Wednesday, November 18, 2009

အာဆီယံအစိုးရများ၏ လူ့အခွင့်အရေးကော်မရှင်

ခေတ်ပြိုင် အယ်ဒီတာအာဘော် | လွန်ခဲ့သော ဇူလိုင်လက ထိုင်းနိုင်ငံ၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံ လူ့အခွင့်အရေးအဖွဲ့ကို “အာဆီယံအစိုးရများ၏ လူ့အခွင့်အရေးကော်မရှင်” ဟု အမည်ပေး၍ အပိုင်း (၉) ပိုင်းပါ အခြေခံစည်းကမ်း (၇) မျက်နှာကို အတည်ပြုလိုက်သည်။ အောက်တိုဘာလ ထိုင်းနိုင်ငံတွင် ကျင်းပသော (၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံတွင် လူ့အခွင့်အရေးကော်မရှင်၌ ပါဝင်သော ကိုယ်စားလှယ်များကို မိတ်ဆက်ပေး၏။ အစိုးရက ဖွဲ့သည့်ကော်မရှင်ဖြစ်၍ အစိုးရအမှုထမ်း အများဆုံးပါဝင်နေသည်။

အင်ဒိုနီးရှားကိုယ်စားလှယ်မှလွဲ၍ ကျန်ကိုယ်စားလှယ်များသည် ၀ါရင့်အစိုးရအမှုထမ်းများဖြစ်နေသည်ကို တွေ့ရ၏။ လူ့အခွင့်အရေးကြိုးပမ်းမှု အတွေ့အကြုံ မရှိကြပါ။ ဥပမာ နအဖကိုယ်စားလှယ် ဦးကျော်တင့်ဆွေဆိုသူသည် မဆလခေတ် ၁၉၆၈ ကတည်းက နိုင်ငံခြားရေးဌာနတွင် အမှုထမ်းသည့် သံတမန်တဦးသာဖြစ်သည်။ သံတမန်လုပ်သက် အနှစ် (၄၀) ကျော်ရှိပြီး ကုလသမဂ္ဂအမြဲတမ်း နအဖကိုယ်စားလှယ်အဖြစ် အမှုထမ်းနေသူဖြစ်သည်။ အင်္ဂလိပ်စကားပြော၍ နအဖဘက်မှ ရှေ့နေလိုက်ပေးပြီး နိုင်ငံခြားတွင် အနေများသူဖြစ်၏။ နအဖလုပ်သမျှ အားလုံးမှန်သည်ဟု ဦးကျော်တင့်ဆွေ နိုင်ငံတကာ၌ ပြောနေသည်ကို မကြာခဏကြားရ၏။

အင်ဒိုနီးရှားကိုယ်စားလှယ် Mr. Rafendi Djamin ကမူ လူ့အခွင့်အရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။ ၎င်းသည်လည်း ဦးကျော်တင့်ဆွေကဲ့သို့ပင် Netherland နိုင်ငံမှ ဘွဲ့ရထားသူဖြစ်၏။ သို့သော်လည်း နိုင်ငံခြား၌ မဟာဝိဇ္ဇာဘွဲ့ယူပြီးသည်နှင့် လူ့အခွင့်အရေးကို ရိုသေလေးစားရန် အင်ဒိုနီးရှားတွင် လှုပ်ရှားသူဖြစ်သည်။ ဦးကျော်တင့်ဆွေက စစ်အစိုးရကိုကိုယ်စားပြု၍ နိုင်ငံခြား၌ လိမ်ညာဝါဒဖြန့်နေစဉ် Mr. Rafendi Djamin သည် လူ့သိက္ခာမြှင့်တင်ရေးအဖွဲ့ကို အင်ဒိုနီးရှား၌ တည်ထောင်နိုင်ခဲ့၏။ ယခုအခါတွင် အင်ဒိုနီးရှားလူ့အခွင့်အရေးအဖွဲ့များကို ညှိနှိုင်းပေးသူအဖြစ် တာဝန်ယူထားသည်။ ထိုကြောင့် သတင်းသမားများသည် သူ့ကိုသာရွေးပြီး မေးမြန်းလေ့ရှိသည်။ ဦးကျော်တင့်ဆွေကို မေးပါက ဗိုလ်ချုပ်မှူးကြီး ကြပ်ပြေးသန်းရွှေ၏ အဆိုအမိန့်ကိုသာ ကြားရမည်ဖြစ်၏။

အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌသည်သာ အာဆီယံလူ့အခွင့်အရေးကော်မရှင်၏ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်ရှိသည်။ ပြဿနာဖြစ်ပါက ကိုယ်စားလှယ်အားလုံးသဘောတူမှ ဆုံးဖြတ်ချက်ချနိုင်သည်။ သဘောတူချက် မရယူနိုင်သော ကိစ္စ၌ နှစ်စဉ်ပုံမှန်ကျင်းပသော အာဆီယံထိပ်သီးညီလာခံတွင် အစိုးရအကြီးအကဲများက ဆုံးဖြတ်လိမ့်မည်ဟုဆိုသည်။ အာဆီယံပဋိညာဉ်စာချုပ်အရ ဆုံးဖြတ်ချက်ချရမည့် သဘောဖြစ်သည်။ သို့ဖြစ်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် လူ့အခွင့်အရေး အာဏာပိုင်အဖွဲ့ဖြစ်နေ၏။ လူ့အခွင့်အရေးကော်မရှင်၏ အခြေခံစည်းမျဉ်းနှင့်ပတ်သက်၍ အငြင်းပွားလာပါက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကပင် ဆုံးဖြတ်ရမည်ဟု ဆိုသည်။

လုံခြုံရေးကိုအကြောင်းပြ၍ အတိုက်အခံကို နှိမ်နင်းရာတွင် အာဆီယံအစိုးရများ အသွင်တူကြသည်။ အတိုက်အခံနိုင်ငံရေးသမား၊ လူ့အခွင့်အရေးကာကွယ်ရေးသမား၊ သတင်းသမား စသည်တို့ကို လုပ်ကြံတရားစွဲပြီး အပြစ်ပေးသည့်နေရာတွင် စင်ကာပူသည် နာမည်ကြီး၏။ မင်းဆရာ လီကွမ်ယူးနှင့် သားဖြစ်သူ ၀န်ကြီးချုပ်ကို ဝေဖန်၍ ဒဏ်ရိုက်ခံရသူများရှိသည်။ တရားသူကြီးဘက်လိုက်ပုံကို ထောက်ပြ၍ ထောင် (၃) လ ကျသူရှိ၏။ မြန်မာပြည်၌မူ အနှစ် (၃၀) ထောင်ကျသွားနိုင်သည်။ စင်ကာပူအတိုက်အခံသည် အမြဲတမ်း တရားစွဲခံ၊ ဒဏ်ရိုက်ခံ၊ ထောင်ကျခံနေရသည်။ စင်ကာပူအစိုးရသည် အကြမ်းမဖက်ဘဲ တရားစွဲပြီး တရားသူကြီးကို လိုသလို အသုံးပြုနေသည်။ ဗမာစစ်အုပ်စုနဲ့ ဘိန်းမှောင်ခို လော်စစ်ဟန်ကဲ့သို့သော ပုဂ္ဂိုလ်များ၏ မသမာငွေကြေးကို လီကွမ်ယူးတို့သားအဖက ကြည့်ရှုစောင့်ရှောက်ထိန်းသိမ်းပေးသည်။

အာဆီယံအစိုးရများသည် ရွေးကောက်ပွဲကိုမကြောက်ပါ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကိုသာ ကြောက်ကြသည်။ ထို့ကြောင့် အာဆီယံလူ့အခွင့်အရေးကော်မရှင်၌ အဖွဲ့ဝင်အားလုံးသဘောတူသည့် ကိစ္စကိုသာ ဆွေးနွေးနိုင်သည်။ နအဖအစိုးရ သဘောမတူပါက မြန်မာ့လူ့အခွင့်အရေးကိစ္စကို အာဆီယံလူ့အခွင့်အရေးကော်မရှင်၌ မဆွေးနွေးနိုင်ပါ။ မြန်မာပြည်တွင် လူ့အခွင့်အရေး အများဆုံးချိုးဖျက်နေသည်မှာ အစိုးရလက်အောက်ခံ လက်နက်ကိုင်အဖွဲ့များဖြစ်၏။ အစိုးရ၏ မတရားအနိုင်ကျင့်မှုကို အစိုးရလူ့အခွင့်အရေးအဖွဲ့က မဟန့်တားနိုင်၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို အကူအညီတောင်းနေရခြင်းဖြစ်၏။ အစိုးရ၏ လူ့အခွင့်အရေးချိုးဖျက်မှုကို အာဆီယံလူ့အခွင့်အရေးကော်မရှင်က အရေးမယူနိုင်ပါ။

သို့သော်လည်း အင်ဒိုနီးရှားကိုယ်စားလှယ် Mr. Rafendi Djamin သည် အဆိုးဘက်ကမမြင်ပါ။ အစိုးရများက စတင်တည်ထောင်သည့်အတွက် လူ့အခွင့်ရေး မမြှင့်တင်နိုင်ဟူ၍ မပြောနိုင်ကြောင်း သူက ယူဆသည်။ လူ့အခွင့်အရေးကိစ္စ စတင်နိုင်ပြီဖြစ်၍ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်နိုင်အောင် ကြိုးပမ်းရမည်ဟု ဆိုပါသည်။ လူ့အခွင့်အရေးဆိုသော ဝေါဟာရကို အာဆီယံအုပ်စုက လက်ခံလာသည်ကပင် တိုးတက်မှုဖြစ်သည်ဟု မြင်ကြသူများလည်းရှိသည်။ စကားများသောအဆင့်မှ လက်တွေ့လုပ်နိုင်သောအဆင့်ကိုရောက်ရန် တဖြည်းဖြည်းလုပ်ယူသွားရမည့်သဘောဖြစ်၏။

လောလောဆယ် ကျေနပ်စရာမကောင်းသော်လည်း လူ့အခွင့်အရေးကော်မရှင်ရှိခြင်းသည် မရှိသည်ထက်တော်သေးသည်ဟု ယူဆသူများလည်းရှိသည်။ တဖက်သတ်အနိုင်ကျင့်တတ်သော အာဆီယံအစိုးရများက လူ့အခွင့်အရေးကော်မရှင်ဆိုသော အခြေခံလေး တည်ဆောက်နိုင်သည်ကို တိုးတက်မှုဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် အဆင့်အတန်းမရှိသော ဘောင်ခတ်မှုများကို ဝေဖန်နေမည့်အစား သတ်မှတ်ထားသည့်ဘောင်အတွင်း အစွမ်းကုန်ဆွေးနွေးသွားရန် အရေးကြီးသည်ဟု ယုံကြည်သူများလည်း ရှိသည်။ အာဆီယံလူ့အခွင့်အရေးကော်မရှင်သည် ခရီးရှည်သွားရပါလိမ့်မည်။

အာဖရိက လူ့အခွင့်အရေးကော်မရှင်သည် အာဆီယံထက် အများကြီးသာ၏။ အာဖရိကနိုင်ငံများသည် ဆင်းရဲနွမ်းပါးမှု၊ ဖိနှိပ်ညှဉ်းပန်းမှု စသည်များကို ရင်ဆိုင်နေရပြီး အာဆီယံကဲ့သို့ မချမ်းသာသော်လည်း လူ့အခွင့်အရေးစနစ်တွင်မူ ရှေ့တန်းရောက်နေပါသည်။ အာဖရိကလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် (၁၁) ဦး၏ ရာထူးသက်တမ်းသည် (၆) နှစ်ဖြစ်ပြီး သက်တမ်းတိုးနိုင်ပါသည်။ ဤပုဂ္ဂိုလ်များသည် လူ့အခွင့်အရေးနယ်ပယ်၌ ဂုဏ်သိက္ခာရှိပြီး သူတို့အစိုးရနှင့် မပတ်သက်သူများပင်ဖြစ်၏။
ထို့ကြောင့် အာဖရိကလူ့အခွင့်အရေးကော်မရှင်သည် အစိုးရနှင့်ဆန့်ကျင်သော ဆုံးဖြတ်ချက်ကို ချပိုင်ခွင့်ရှိသည်။ ၀ရမ်းမပါဘဲ ဖမ်းဆီးထိန်းသိမ်းထားသော သတင်းသမားတဦးကိုလွှတ်ပေးရန် အာဖရိက လူ့အခွင့်အရေးကော်မရှင်က Nigiria စစ်အစိုးရကို အကြောင်းကြားဖူး၏။ Sierra Leone နိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များကို ညှဉ်းပန်းနှိပ်စက် မုဒိမ်းကျင့်ရန် ၂၀၀၄ ၌ မြှောက်ပေးခဲ့သော Guinea သမ္မတသည် အာဖရိကလူ့အခွင့်အရေးပဋိညာဉ်ကို ဖောက်ဖျက်ကြောင်း အာဖရိကလူ့အခွင့်အရေး ကော်မရှင်က ဆုံးဖြတ်သည်။ အာဖရိက လူ့အခွင့်အရေးကော်မရှင်၏ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ အစိုးရက မလိုက်နာသော်လည်း အစိုးရ၏ မတရားလုပ်မှုကို ထောက်ပြနိုင်သည်ကိုကပင် အာဆီယံထက် အဆပေါင်းများစွာ သာနေသည်ဟု ခေါ်နိုင်ပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်