Saturday, November 21, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေး အမေရိကန် မျှော်လင့်

Friday, 20 November 2009 17:57 သန်းထိုက်ဦး
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တွေ့ဆုံခွင့်ရရန် တောင်းဆိုမှုနှင့် ပတ်သက်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လမ်းစတခုအဖြစ် မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ယမန်နေ့တွင် ပြောကြားလိုက်သည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဦးတည်မည့် တွေ့ ဆုံဆွေးနွေးမှုကို မျှော်လင့်ရကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ (Ian Kelly) က သတင်းထောက်များကို ယခုကဲ့သို့ ပြောဆိုခဲ့သည်။
“ဗိုလ်ချုပ်မှူးကြီးဆီကို ရေးလိုက်တဲ့စာနဲ့ ပတ်သက်လို့ ကျနော်တို့ သတိပြုမိပါတယ်။ ဒါဟာ တွေ့ဆုံဆွေးနွေးမှု တွေအတွက် လမ်းစတခု ဖြစ်ပြီး သူ (ဒေါ်အောင်ဆန်းစုကြည်) ပြန်လည် လွတ်မြောက်လာရေးကို ဦးတည်သွားဖို့ ကိုလည်း ကျနော်တို့ မျှော်လင့်မိပါတယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ရေးသားပေးပို့ သောစာတွင်ပါရှိသည့် အဆိုပါ တောင်းဆိုချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က နိုင်ဝင်ဘာ ၁၇ ရက် ကြေညာချက်တွင် ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုတွေ့ဆုံခွင့်ရရန် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံတောင်းဆိုလိုက်ခြင်းသည် မြန်မာနိုင်ငံအကျိုးစီးပွားအတွက် ကောင်းမွန်သည့်ခြေလှမ်းတခု ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။

မြန်မာ့ရေးရာ အာဆီယံ အမတ်များ(AIPMC) အဖွဲ့မှ Roshan Jasonက“ဒေါ်အောင်ဆန်းစုကြည်က စေ့စပ် ညှိနှိုင်း ဆွေးနွေးဖို့ စတင် ကမ်းလှမ်းချက်ဟာ မြန်မာလူမျိုးတွေ အကျိုးစီးပွားနဲ့ ဒီမိုကရေစီရေး အတွက် ပျော့ ပြောင်းတဲ့ သူမ သဘောထားကို ပြသလိုက်တာပါ” ဟု မကြာသေးမီက ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံပေးပို့ ထားသော ပထမစာတွင် မြန်မာ နိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံးကို သိရှိနားလည်စေရေးအတွက် အနောက် နိုင်ငံသံတမန် ၃ ဦးနှင့်တွေ့ဆုံခွင့်ပြုရန်၊ NLD သဘောထားကိုလည်း ညှိနှိုင်းရယူခွင့်ပြုရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုမှုနှင့် ပတ်သက်၍ စစ်အစိုးရက အနောက်နိုင်ငံသံအမတ် ၃ ဦးနှင့် တွေ့ဆုံ ခွင့်ပြုခဲ့သည်။ NLD သဘောထားကိုညှိနှိုင်းရေး နှင့် ပတ်သက်၍မူ ယခုချိန်ထိ တစုံတရာတုံ့ပြန်ခြင်း မရှိသကဲ့သို့ တွေ့ဆုံဆွေးနွေး သည့် အကြောင်းအရာနှင့် ပတ်သက်၍ ၂ ဘက် စလုံး က ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

သို့သော် အီယန် ကယ်လီက မြန်မာနိုင်ငံအတွက် အကျိုးရှိစေမည့် ကိစ္စနှင့် ပတ်သက်ပြီး တောင်းဆိုမှုအပေါ် စစ်အစိုးရအနေဖြင့် တုံ့ပြန် ရန်မျှော်လင့်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။

အလားတူပင် ဒေါ်အောင်ဆန်းစုကြည်ပေးစာနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်တို့က ယမန်နေ့ရက်စွဲဖြင့် ၃ ဖွဲ့ပေါင်း ပူးတွဲကြေညာချက်ထုတ်ပြန်၍ ကြို ဆိုလိုက်ကြသည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC များတွေ့ဆုံခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်တွေ့ဆုံညှိနှိုင်း ခွင့်ရရေး တောင်းဆိုချက်များသည် အပြုသဘောဆောင်သော တောင်းဆိုချက်ဖြစ် ကြောင်း ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အစိုးရက ထုတ်ပြန်ခဲ့သော ဓာတ်ပုံ အထောက်အထားများအရ ၁၉၉၄ နှင့် ၂၀၀၃ ခုနှစ်အတွင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒေါ် အောင်ဆန်းစုကြည်တို့ အနည်းဆုံး ၃ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။ http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2168:2009-11-20-10-59-11&catid=1:news&Itemid=2

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်