Tuesday, October 13, 2009

ကိုညီညီအောင်အား ရုံးတင်စစ်ဆေးမည်

အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသော အမေရိကန်နိုင်ငံသား ကိုညီညီအောင်အား မနက်ဖြန် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း ကိုညီညီအောင်နှင် ယမန်နေ့က တွေ့ခွင့်ရခဲ့သည့် ကိုညီညီအောင်၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" အန်ကယ်တို့ မနေ့က အင်းစိန်ထောင်မှာ ကိုညီညီအောင်ကို ဆရာဦးကြည်ဝင်းနဲ့ အန်ကယ်တို့ (၂)ဦး တွေ့ခွင့်ရပါတယ်။ အန်ကယ်တို့ တွေ့ခွင့်ရတဲ့ အချိန်မှာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကျန်းကျန်းမာမာ တွေ့ရပါတယ်။ အင်းစိန်ထောင် မရောက်ခင်မှာတော့ နှိပ်စက်ခံရတယ်လို့ ပြောပါတယ်။ အမှုနဲ့ပတ်သတ်တာထက် တွေ့ကြုံခဲ့ရတာတွေပဲ ပြောဖြစ်ပါတယ်။ ထမင်း(၇)ရက် မစားရဘူးလို့တော့ ပြောပါတယ်။ သူ့ကို ရမန်ယူထားတာကတော့ လိမ်လည်မှုပါ။ ဘာကြောင့် သူ့ကိုလိမ်လည်မှုနဲ့ စွဲချက်တင်တယ် ဆိုတာသူကိုယ်တိုင် နားမလည်ဘူးလို့ ပြောပါတယ်။

......လုပ်ထုံးလုပ်နည်းအရ ရမန်ယူထားတဲ့ပုဒ်မအရ မနက်ဖြန်မှာ ရုံးတင်ရပါမယ်။ ရုံးတင်ရင်တင် ၊ရုံးမတင်ရင်လွှတ် (၂)ခုပဲရှိပါတယ်။ အဲ့ဒီအတွက် မနက်ဖြန် ဆရာဥိးကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ အမေရိကန်သံရုံးကတာဝန်ခံ တယောက်ရယ် မနက်(၉)နာရီခွဲမှာ အင်းစိန်ထောင်တရားရုံးကို သွားပါမယ်။ ရုံးတင်ပြီးတော့မှ အမှုအသွားအလာကို သိရပါမယ်ဟု....." ကိုညီညီအောင်၏ အမှုတွင်လိုက်ပါဆောင်ရွက်မည့် အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။

၂၄ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ယခုနောက်ဆုံး လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုတို့ဖြင့် ရမန်ယူထားပါတယ်။ ကာယကံရှင် ကိုညီညီအောင်ကိုယ်တိုင် ထိုလိမ်လည်မှုဖြင့် ရမန်ယူထားခြင်းကို နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေဟာ မကြာခဏ မိမိတို့မပြုလုပ်ရသော စွဲချက်မျိုးစုံဖြင့် တရားစွဲဆို ခံရပြီး နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်ခံရပါတယ်။ ကိုညီညီအောင်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။

သတင်း.......ဒီမိုဝေယံ။..။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်