Thursday, November 19, 2009

မဃတ+၈၈+ဗကသ မှ ပူးပေါင်း ထုတ်ပြန် ကြေငြာချက်

မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး၊
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ၊
ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်။

ရှေ့မြန်မာ ပြည်သူ လူထု အကျိုးအတွက် ရှေ့ရှု ဆောင်ရွက်ကြရန် တိုက်တွန်းချက်။

စာအမှတ် - ၇/၂၀၀၉ (မဃတ+၈၈+ဗကသ)။
ရက်စွဲ - ၁၉/၁၁/၂၀၀၉။

(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည် ပေးစာနှင့် NLD ၏ ထုတ်ပြန်ချက်များ အရ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် အမျိုးသား ရင်ကြားစေ့ရေး အတွက် နိုင်ငံရေး စိတ်ဆန္ဒ ပြင်းပြစွာ ရှိရုံမျှမက အမျိုးသား အကျိုးစီးပွားကို ရှေ့ရှုပြီး နိုင်ငံတော် အတွက် အကျိုးရှိစေမည့် လုပ်ငန်းများ အတွက် နအဖနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်လိုကြောင်း။ ထိုသို့ ဆောင်ရွက်နိုင်ရေး အတွက် ဒေါ်အောင် ဆန်းစုကြည်နှင့် NLD CEC များတွေ့ဆုံခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းခွင့် ရရေး တောင်းဆိုချက်များသည် အလွန်တရာ သဘာဝကျပြီး အဓိပ္ပါယ် အပြည့်အ၀ ရှိသော၊ အပြုသဘော ဆောင်သော တောင်းဆိုချက်များ အဖြစ် ကျွန်ုပ်တို့မှ ရှုမြင်ပါသည်။

(၂) အမေရိကန် သမ္မတ ဘားရက် အိုဘားမား ကလည်း အာရှ ခရီးစဉ်တွင် “ကျနော် တို့ဟာ ညီညွတ်သော၊ ငြိမ်းချမ်းသော၊ ချမ်းသာ ကြွယ်ဝသော၊ ဒီမိုကရေစီ ထွန်းကားသော မြန်မာနိုင်ငံ ဖြစ်လာရေးကို ထောက်ပံ့ အားပေးပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဒီ လမ်းကြောင်းကို ဦးတည် လာခဲ့ရင် အမေရိကန်ပြည်ထောင်စုနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ထွန်းလာနိုင်ပါတယ်။”ဟု ပြောခဲ့သည့် စကားများ အရ အနောက် နိုင်ငံများ၏ နအဖ စစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ ပပျောက် သွားစေရေး အတွက် လုပ်ဆောင် နိုင်သည့်၊ လုပ်ဆောင် ရမည့် အဓိက တာဝန်ရှိ သူမှာ နအဖ စစ်အစိုးရ ကိုယ်တိုင်ပင် ဖြစ်ကြောင်း သိသာ ထင်ရှား လှသည်။

(၃) လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမတ အိုဘားမားတို့က မြန်မာလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း တခုလုံးကို ကိုယ်စား ပြုပြီး ယခုကဲ့သို့ အပြု သဘော ဆောင်သော ချဉ်းကပ်မှုများဖြင့် လက်တွဲ ညှိနှိုင်း ဖြေရှင်းရေး၊ ပြုပြင် ပြောင်းလဲရေး အတွက် တိုက်တွန်း ပန်ကြားချက်များ အပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အမြှော်အမြင်ရှိရှိ သဘောထား ကြီးကြီးထားပြီး တိုင်းပြည်နှင့် လူထု အကျိုး ကို ရှေ့ရှုကာ အချိန် မနှောင်းမီ အကောင်းဘက်သို့ ဦးတည်သည့် ပြုပြင် ပြောင်းလဲမှု များကို ဆွေးနွေး ညှိနှိုင်း ဖော်ဆောင် သင့်ပြီ ဖြစ်ကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်ခြင်းသည် တိုင်းပြည်နှင့် လူထု အကျိုးအတွက် သာမက တပ်မတော်၏ ဂုဏ်သိက္ခာ အတွက်ပါ အကျိုးရှိစေ သဖြင့် အခွင့်အခါ ကောင်းကို မိမိ ရရ ဆုပ်ကိုင် သင့်ကြောင်း ကျွန်ုပ်တို့မှ ထပ်ဆင့် တိုက်တွန်း တောင်းဆို လိုက်သည်။

(၄) ကျွန်ုပ်တို့အနေဖြင့် ရွှေဂုံတိုင် ကြေညာ စာတမ်းအား ကျိုးကြောင်း ဆီလျှော် လက်တွေ့ ကျသော၊ နိုင်ငံရေး ဂုဏ်သိက္ခာ ရှိသော လူထု ရှေ့ဆောင် လမ်းစဉ် အဖြစ် အလေးအနက် ခံယူ သဘောထားကာ ထို ရွှေဂုံတိုင် ကြေညာ စာတမ်း သက်ဝင် လှုပ်ရှား နိုင်ရေး အတွက် ဒီမိုကရေစီ အင်အားစုများ အားလုံးနှင့်အတူ လက်တွဲ၍ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သည်။ ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လည်း ၁၉၉၀ ရွေးကောက် ပွဲတွင် ပြည်သူ လူထု တရပ်လုံးက ဒီမိုကရေစီရေး ဦးဆောင် ပါတီ အဖြစ် ရွေးချယ် တင်မြှောက် လိုက်သည့် မဲဆန္ဒရှင် ပြည်သူများ၏ မျှော်လင့်ချက်နှင့် ယုံကြည် ကိုးစားမှုများ အပေါ် မျက်ကွယ် မပြုဘဲ ရွှေဂုံတိုင် ကြေညာ စာတမ်းအား အခိုင်အမာ ကိုင်စွဲပြီး ပြည်သူနှင့် အတူ လက်တွဲ၊ ပြည်သူ့ရှေ့မှ မားမားမတ်မတ် ရပ်တည် လှုပ်ရှား သွားစေ လိုကြောင်း တိုက်တွန်း ပန်ကြား အပ်ပါသည်။

မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ တပ်ပေါင်းစု အဖွဲ့ကြီး၊
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ၊
ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်