Friday, October 23, 2009

ခက်တယ်

စာဖတ်သူများအတွက် ကိုကောင်းကင်ကိုရဲ့ ကဗျာတပုဒ်ကို မျှဝေပေးလိုက်ပါသည်။

ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။

ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။

ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။

ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။

ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။

ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။

ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။

ကောင်းကင်ကို

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်