Thursday, October 29, 2009

ဒေါ်အောင်ဆန်းစုကြည်၏ အမှု လျှောက်လဲချက် အတွက် ရှေ့နေနှစ်ဦးနှင့်သာ တွေ့ဆုံခွင်ရ

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဥာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့သည် ယနေ့နေ့လည် ၂နာရီမှ ၃နာရီခွဲခန့်အထိ တွေ့ဆုံ ခွင့်ရခဲ့ပြီး ဗဟို တရားရုံးချုပ်သို့ တင်မည့် သူမ၏ အယူခံလွှာအတွက် ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်း သိရပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာသို့ ဒေါ်အောင်ဆန်းစုကြည်၏ အခြားရှေ့နေ နှစ်ဦးဖြစ်သော ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ ခွင့်ပြုချက် မရခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေနှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောပြပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ထိုဖြစ်ရပ်နှင့် ပါတ်သက်ပြီး သူမအနေနှင့် သူမ၏ အမှုအတွက် ရှေ့နေ လေးဦးကို ငှားရမ်းထားခြင်း ဖြစ်ရာ အမှုအတွက် တိုင်ပင်ရာတွင် ရှေ့နေ ၄ဦးလုံးနှင့် တွေ့ဆုံခွင့် ရှိရမည် ဖြစ်သလို သူမရှေ့နေအားလုံး၏ အကြံပေးချက်များကို နား ထောင်လိုသည်ဟု ပြောဆိုခဲ့ပြီး ထိုအတွက်တာဝန်ရှိသူများထံ တောင်းဆိုစာတစောင် ရေးသားရန်ကိုပါ ညွှန်ကြားခဲ့သည်ဟုသိရပါသည်။

ထို့အတူ သူမ၏ နေအိမ်ကို ပြုပြင်ရန်အတွက် ဗိသုကာ ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးခွင့်ကိုပါ ထည့်သွင်း တောင်းဆို ပေးရန်ကိုညွှန်ကြား ခဲ့သည်ဟု ဦးဥာဏ်ဝင်းမှ ပြောပါသည်။
ဗဟိုတရားရုံးချုပ်သို့ အယူခံသည် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် နောက်ဆုံးအခွင့်အရေးလည်း ဖြစ်ပါသည်။ သူမျက်မြင် တွေ့ရှိရသလောက် ဒေါ်အောင်ဆန်းစုကြည်၏ ကျမ်းမာရေး အခြေအနေမှာ ကောင်းမွန်နေပုံ ရသည်ဟု ဦးဥာဏ်ဝင်းက ပြောပြသွားပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) http://saffrontoward.blogspot.com/2009/10/blog-post_29.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်