Sunday, October 18, 2009

လူတန်းစားမညီမျှမှုနှင့် ယနေ့ ( န အ ဖ ) တို့ ပြောသော တိုး တက် နေ တဲ့ မြန် မာ ပြည် ။ အ ပိုင်း (၁၉)



စစ်အုပ်စု၏ အသိညာဏ် နည်းပါးသော အာဏာသိမ်း အုပ်ချုပ်မှု၏ခြေဖ၀ါးအောက် ယနေ့ မြန်မာပြည်၏လူတန်းစားကွာဟမှု ကား အလွန်ကြီးထွားလာနေပါပြီ ။ ခေတ်အဆက်ဆက်တွင် အထက်တန်းလွှာလူတန်းစား ၊ လူလတ်တန်းစား နှင့် အခြေခံလူတန်းစား ရယ်လို့  အကြမ်းဖျင်း သတ်မှတ် နိုင်ခဲ့ပေမဲ့ ၊ ယနေ့ ခေတ်မှာတော့ ၊ လူလတ်တန်းစားဟူသည့် ပညာတတ် အပေါ်မီ ၊ အောက်မီ လူတန်းစားမှာ တဖြေးဖြေး နိမ့်ကျလာခဲ့ပြီး ၊ အခြေခံလူတန်းစားကဲ့သို့ ပင် ကျပ်တည်း၍နေခဲ့ပါပြီ ။

ကျန်းမာရေး ၊ ပညာရေး ၊ စီးပွါးရေး ၊ လူမှုရေး ၊ အလုံးစုံသောအရေးတို့ တွင် ၊ ငွေကို ရေလိုသုံးနိုင်မှ အဆင်ပြေသောခေတ်ကြီးတွင် အထက်တန်းစား စီးပွါးရေးသမားများ နှင့် အာဏာရှိသော စစ်အုပ်စု ၊ သူတို့ နှင့် ပုလင်းတူဘူးဆို့  တိုင်းပြည်ကို အတူတစ်ကွ ရောင်းစား နေသော လုပ်ငန်းရှင်ကြီးများသာလျှင် ပြောင်းလည်းလာနေသော ငွေကြေးဖေါင်းပွမှု ၊ ဘက်ပေါင်းစုံမှ နိမ့်ကျလာနေမှုများကို ငွေကြေး ၊အာဏာတို့ ဖြင့် ကျော်လွှားနိုင်သော်လည်း လူလတ်တန်းစား နှင့် အခြေခံလူတန်းစားတို့ မှာမှု ဟိုမမှီ ၊ ဒီ မမှီ ၊ မျောက်သစ်ကိုင်းလွတ် ဖြစ်နေရပြီး ( ကျန်းမာရေး ၊ ပညာရေး ၊ စီးပွါးရေး ၊ လူမှုရေး ) အလုံးစုံ နိမ့်ကျသွားနေပေပြီ။

ပြောင်းလဲတိုးတက်နေသော ယနေ့ ကမ္ဘာကြီး၏ နည်းပညာ ရေစီးကြောင်းကလည်း ၊ မရပ်မနား ၊ အလျင်အမြန် ၊ စီးဆင်းလျက် ရှိနေပေသည် ။ မြန်မာလူမျိုး အချင်းချင်း မြန်မာစကားပြောပြီး ၊ အဓိပ္ပါယ် နားမလည်နိုင်သောအခြေအနေများသည် မညီမျှသော လူတန်းစားအတွင်း တနေ့ တခြား ကြီးထွားလာနေပေပြီ ။

အိုင်တီ ခေါ် ( သတင်းအချက်အလက် နည်းပညာ ) ရေစီးကြောင်းအတွင်း ၊ ကမ္ဘာ ကြီးနှင့် အမှီ လိုက်နိုင်သော လူတန်းစား နှင့် တနေ့ စားစရာ ရရှိ ရန်အတွက် အပြေးအလွှား ရုန်းကန် ရှာဖွေနေကြရသော လူများစုတို့ ၏ဘ၀များကား ( ၃ ) နှင့် ( ၄) လို ကျောချင်း ကပ်ပြီး ဝေးရာသို့ သွားနေကြရပြီ ။

တနေ့ ထက်တနေ့  ဝေးဝေး လာနေသော လူတန်းစားနှစ်ရပ်၏ အသိပညာ အတတ်ပညာ ဖွံ့ ဖြိုးမှု ကွာဟချက်ကလည်း ပြောမ ပြနိုင်အောင်ဖြစ်လာနေချေပြီ ။ အိမ်မှပေးလိုက်သောမုန့် ဘိုး ကို ဂိမ်းဆိုင်တွေမှာသွားပြီး ကွန်ပြူတာဂိမ်းကစားနေသော ကလေးငယ်များ ၊ များစွာရှိနေသော်လည်း ၊ နည်းပညာဖြင့် အသိဥာဏ်ဖြစ်ပေါ်ရသော အဆင့်ကိုမတက်နိုင်ကြချေ။

မြန်မာလူမျိုးလူဦးရေနှင့် ကြည့်မည်ဆိုလျှင် ၊ မိမိတို့ ၏အိမ်တွင် ကိုယ်ပိုင် ကွန်ပြူတာ တစ်လုံး ပိုင်ဆိုင်နိုင်သော လူဦးရေမှာ အလွန်ပင်နည်းပါးပေသည် ။ ကွန်ပြူတာ တစ်လုံးရှိစေဦးတော့ ၊ ကမ္ဘာ့ ရွာကြီးထဲကို ရောက်အောင်သွားနိုင်သော လူဦးရေကထပ်မံ၍ နည်းပါးနေပြန်ပါသည် ။

အင်တာနက် ဆိုင်ဆိုတာကလည်း ၊ မြို့ ကြီးများတွင်လောက်သာရှိနိုင်ပြီး ၊ ထိုဆိုင်များမှလည်း ၊ ကမ္ဘာ့ ရွာကြီးအတွင်းသို့  လွတ်လပ်စွာသွားခွင့်မရှိ ၊ နည်းပညာများကို လွတ်လပ်စွာရှာဖွေခွင့်မရှိ ၊ ဘက်ပေါင်းစုံမှာ ပိတ်ဆို့ တားဆီးထားခြင်းကိုခံနေကြရသဖြင့် ၊ အင်တာနက်ဂိမ်း နှင့် ချက်တင် လောက် ကိုသာ လုပ်တတ်သော လူငယ်တွေကလည်းအများသား ။ ဆိုင်တွေမှာက ဒီလောက်ပဲ လုပ်လို့ ရတာကိုး ။

ကိုယ်ပိုင် အင်တာနက် ချိတ်ဆက်အသုံးပြု နိုင်သော လူတန်းစားကတော့ နည်းပညာတွေ တတ်ကျွမ်းမှုအခြေအနေအလိုက် အတားအဆီးအမျိုးမျိုးကို ကျော်လွားကာ ၊ ကမ္ဘာ့ ရွာအတွင်း ၀င်ရောက်သွားနိုင်ပါသည် ။ ထိုနည်းတူ ကိုယ်ပိုင် လက်ပ်တော့ပ် တစ်လုံး နှင့် လည်း ၀ိုင်ဖိုင် ဆက်သွယ်ထားသော နေရာများ ကော်ဖီဆိုင်များ မှလည်း ကျွမ်းကျင်မှုအလျောက် ကမ္ဘာ့ ရွာအတွင်း ၀င်ရောက် လေ့လာ ဆက်သွယ်နိုင်ကြပါသည် ။ တစ်တိုင်းပြည်လုံးအတိုင်းအတာနှင့် လက်တော့ပ် တစ်လုံး ပိုင်ဆိုင်သူ မည်မျှရှိနိုင်မည်နည်း ။
ခပ်ညံ့ညံ့ လက်တော့ပ် တစ်လုံးကို မြန်မာငွေ (၂)သိန်း ၀န်းကျင်မှ ခပ်ကောင်းကောင်း ဆိုလျှင် တော့ ၊ (၅) သိန်းအ ထက်မှ မီဒီယာ အထိလုပ်နိုင်သော ကွပ်ကိုး အမျိုးအစား သိန်း ( ၃၀ ) နီးပါးအထိ ရှိသော ကွန်ပြူတာ များကို မြန်မာလူမျိုးအများစုမှာ အိပ်မက်ပင် မမက်နိုင်ပါ ။

ကွန်ပြူတာနှင့် အိုင်တီ သတင်းအချက်အလက် နည်းပညာ ကို လိုက်မီသူများနှင့် ၊ မမီသူများမှာ ၊ မြန်မာ စကားကိုပင် ပြောနေကြ သော သူအချင်းချင်း ၊ ဘာတွေပြောနေမှန်းမသိပါဘူး လို့  နားမလည်နိုင်ကြသော အခြေအနေသို့  ယနေ့ ရောက်နေကြရပြီ ။ ဘာသာစကား ကွဲပြားသလိုဖြစ်နေရပြီ ။ လူမှုဆက်သွယ်ရေးတွေ ခက်ခဲ နှောင့်နှေး ကြန့် ကြာနေကြရပြီ ။ တဖက်မှာလည်း နားမ လည်နိုင်မှုများကြောင့် စိတ်ဓါတ်ကျဆင်းသောရောဂါရနေကြရ သူတွေလည်း များလို့ လာနေရပါပြီ ။
လူတန်းစား ကွာဟမှု ကြီးထွားနေခြင်း ၊ ပညာတတ် နှင့် ပညာမသင်နိုင်သူ အကြား အသိပညာ ကွာဟမှုများ ကြီးထွားနေခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်မှုမရှိ သောကြောင့် နိမ့်ကျနေရမှုများ နှင့် ပြည့်နှက်နေသော မြန်မာပြည်ကြီး၏ လက်ရှိအ ခြေအနေသည် မည်သူ့ တွင်တာဝန် အရှိဆုံးနည်း ။

ခေါင်မိုးက မိုးမလုံသောကြောင့် မိုးဒါဏ်ကို ပြည်သူများ ခံစားနေရခြင်းသာ ။
အသိပညာ အတတ်ပညာ ကွာဟလွန်းနေကြသော လူတန်းစားများနှင့် ၊ အဘယ်သို့ သော (စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ) ကို တည်ထောင်မှာနည်း ဟု စဉ်းစားစရာပင် ။
စိတ်ကူးယဉ် အိပ်မက်တို့ ဖြင့် စိုက်ခဲ့သော ကြက်ဆူ စီမံကိန်းကြီး မအောင်မြင်ခဲ့သလို ။
စိတ်ကူးယဉ် ( န.အ.ဖ ) တို့ ၏ ( စည်းကမ်းပြည့်ဝသောဒီမိုကရေစီ ) နိုင်ငံတော်တည်ထောင်ရေးကြီး သည်လည်းလာဘ်စား ။ ခြတက်အကျင့်ပျက် ။ ၀န်ထမ်းများ ။ လူတန်းစား အကြီးအကျယ် ကွာဟမှုများကြောင့် ။ ပျက်သုန်းကွယ်ပျောက်ရဦးမှာပဲ လို့ တွေးရင်း ။
(စိတ်ကူးယဉ်ဆရာကြီးများ ၏ အနာဂါတ်ဒီမိုကရေစီနိုင်ငံကို ဂုဏ်ပြုလိုက်ပါတယ် )

မေတ္တာဖြင့် -------

( အ.ဘ.ယ )

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်