Thursday, November 19, 2009

ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲ ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်မည်

ရေးသားသူ-မောင်ရှင် | ယခုနှစ် ဧပြီလ(၂၉)ရက်နေ့က မြန်မာပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ထားခဲ့သော “ရွှေဂုံတိုင်ကြေညာစာတမ်း”ကို ဂျပန်နိုင်ငံရှိ မြန်မာဒီမိုကရေစီအင်အားစုများမှ အပြည့်အ၀ထောက်ခံကြောင်းနှင့် အဆိုပါကြေညာစာတမ်း၏အရေးကြီးပုံကို ဂျပန်အစိုးရနှင့်တကွ ဂျပန်နိုင်ငံရှိ လူမှုအခြေပြုအဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရေးပါတီများ၊ ဂျပန်အလုပ်သမားသဂ္ဂများအပါအ၀င် ဂျပန်လူထုနှင့် ဂျပန်နိုင်ငံရှိ နိုင်ငံခြားသံရုံးများပါ သဘောပေါက်လက်ခံလာပြီး အားပေးထောက်ခံမှုရရှိစေရန်ရည်ရွယ်၍ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပပြုလုပ်မည်ဟုသိရှိရသည်။

နှီးနှောဖလှယ်ပွဲကို လာမည့် နိုဝင်ဘာ ၂၃ရက်(တနင်္လာနေ့တွင်) ကျင်းပပြုလုပ်မှာဖြစ်ပြီး “ရွှေဂုံတိုင်ကြေညာစာတမ်း (သို့) လက်ရှိမြန်မာနိုင်ငံအကျပ်အတည်းမှထွက်ရပ်လမ်း” (Gateway to National Reconciliation in Union of Burma)ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မှာဖြစ်သည်။

ရွှေဂုံတိုင်စာတမ်း

ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ကိုသန့်ဇင်ဦး (NLD-LA JB)မှ ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စုံညီညှိနှိုင်းအစည်းအဝေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ လက်ရှိမြန်မာ့နိုင်ငံရေးအတွက် အဓိကအရေးပါတဲ့ အခန်းကဏ္ဍလို့ ကျနော်ယုံကြည်ပါတယ်။ ဒီကြေညာစာတမ်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေ မြန်မာနိုင်ငံအတွင်းမှာပေါ်ထွန်းရေးအတွက် တခုတည်းသောထွက်ရပ်လမ်းလို့ မြင်ပါတယ်။

နောက်ပြီး မြန်မာပြည်တွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နအဖရဲ့မတရား ဖမ်းဆီးဖိနှိပ်များအောက်မှ နှစ်ပေါင်း(၂၀)ကျော်ကြာအောင် ကြံ့ကြံ့ခံရပ်တည်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာဖို့အတွက် မဆုတ်မနစ်သောဇွဲ၊ လုံ့လများနဲ့ ကြိုးစားလုပ်ဆောင်နေတာကို ဂျပန်အစိုးရနှင့်တကွ ဂျပန်လူထုသိရှိနားလည်ဖို့နှင့် ဒီထက်ပိုမိုပြီး အားပေးထောက်ခံမှုရရှိလာစေဖို့နဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာပါတဲ့ တောင်းဆိုထားတဲ့အချက်တွေ အပြည့်အ၀အကောင်အထည်ပေါ်လာနိုင်စေဖို့အတွက် နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်…”ဟု ရှင်းပြသည်။

နှီးနှောဖလှယ်ပွဲသို့ AIPMC(ASEAN Inter-Parliamentary Myanmar Caucus)မှ တာဝန်ခံများ၊ ဂျပန်နိုင်ငံရှိ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားအစရှိသည့် အာရှနိုင်ငံများမှ သံတမန်များအပြင် အီးယူ၊ အမေရိကန်၊ ဂျာမဏီအစရှိသည့် အနောက်နှင့် ဥရောပနိုင်ငံများမှ သံတမန်များပါ တက်ရောက်ကြမည်ဖြစ်သည်။

ဂျပန်အစိုးရပိုင်းအနေဖြင့် မြန်မာ့အရေးကို ထောက်ခံအားပေးနေသည့် ဂျပန်လွှတ်တော်အမတ်များသမဂ္ဂမှ အမတ်များအပါအ၀င် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူအဆင့်မြင့်တာဝန်ခံများတက်ရောက်မည်ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များမှ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထားများကို ပြောကြားမည်ဟုလည်းကိုသန့်ဇင်ဦး၏ ဆက်လက်ရှင်းပြချက်အရ သိရှိရသည်။

ထို့အပြင် ဂျပန်နိုင်ငံရှိ လူမှုအခြေပြုအဖွဲ့အစည်းများဖြစ်ကြသည့် A.I, Human Watch, PFB, ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)မှ တာဝန်ခံများ၊ မြန်မာ့အရေးလည်း တက်ရောက်ကြမည်ဖြစ်သည်။
အပြန်အလည်ဆွေးနွေးပွဲတွင် NCGUB မှ အလုပ်သမားဝန်ကြီး ဦးခွန်မြင့်ထွန်းမှ ရွှေဂုံတိုင်ကြေညာစာတမ်း၏ အရေးပါပုံကို ရှင်းလင်းတင်ပြမည်ဟုသိရသည်။

ယခုပြုလုပ်မည့်နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်ပြီး ဒေါက်တာမင်းညိုမှ”ကျနော့်အမြင်ပြောရင် ဒီနှီးနှောဖလှယ်ပွဲကနေအခြေခံပြီး နအဖ စစ်ခေါင်းဆောင်တွေ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီမဆန်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း အကျိုးပြုမှာမဟုတ်ဘူးလို့ တက်ရောက်လာတဲ့ ဂျပန်အစိုးရပိုင်းမှ အမတ်တွေနဲ့တကွ နိုင်ငံတကာသံရုံးကပုဂ္ဂိုလ်တွေရော၊ ဂျပန်အလုပ်သမားသမဂ္ဂတွေပါ သိရှိသွားကြလိမ့်မယ်။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာလည်း နိုင်ငံတကာက အသိအမှတ်ပြုမှာမဟုတ်တော့ဘူး။ ၉၀ ရွေးကောက်ပွဲအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းသာလျင် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် ထွက်ပေါက်လို့ အားလုံးကသဘောပေါက်လာကြပြီး နအဖစစ်ခေါင်းဆောင်တွေကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင်းဆိုထားတဲ့ အချက်တွေကို လက်ခံဖို့ ဖိအားပေးလာနိုင်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်…”ဟု ပြောဆိုသည်။

ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲကို ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)အဆောက် အဦတည်ရှိရာ တိုကျိုမြို့၊ ချီအိုဒါရပ်ကွက်ရှိ SOHYO KAIKAN ၏ ဒုတိယထပ်တွင် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ နှစ်ပိုင်းခွဲ၍ ပြုလုပ်မည်ဖြစ်သည်။

ပထမပိုင်းအစီအစဉ်တွင် နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်၊ လက်ရှိ မြန်မာပြည်နိုင်ငံရေးအခြေအနေ၊ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထား၊ AIPMC ၏သဘောထား၊ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏သဘေားထား၊ မြန်မာ့အရေးဆောင်ရွက်နေသည့် ဂျပန်လွှတ်တော်သမဂ္ဂ၏သဘေားထား အစရှိသည်တို့ကို ဂျပန်-မြန်မာ-အင်္ဂလိပ်သုံးဘာသာဖြင့် ပြောကြားမည်ဖြစ်သည်။

ဒုတိယပိုင်းအစီအစဉ်ကို ဆွေးနွေးပွဲပုံစံလိုမျိုးပြုလုပ်၍ တက်ရောက်လာကြသည့် သံတမန်များ၏ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် ၄င်းတို့၏အမြင်များကို ရှင်းလင်းပြောကြားမည်ဟုလည်း သိရသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ဦးအေးသာအောင်တို့ပေးပို့လာသော အမှာစကားများကို ဖတ်ကြားမည်ဖြစ်သည်။

မြန်မာ့အရေးစိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲဖြစ်မြောက်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းပေါင်း (၃၀)ကျော်စုစည်း၍ ကျင်းပခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။

2 comments:

Nay Dun said...

အတိုက်အခံဆိုသူတွေ အလုပ်မလုပ်ပဲ နိုင်ငံရေးလုပ်နေနိုင်အောင် ပိုက်ဆံဘယ်ကရသလဲ ဆိုတာ ပြည်သူများစဉ်းစားမိပါ၏။ နောက်ကွယ်ကထောက်ပံ့နေလို့ ပေါ့။ သူများကထောက်ပံ့လို့  ရပ်တည် နေရတော့မှ သူများတပည့်ဘဲ ဖြစ်လိမ့်မယ် ဆိုတာ ပြည်သူကောင်းကောင်းသိပါ၏။

နိုင်ငံခြားက ကြားရသမျှ လွှင့်သမျှ မီဒီယာ အာဘော် နဲ့ အတိုက်အခံဆိုသူတွေ အာဘော် တစ်ထပ်တည်း ဖြစ်ကထဲက အတိုက်အခံဆိုသူတွေဟာ ရုပ်သေးတွေဘဲ ဆိုတာ ပြည်သူ ကောင်းကောင်း သိပါ၏။

၈၈၈၈ အရေးအခင်းကို တွေ့ ကြုံဖူးသော သူများတွင် အတွေ့ အကြုံများစွာ ရှိပါ၏။ ကိုယ့်ရပ်ကွက်ကို ဘယ်သူလာ ဖျက်ဆီးမယ် မှန်းမသိလို့  နေ့ စဉ်ကင်းစောင့်ပြီး အိပ်မရတဲ့ဘ၀၊ ရဟန်းတော်များ၊ သပိတ်ခေါင်းဆောင် နဲ့ ကျောင်းသားခေါင်းဆောင်များ လက်ထဲမှ တစ်ဖက်သတ် စွပ်စွဲ အဖမ်းခံရသူများ ပါသွားပြီး ခေါင်းနဲ့ ကိုယ်တစ်ခြားစီ ဖြစ်သွားတဲ့ မြင်ကွင်းများမှာ စိတ်အာရုံတွင် မမေ့မပျောက် နိုင်သေးကြပါ။ တပ်မတော်မှ တိုင်းပြည်တာဝန် ကို ယူလိုက်သောအခါ မှ စိတ်နှလုံး ဒုံးဒုံးချ အိပ်ပျော်ခဲ့ရသည့် အကြောင်း ပြည်သူ ကောင်းကောင်း သိပါ၏။

အတိုက်အခံဆိုသူတွေ အာဘောင်အာရင်းသန်သန် နဲ့ ပြည်သူတွေ၊ လူငယ်တွေကို မြှောက်ပေးပြီး လမ်းမပေါ်ထွက် ဆန္ဒပြခိုင်း သူတို့ ကျတော့ နောက်ကွယ်မှာ ပုန်းနေတာ ပြည်သူကောင်းကောင်းသိပါ၏။ ဒီလိုအချိန်မှာ နိုင်ငံခြားကနေ မြှောက်ပေးနေသူတွေ ဘာမှမဖြစ်ဘဲ ကိုယ့်လူမျိုးသာ နစ်နာတာ ပြည်သူ ကောင်းကောင်း သိပါ၏။ ဒီမိုကရေစီ လူ့ အခွင့်အရေးတွေပြောပြီး လိုသည်ထက် ပိုပြီး အခွင့်အရေးတောင်းဆို တတ်တဲ့ အတိုက်အခံ ဆိုသူတွေ အကြောင်း ပြည်သူကောင်းကောင်းသိပါ၏။

ဒီလူတွေ တစ်ခုခုလုပ်ပြီးတိုင်း ဈေးတွေ တက်တတ်သည်ကိုလည်း ပြည်သူကောင်းကောင်း သိပါ၏။ အစိုးရကို မကြိုက်ပေမဲ့ အစိုးရနေရာ ကိုယ်စားဝင်ကြည့်မိသော အခါ ဒီလေ ဒီမိုး နဲ့ ဒီလူတွေကို ထိန်းကျောင်း အုပ်ချုပ်ရတာ မလွယ်ကူမှန်း ပြည်သူကောင်းကောင်းသိပါ၏။

လက်ရှိအစိုးရ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ လုပ်နေကြောင်း၊ အောင်မြင်သည်လည်း ရှိမည်။ မအောင်မြင်သည်လည်း ရှိမည်။ လုပ်ပေးချင်စိတ် ရှိသည်ကိုတော့ ပြည်သူ ကောင်းကောင်းသိပါ၏။

ဒီမိုကရေစီစနစ် ကိုသွားမည်။ ပေါ်ထွန်းလာမည့် ဒီမိုကရေစီစနစ် တည်တန့်ခိုင်မြဲရေး အတွက် တပ်မတော်မှ တစ်စိတ်တဒေသ ပါဝင်နေရအုံးမည်ကို ပြည်သူကောင်းကောင်းသိပါ၏။

(၁၃၅) ပါးသော တိုင်းရင်းသားတွေ နဲ့  သာမက တရုတ်၊ ကုလား ဘာသာကွဲများစွာ စုပေါင်းပြီး နေထိုင် ကျသော ပြည်ထောင်စုကြီး အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုး အဆက်ဆက်ကို ပြည်သူကောင်းကောင်းသိပါ၏။

ပြည်သူတွေ အခြေခံဥပဒေကို အသေးစိတ် မဖတ်နိုင်ပေမဲ့လည်း ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး အစရှိသည့် အခြေခံမူများမှာ ဘယ်အစိုးရ တက်တက် လိုအပ်နေမည် ဖြစ်ကြောင်း ပြည်သူကောင်းကောင်းသိပါ၏။

ဒီလိုသိနေတဲ့ အတွက် မည်မျှပင် ဘေးတီးနေပါစေ ပြည်သူကလည်း သူတို့ ၏ ဆန္ဒကို လွှတ်လွှတ် လပ်လပ် ဖေါ်ထုတ်ခွင့်ရတဲ့ အခါမှာ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ၉၂ ဒဿမ ၄၈ ရာခိုင်နှုံး နဲ့  အတည်ပြုပေးပြီး အတိုက်အခံတို့ ၏ အရှိုက်ကို ထိုးပြလိုက်ပါ၏။

ရွေးကောက်ပွဲမှာ လက်ရှိ အစိုးရ၏ သဘောထားနှင့် တိုက်ဆိုင်သူ ဖြစ်စေ မတိုက်ဆိုင်သူ ဖြစ်စေ ပါဝင်ခွင့် ပေးမည်ဆိုတဲ့ အစိုးရရဲ့  သဘောထားကြီးမူကို ပြည်သူကောင်းကောင်းသိပါ၏။

ပြည်သူက သူတို့ ၏ ဆန္ဒကို လွှတ်လွှတ် လပ်လပ် ဖေါ်ထုတ်ခွင့်ရမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို စောင့်နေပါ၏။ သူများမကောင်းကြောင်း ညံ့ကြောင်း ပြောတတ်ရင် ကိုယ်ကောင်းကြောင်း တော်ကြောင်းလဲ ပြတတ်ရန်လို၏။ ဒီလိုပြနိုင်ဖို့ လည်း ပြည်သူက တင်မြှောက်မှသာ အထမြောက်မှာမို့  ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ပြီး ပြည်သူ ဒိုင်လူကြီးရဲ့  အဆုံးအဖြတ်ကိုသာ ခံယူကြပါလို့ ။

Nay Dun said...

တစ်ခြားများများ မကြည့်ပါနဲ့  အခု ဂျပန်ရဲ့  ကျန်ခဲ့တဲ့ ရာစုနှစ်ကျော်ကျော်က အခုလက်ရှိ အထက်လွှတ်တော်မှာ ရာထူးကြီးကြီး ရထားသူ အထက်လွှတ်တော် အမတ်တစ်ဦးဟာ တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည် ပုံကိုင်ပြီး လမ်းဘေးမှာ ဂျပန်မှာ မြန်မာဒုက္ခသည် အဆင့် နဲ့ နေထိုင်ခွင့် မျှော်ကိုးသူများ နှင့် အတူ ဆန္ဒပြရတာ အမောပါ။ တီဗီထဲမှာ ခဏခဏ ပါပါတယ်။ သူဝန်ကြီးဖြစ်တော့ ဒုက္ခသည် အဆင့် မျှော်ကိုးသူများ ကို လှည့်တောင် မကြည့်တော့ပါဘူး၊ အဲဒီအချိန်လောက်ကပဲ အရင် လက်ဝဲယိမ်း ပါတီဥက္ကဌ ဆိုသူ အမျိုးသမီး ဟာလဲ ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ကို လူအခွင့်အရေးဆု ဆိုပြီး ပေးဖူးပါတယ် များများ စားစား မဟုတ်ပါဘူး ယန်းသုံးသိန်းထဲပါ။

သူတို့ ဘာလုပ်တယ် ဆိုတာတော့ ဂျပန်တီဗီတွေက ဖေါ်ပြကြလို့  တီဗီထဲမှာ လိုင်းပေါင်းစုံမှာ ပါတဲ့ မိနစ်နဲ့  တွက်ရင် ပိုက်ဆံမကုန်ဘဲ ကိုယ့်ကိုကိုယ် ကြော်ငြာတာ နဲ့ တူတူပါဘဲ။ ဒီလိုဘဲ ဂျပန်လွှတ်တော်အမတ် အချို့ ဟာ ဂျပန်မှာ မြန်မာဒုက္ခသည် အဆင့် မျှော်ကိုးသူများကို မွေးမြူထားပြီး မြန်မာကိုသာမက မြောက်ကိုရီးယား၊ တရုတ် အစရှိသည့် နိုင်ငံများကို ဆန္ဒပြဖို့  ၊ သူတို့ ပေါ်ပျူလာ ဖြစ်ဖို့ အတွက် မြန်မာ့ဒီမိုကရေစီအရေးကို ခုတုံးလုပ် အသုံးချ နေတာပါ။

ASEAN Inter-Parliamentary Myanmar Caucus (AIPMC) ဆိုတာကတော့ မလေးရှားက လက်ဝဲယိမ်း အတိုက်အခံ အမတ်တစ်ဦး စထောင်ထားတာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို အကြောင်းပြပြီး အမေရိကန် National Endowment for Democracy (NED) က တစ်နှစ်ကို ဒေါ်လာသုံးသန်းခွဲ ပတ်ဝန်းကျင်ပေးပါတယ်။ ပရောဂျက်တင်ပြီး အဲဒီက ရတဲ့  ဘတ်ဂျက် ကို အသုံးပြုပြီး မြန်မာနိုင်ငံကို ဆန့် ကျင်တဲ့ လှုပ်ရှားမူတွေကို အကောင်အထည် ဖေါ်ပေး အော်ပေးပြီး စားကွက်ရ နေရတာပါ။ အဲဒီမှာ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင် အမတ်တွေပါ နောက်တော့ ဒီစားကွက် သိသွားပြီး ၀င်ပါနေကြတာပါ။

လက်ဝဲယိမ်း ဂျပန်အလုပ်သမား သမဂ္ဂ RENGO ကတော့ အရင်က မြန်မာနိုင်ငံ အရေးမှာ ၀င်ရောက် စွက်ဖက် နေခဲ့တဲ့ The International Confederation of Free Trade Unions (ICFTU) ကနေ သူ့  နေရာ ဆက်ခံဖို့  လွှဲထားပုံရပါတယ်။ ပရောဂျက်တင်ပြီး ဘတ်ဂျက်လဲရထားပုံ ရှိပါတယ်။ RENGO က မြန်မာ့ရေးရာရုံးခန်း ကို ဒေါ်လာသုံးသိန်း မတည်ပြီး ဖွင့်ပေးတယ်လို့  ၂၀၀၁ ထုတ် ILO စာစောင် တစ်ခုမှာ ဖေါ်ပြထားပြီး ဗမာကွန်မြူနစ်ပါတီ အလင်းဝင် ဒေါ်က်တာမင်းညို ကို ဒါရိုက်တာခန့် ပြီး ရုပ်သေးအဖြစ် လှုပ်ရှား ခိုင်းထားပါတယ်။ ဂျပန် လမ်းဘေးမှာ ဆန္ဒပြနေသူများကို ခိုင်းကောင်းအောင် မျှော်လင့်ချက် ပေးထား တာကတော့ ဒုက္ခသည်အဆင့်နဲ့ နေထိုင်ခွင့်ရပြီး ဂျပန်မှာ ကျဘမ်း အလုပ်လုပ်တွေ လုပ်ပေးဖို့  ပါဘဲ။ ဒုက္ခသည် အဆင့်ရပြီး သွားတဲ့ သူတွေအထဲမှာလဲ အလုပ်အကိုင် ကောင်းကောင်းနဲ့  ခန့် ခန့်  ထည်ထည် နေရအောင် ပေးထားတာ မတွေ့  ရပါဘူး။

၂၀၁၀ ရွေးကောက်ပွဲပြီးသွားရင် မြန်မာနိုင်ငံအရေးကို ၀င်ရောက်စွက်ဖက်ဖို့  သာမက မြန်မာနဲ့  အမေရိကန် ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာရင် အရင်က NED က ပေးတဲ့ ငွေမျိုးတွေ ရပ်ဆိုင်း သွားတော့မှာ ဖြစ်ပါတယ်။ အဲဒီအခါ မြန်မာပြည်ကို အကြောင်းပြုပြီး လုပ်စား နေသူများ အတွက် ပိုမိုခက်ခဲလာပြီ ဖြစ်တဲ့အတွက် ဒီနှီးနှောဖလှယ်ပွဲ ကို မီးဇာကုန် ဆီခမ်းကာနီး မီးတောက် တစ်ခုလို့ ဘဲ မြင်ပါတယ်။

ဘယ်လိုဘဲဖြစ်နေဖြစ်နေ ကိုယ့်မြန်မာ လူမျိုးအချင်းချင်း ယိုင်းပင်းကူညီဖို့ ဘဲ ရေးကြီးပါတယ်။

Post a Comment

ယခင် သတင်းများ ဖတ်ရန်