခဲ့ရင်တော့ ဒီလိုလုပ်မိမှာ မဟုတ်ဘူး၊ ဒီဆေးခန်း ကိုလည်း ရောက်မှာ မဟုတ်ဘူး” ဟု ကိုဒေါင်းက တိုးတိုးလျလျ ပြောသည်။

ယခုလို ကိစ္စမျိုးကို လုပ်ဆောင်နေကြသည်မှာ ၁၀ နှစ်ခန့် ရှိတော့မည်ဟု ယူဆရသည်။ မြန်မာသင်္ဘောသားများ၊ ငါးဖမ်း လုပ်သားများက ထိုင်းနိုင်ငံနှင့် တခြားဆိပ်ကမ်းများမှ ရရှိလာသည့် အဆိုပါ နည်းလမ်းကို ဤဒေသနှင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ နယ်စပ်တလျှောက် ပညာမတတ်သော မြန်မာ အမျိုးသားငယ်များ အကြားတွင် ဤလုပ်ရပ်က ရေပန်းစားနေ သည်။

ဆေးခန်းမှ ဆေးမှူး လောဝါဆေးကတော့ ယခုလို ပြဿနာမျိုးဖြင့် တပတ်လျှင် လူနာ ၅ ဦး ခန့် ရောက်လာတတ်သည်ဟု ဆိုသည်။

ကိုဒေါင်းက ယခုတပတ်အတွက် ၄ ဦးမြောက် လူနာဖြစ်ပြီး၊ ယခုနှစ် အတွက် ဆိုလျှင် ၁၂၂ ဦးမြောက်လူနာ ဖြစ်သည်။

"သူတို့မိတ်ဆွေတွေ မဲဆောက်ကို ပြန်ရောက်လာကြပြီး သူတို့ရဲ့ပစ္စည်း ဘယ်လောက်ကြီးတယ် ဆိုတာ ကြွားကြတယ်။ ဘယ်လောက် အံ့သြဖို့ကောင်းသလဲ၊ လုပ်ရတာလည်း အလွယ်ကလေးပဲ ပေါ့ဗျာ။ ကျန်တဲ့သူတွေကလည်း အားကျပြီး လိုက်လုပ်ချင်ကြတာပေါ့" ဟု ဆေးမှူး လော်ဝါးဆေးက ပြောသည်။

"သူတို့က ပညာလည်း မတတ်ကြတော့ ဆိုးကျိုး အန္တရာယ်ကို မသိကြဘူး။ နောက်ဆုံး ကိုယ်ကျိုးနည်းပြီးမှ ရောက်လာ ကြတယ်"ဟု လော်ဝါးဆေးက ရှင်းပြသည်။

အခြားအန္တရာယ်တခုမှာ ဆေးထိုးအပ်ဖြင့် ကိုယ်တိုင် ထိုးထည့်ကြခြင်း ဖြစ်သည်။ ဖူးယောင်ပြီး ရောဂါပိုးလည်း ၀င်နိုင် သည်။ အုန်းဆီက သွေးလှည့်ပတ်မှုကို နှေးကွေးစေသောကြောင့် နောက်ဆက်တွဲ ပြဿနာလည်း ရှိသည်။ လိင်တံဆီသို့ သွေးလှည့်ပတ် စီးဆင်းမှု တိုးတက်လာစေသော်လည်း၊ ဆီများဖြင့် ပိတ်မိနေသောကြောင့် နောက်ဆုံး အဆမတန် ဖူးယောင်ခြင်းနှင့် ပိုးကူးစက်ခြင်းလည်း ခံရနိုင်သည်ဟု ဆိုသည်။

အခြေအနေ အဆိုးရွားဆုံး ဖြစ်သွားပါက ရောဂါပိုးကူးစက်မှုက သွေးကြောများမှတဆင့် ပြန့်ပွားသွားပြီး ကင်ဆာ သို့မဟုတ် သွေး အဆိပ်သင့်သည့် ရောဂါ ဖြစ်ပွားစေသည်။ မြန်မာနိုင်ငံတွင် ဤသို့ရောဂါပိုးကူးစက်မှုကြောင့် လူနှစ်ဦး အသက် ဆုံးရှုံး ခဲ့ရပြီးဖြစ်သည်ဟု မယ်တော်ဆေးခန်းက သတင်းရထားသည်။

ယခု နှစ်ဆန်းပိုင်းတွင် ရောက်လာသည့် လူနာတဦး၏ အခြေအနေ ဆိုးရွားလွန်းသောကြောင့် လိင်တံကို ဖြတ်ပစ်လိုက်ရ သည်။ ပုံမှန် ကုသမှုခံမည်ဆိုလျှင် ခွဲစိတ်မှု နှစ်ဆင့် ပြုရမည်ဖြစ်ပြီး၊ ခွဲစိတ်မှု တခုနှင့် တခုအကြား ဆေးရုံတွင် တလကြာ နေထိုင်ရမည်၊ ပထမအကြိမ်မှာ လိင်တံရှိ ပိုးကူးစက်နေသည့် အရေပြားကို ဖယ်ရှားပစ်ခြင်းဖြစ်ပြီး၊ ဒုတိယအကြိမ်မှာ ပေါင်မှအရေ ပြားကိုယူ၍ လိင်တံ၌ အစားထိုးပေးသည့် ခွဲစိတ်မှု ဖြစ်သည်။

မြန်မာပြည်သား အမျိုးသားများ စားအုန်းဆီသုံး၍ အတတ်ဆန်းနေကြခြင်းနှင့် ပတ်သက်ပြီး ပညာပေးရန် မယ်တော် ဆေးခန်း က ကြိုးပမ်း ဆောင်ရွက်နေသည်။ လွန်ခဲ့သည့် မတ်လက ဖြန့်ချိခဲ့သည့် လိင်အင်္ဂါ ကြီးထွားစေရန် သဘာဝ မဟုတ်သည့် ဆောင်ရွက်မှု၏ အန္တရာယ်အကြောင်း လက်ကမ်းစာစောင်တွင် ကြုံတွေ့ရမည့် အန္တရာယ်များ၊ ကုသနိုင်သည့် နည်းလမ်းများကိုလည်း ဖော်ပြထားသည်။ ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP) အဖွဲ့ကလည်း ရွှေ့ပြောင်း လုပ်သားများ အကြား ယခု လက်ကမ်း စာစောင်များကို ဖြန့်ချိပေးရန် ကူညီ ဆောင်ရွက်ပေးနေသည်။

“အခု လက်ကမ်းစာစောင်တွေက ဒီက အ၀န်းအ၀ိုင်းနဲ့ မြန်မာနိုင်ငံထဲထိ ပျံ့နှံ့မယ်လို့ ယူဆပါတယ်။ ကျနော်တို့ ရည်ရွယ် တာကတော့ အမျိုးသားတွေ အခုလို အုန်းဆီ ထိုးထည့်တာမျိုးတွေ မလုပ်ဖို့၊ လုပ်ခဲ့မိတယ် ဆိုရင်လည်း ချက်ချင်း လာပြီး စစ်ဆေးစမ်းသပ်မှု ခံယူကြဖို့ပါပဲ"ဟု လော်ဝါးဆေးက ပြောသည်။

အုန်းဆီကို လိင်တံ ကြီးထွားစေရန် အသုံးပြုနေမှုများ ရပ်ဆိုင်း စေရန်အတွက် မယ်တော်ဆေးခန်း၏ ပညာပေး လှုံ့ဆော်မှု အပြင် တခြား ကြိုးပမ်း လုပ်ဆောင်မှုများမှာ မဆိုစလောက်သာ ရှိခဲ့သည်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ကြီး ဖြစ်သော World Vision အဖွဲ့က ဤပြဿနာနှင့် ပတ်သက်ပြီး ကျန်းမာရေး ပညာပေး အစီအစဉ်တွင် အစိတ်အပိုင်းတခု အဖြစ် ယခင်က ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ထိုကြိုးပမ်းမှုများကို လက်လျှော့ထားလိုက်ပြီဟု ဆိုသည်။

“အခုအချိန်မှာ ဒီပြဿနာကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဆိုလို့ တခုမှ မရှိပါဘူး” ဟု World Vision ၏ မဲဆောက်ဒေသ ကျန်းမာရေး လုပ်ငန်းများ ညှိနှိုင်းရေးမှူးတဦးက ပြောသည်။

“ကျန်းမာရေးအသိ ချို့တဲ့တာက အကြီးဆုံး ပြဿနာပဲ။ တကယ်လို့ အဖွဲ့အစည်း တခုခုက အချိန်ပေးပြီး လူတွေကို ဒီလုပ်ရပ်ရဲ့ အန္တရာယ် အကြောင်း ပြောပြပေးနိုင်မယ် ဆိုရင်တော့ အများကြီး အကျိုးရှိမှာပါ”ဟု သူက ဆိုသည်။

“အဖွဲ့အစည်း အတော်များများက စိတ်မ၀င်စားကြဘူး။ အကြောင်းကတော့ သူတို့က ဒီကိစ္စကို ရောဂါတခုလို့ မမြင်ကြ တာပဲ။ ကိုယ့်ဘာသာ ပြဿနာရှာလို့ ဖြစ်လာတဲ့ဟာလို့ မြင်ကြတယ်။ ဒီတော့ ပြဿနာ တက်တဲ့လူတွေကို ဒဏ်ခတ် အပြစ်ပေးသလို ဖြစ်နေတယ်။ အဖွဲ့အစည်းတွေ အမြင်ပြောင်းလာရင်တော့ အခုဖြစ်နေတဲ့ ပြဿနာ ရပ်ဆိုင်းသွားဖို့ တကယ် အထောက်အကူ ဖြစ်မှာပါ”ဟု သူက ရှင်းပြသည်။

ဆေးခန်းရှိ လူနာတဦးကလည်း အဖြစ်ဆိုးတခုကို ပြန်ပြောပြသည်။ သူတို့ရွာမှ အမျိုးသားတဦးက လိင်တံထဲသို့ အုန်းဆီကို ကိုယ်တိုင် ထိုးထည့်သည်။ ငါးနှစ်ကြာသည့်အခါ ပိုးဝင်လာပြီး ယောင်ယမ်း လာသည်။ သူက အုန်းဆီကြောင့် ထိုသို့ ဖြစ်ရသည်ကို သတိထားမိပုံမရ။

ဆရာဝန်ထံ သွားပြရန်လည်း အရှက်ကြီး ရှက်နေသည်။ ဤသို့ဖြင့် အနာ နှင့် အရှက် သက်သာစေရန် အရက် ဖိသောက်ရာမှ အရက်စွဲသွားသည်။ နောက်ဆုံး သူမခံမရပ်နိုင်တော့သဖြင့် အသက် ၃၅ နှစ်အရွယ်တွင် မိမိကိုယ်ကို သတ်သေလိုက်လေသည်။

“ပညာတတ်ကြရင်တော့ ဒါမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ အမျိုးသားတွေကို ဖြစ်လာနိုင်တဲ့ အန္တရာယ်နဲ့ ကုသမှု ခံယူနိုင်ပုံ နည်းလမ်းတွေအကြောင်း ပညာပေးတာတွေ လုပ်ဖို့ လိုသေးတယ်”ဟု လူနာက ပြောသည်။

အကယ်၍ ၎င်းယောက်ျားသားများက ပညာတတ်များဖြစ်သည် ဆိုလျှင်ပင် ဆရာဝန်ထံ သွားရောက်ပြသရန် ရှက်နေ နိုင်သည်။ တခြားရွေးချယ်ရန်လမ်း မရှိတော့သည့် အချိန် အထိ၊ ရောဂါ ပိုဆိုးလာသည့် အခြေအနေအထိ ထိုင်စောင့် နေသည်လည်း ဖြစ်နိုင်သေးသည်။ အချိန်လွန်မှ လာပြလျှင်တော့ ရောဂါ ပို၍ ဆိုးစရာ အကြောင်း ရှိနေသည်။

ကုသမှု သွားရောက်ခံယူရန်အတွက် နောက်ထပ် ပြဿနာတခုမှာ ကုန်ကျစရိတ် ဖြစ်သည်။ World Vision က လူနာများ အတွက် ဆေးဖိုးဝါးခနှင့် ခရီးစရိတ်များ ကူညီ ထောက်ပံ့ပေးဖူးသည်။

မယ်တော်ဆေးခန်းတွင် ယခုပြဿနာကို ကုသရန် ဘတ် ၁၀၀၀ (၂၉ ဒေါ်လာ) ကုန်ကျနိုင်သည်။ ထိုပမာဏမှာ မြို့ကြီး များတွင် ကုသလျှင် ပေးရမည့် ကုန်ကျစရိတ်၏ အစွန်းထွက်မျှသာ ရှိသည်။ ဘန်ကောက်တွင် ကုသလျှင် ဒေါ်လာ ၉၀၀ ခန့်၊ ရန်ကုန်တွင် ကုသလျှင် ကျပ် ၂ သိန်း (ဒေါ်လာ ၁၈၀ ခန့်) ကုန်ကျနိုင်သည်။ ဆေးခန်း တာဝန်ရှိသူများ၏ အဆိုအရ ကုန်ကျစရိတ် သက်သာစေရန် အတွက် ရန်ကုန်မှ လာရောက်ကြသူများလည်း ရှိသည်ဟု သိရသည်။

မည်သို့ပင် ဖြစ်စေ၊ ဆေးခန်းသို့ ရောက်လာသူအများစုမှာ မဲဆောက်ဒေသ အလုပ်သမားလောကမှ ဖြစ်သည်။

“အလုပ်သမား အများစုက မြန်မာနိုင်ငံမှာ ဆင်းရဲလွန်းတဲ့ မိသားစုတွေက လာကြတာ၊ ပညာလည်း မတတ်ကြဘူး။ အဲဒီ အတွက်ကြောင့်လည်း ဘယ်လောက် အန္တရာယ်ကြီးတယ်ဆိုတာ သူတို့ကို ရှင်းပြလည်း သဘောမပေါက်နိုင်ကြဘူး။ ကျနော်တို့က သင်တန်းတွေ၊ ဘာတွေ လုပ်ဖို့ စည်းရုံးပြီး စီစဉ်ရင်တောင်မှ စက်ရုံတွေမှာ သိပ်ခက်တယ်။ အလုပ် သမား တွေက သင်တန်းလာဖို့ မအားကြပြန်ဘူး” ဟု World Vision မှ ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းက ပြောပြသည်။

မယ်တော် ဆေးခန်းမှ ဆေးမှူး လော်ဝါးဆေးက ဤပြဿနာနှင့် ပတ်သက်ပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို သတိပေးလိုသည်ဟု ဆိုသည်။

“ယောက်ျားရဲ့အင်္ဂါဆိုတာ သဘာဝကျကျ ဖြစ်လာတာ၊ ကိုယ့်အခြေအနေနဲ့တင် ကျေနပ်သင့်တယ်။ ခင်ဗျားတို့ သဘာဝကို ဖီလာ ဆန့်ကျင် လုပ်ရင်တော့ ပြဿနာတက်မှာပဲ”ဟု သူက ပြောလိုက်သည်။

ခွဲစိတ်ကုဌာနအပြင်ဘက်တွင် ကုသမှု အတွက် ကိုဒေါင်း စောင့်ဆိုင်းနေစဉ်ကလည်း ထိုသို့ သတိပေးမှုမျိုး ကြားခဲ့ရသည်။

“တကယ်လို့များ ကိုယ့်လိင်တံထဲကို အုန်းဆီ ထိုးထည့်ဖို့ စဉ်းစားနေတယ် ဆိုရင် မလုပ်ပါနဲ့လို့ အဲဒီလူကို ပြောချင်ပါတယ်။ ရှက်စရာ ကောင်းတယ်၊ ပိုက်ဆံ ကုန်မယ်၊ အဆိုးဆုံးကတော့ မိသားစု တခုလုံး စိတ်ညစ်ရမှာပဲ”ဟု ကိုဒေါင်းက ပြောလေ သည်။

ALEX ELLGEE ရေးသားသည့် Using Palm Oil for Sexual Enhancement Leads to Pain, Embarrassment ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1798:2009-09-12-10-55-29&catid=2:articles&Itemid=30

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်