Saturday, October 31, 2009

ရွေးကောက်ပွဲတောင် မ၀င်ရသေး..ငွေအလွဲသုံးစားမှုနဲ့ ကွဲပြဲနေကြပြီ..

ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ၈၈ - မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)

နှုတ်ထွက် - ဗဟိုအလုပ်အမှုဆောင်များ ဗဟိုဦးစီးအဖွဲ့ဝင်များမှ

(အထူးထုတ်ပြန် ကြေညာချက်)

၂၀၀၅ - ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ကို စတင် ဖွဲ့စည်း ခဲ့ပါသည်။ ၅ - ၁၂ - ၂၀၀၆ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်ရှိ ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (YMBA) ခန်းမတွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် စာနယ်ဇင်းများမှ ပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှု ပြုလုပ်မည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး ‘စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှု ကြေညာချက်’ ကိုလည်း ထုတ်ပြန် ကြေငြာခဲ့ပါသည်။

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ကျောက်ကုန်း ကျောင်းကြီး ပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီး ကျောင်းတွင် အခြား အမျိုးသား နိုင်ငံရေး အင်အားစုများနှင့် ပူးပေါင်း လက်တွဲ၍ အမျိုးသား နိုင်ငံရေး အင်အားစု များ၏ ပထမအကြိမ် တွေ့ဆုံ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နှစ် (၆၀) ပြည့် ပြည်ထောင်စုနေ့ အကြို ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အင်အားစုများ ပူးတွဲ လုပ်ငန်း ကော်မတီကို ဖွဲ့စည်း၍ ‘ပူးတွဲကြေငြာချက်’ တစ်စောင်ကို ထုတ်ပြန် ကြေငြာခဲ့ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း များတွင် အမျိုးသားရေး တွေ့ဆုံ ရှင်းလင်းပွဲများ ကျင်းပ ပြုလုပ် နိုင်ခဲ့ပါသည်။

၂၀၀၇ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့ မန္တလေးမြို့ သကျသီဟ ဘုရားကြီး ဝင်းအတွင်းရှိ ဝေဇယန္တာ မဟာဗန္ဓုလ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်သည့် အမျိုးသားရေး တွေ့ဆုံ ရှင်းလင်းပွဲမှ စ၍ ‘ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး’ အတွက် အမျိုးသား လှုပ်ရှားမှု တစ်ရပ် တိုးချဲ့ ပြုလုပ်မည် ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။ ထိုသို့ အမျိုးသား နိုင်ငံရေး အင်အားစုများ ပူးပေါင်း ဆောင်ရွက်နေစဉ် ဥက္ကဌအဖြစ် ဆောင်ရွက်သော ဦးအေးလွင်တို့ ညီအစ်ကိုများနှင့် ပူးပေါင်းဆောင်ရွက် နေသော အမျိုးသားရေး အင်အားစု (၈) ခုမှ ခေါင်းဆောင်များ ဖြစ်ကြသည့် နှုတ်ထွက် NLD အဖွဲ့ဝင်များ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် များနှင့် နိုင်ငံရေးသမားဟောင်း များမှ ဘယ်လိုမှ ညှိနှိုင်း ဆွေးနွေးလို့ မရပါသဖြင့် နှုတ်ထွက် သွားကြပါသည်။ ထိုမှတဖန် ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး’ အတွက် လှုပ်ရှား ဆောင်ရွက်ရာတွင် ကိုညိုမင်းလွင်၊ ကိုအောင်မျိုးဦး (ရန်ကုန်) တို့ အပြင် ဦးငြိမ်းမောင် (ခ) မောင်စေတနာ (ပခုက္ကူ)၊ ဦးလှမြင့် (မန္တလေး)၊ ဦးအောင်သန်းတင့် (မကွေး)၊ ဦးအေးကြိုင် (ရခိုင်) ပြည်နယ် တာဝန်ခံနှင့် ရခိုင်ပြည်နယ် စည်းရုံးရေး အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များနှင့် အဖွဲ့အတွင်း ဘဏ္ဍာရေး ပြဿနာများနှင့် ပတ်သက်၍၄င်း စာရင်းစစ်မရှိ စာရင်းကိုင်မရှိ လုပ်ပိုင်ခွင့်များကို ချုပ်ကိုင်ခြင်း စသည့် ပြဿနာ များကြောင့် အဖွဲ့မှ ထွက်ခွာသွားရ ပြန်ပါသည်။

ထို့နည်းတူစွာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး အမျိုးသားရေး လှုပ်ရှားမှု တို့တွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ကိုသိန်းတင်အောင်၊ ဒေါက်တာ နန်းညိုညိုဝင်း၊ ကိုတင်မောင်အေး၊ နေမျိုးဝေ၊ ဗဟိုဦးစီး အဖွဲ့ဝင် ကိုမောင်မောင်စိုး စသည့် ပုဂ္ဂိုလ်များ မှာလည်း သဘောထားချင်း မတိုက်ဆိုင် ပါသဖြင့် နှုတ်ထွက်သွားကြ ပြန်ပါသည်။

နောက်ဆုံးတွင် အဖွဲ့ကြီး၏ နောက်ဆုံး လက်ကျန်များ ဖြစ်ကြသည့် မကွေးတိုင်း တာဝန်ခံ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမျိုးသန့် မွန်ပြည်နယ် တာဝန်ခံ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသောင်းညွန့်စိုးနှင့် ဦးသိန်းညွန့်စိုး ဦးဆောင်သော ပြည်နယ် စည်းရုံးရေး အဖွဲ့ဝင်များ ရန်ကုန်ရှိ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်လှိုင်လှိုင်မြင့် နှင့် ဗဟိုဌာနချုပ် အတွင်းရေးမှူး ဗဟိုဦးစီး အဖွဲ့ဝင် ဦးစိုးနိုင်တို့ပါ မကျန် အဖွဲ့ဝင်မှ နှုတ်ထွက် ကြပြန်သည်။

ထိုသို့ အဖွဲ့မှာ အသီးသီး နှုတ်ထွက်ကြသော အမျိုးသား နိုင်ငံရေး အင်အားစုကြီးမှ ပုဂ္ဂိုလ်များသည် လည်းကောင်း၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် လည်းကောင်း၊ နိုင်ငံရေး သမားဟောင်း အားလုံးတို့သည် နိုင်ငံတော်တွင် ပကတိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများ အရ -

(၁) အမေရိကန် ပြည်ထောင်စု အပါအ၀င် EU နိုင်ငံများမှ ပိတ်ဆို့ထားသော စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်ခဲ့ကြပြီး ၎င်း ပိတ်ဆို့မှု သည် အကျိုးမရှိကြောင်း ထုတ်ဖော်ခဲ့ကြသည်။

(၂) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေးသည် နိုင်ငံရေးအရ မရှိမဖြစ် လိုအပ်သည်ဟု ယုံကြည်ခဲ့ကြသည်။

(၃) ၂၀၁၀ တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေး၏ ထွက်ပေါက်တစ်ခုဟု လက်ခံယုံကြည် ကြပါသည်။

(၄) အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်မှ ဦးဆောင် ပါဝင်မှုတွင် ဒီမိုကရေစီ လိုလားသော နိုင်ငံ အတွင်းရှိ ပြည်သူများ အတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုတို့ကို ပေးနိုင်လိမ့်မည်ဟု နားလည် သဘောပေါက် ကြပါသည်။

(၅) နိုင်ငံတော်နှင့် နိုင်ငံတော် အကြီးအကဲများပိုင်းကလည်း နိုင်ငံတော်အတွင်း “အပြု” နိုင်ငံရေး သမားများအပေါ် ကူညီ ပံ့ပိုးမှုများ ပေးလျက် ရှိသည်ကို နားလည်သဘောပေါက် လက်ခံပါသည်။

ထိုသို့ နားလည် သဘောပေါက် ကြသော်လည်း အဖွဲ့အစည်း တစ်ခုတွင် အဓိက ဦးဆောင်သည့် အရေးပါသည့် နေရာ (၃)ခု ဗဟို အလုပ် အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး ညီအစ်ကို အရင်းများဖြင့် ဖွဲ့စည်းထားပြီး ဗဟို ဦးစီး၊ ဗဟို အလုပ်အမှုဆောင် နေရာများတွင် အတွေ့အကြုံ မရှိသော ညီအစ်ကို ဝမ်းကွဲများ ထည့်သွင်းကာ ၎င်းတို့၏ ဆုံးဖြတ် ချက်ဖြင့်သာ ဗဟိုဦးစီးနှင့် ဗဟို အလုပ် အမှုဆောင်များက လိုက်လုပ်နေရခြင်းအပြင် -

(၁) ကုန်သည်ကြီးများ အဖွဲ့မှ လှူဒါန်းသော ငွေကျပ် (၉၃)သိန်းကို စာရင်း မပြနိုင်ခြင်း

(၂) ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးထံမှ ဖားကန့်တွင် လုပ်ကွက် ရရှိအောင် ဆောင်ရွက်ပေးမည်ဆို၍ ငွေကျပ်သိန်း (၂၀) လက်ခံ ရယူ ခဲ့ခြင်းကို ဗဟို အလုပ် အမှုဆောင် အဖွဲ့သို့ အသိမပေးခြင်း

(၃) ကိုဇော်ပိုင် ဆိုသူကား လုပ်ငန်းရှင် တစ်ဦးထံမှ ကားလုပ်ငန်း၊ ကားထုတ်လုပ်ခွင့်၊ တင်သွင်းခွင့် ရရှိအောင် ဆောင်ရွက် ပေးမည်ဟု ပြော၍ ကျပ်ငွေ သိန်း ငါးဆယ်ကို လက်ခံရယူပြီး အဖွဲ့သို့ လှူဒါန်းငွေ ဟုဆိုကာ ဂုဏ်ပြုလွှာ ပေးအပ်ခြင်း၊ ၎င်းကိစ္စကို ဗဟို အလုပ်အ မှုဆောင် အဖွဲ့မှ မသိရှိခြင်း

(၄) မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်းမှ အပတ်စဉ် ထုတ်ယူ ရရှိသော စားအုန်းဆီ (၃) ပေပါအတွက် လချုပ်အမြတ် ၃/၄ သိန်း ခန့်ကို အဖွဲ့သို့ မတင်ပြဘဲ မိသားစုပိုင် ငွေကြေး အနေဖြင့် သုံးစွဲနေခြင်း

(၅) ပခုက္ကူ ဆေးပွဲစား တစ်ဦးထံမှ ရရှိငွေကျပ် (၁၂)သိန်းကို ဗဟိုအလုပ်အမှုဆောင်သို့ အသိမပေးဘဲ စာရင်းဖျောက် ရယူခြင်း

(၆) မန္တလေးတိုင်း စီးပွားရေး လုပ်ငန်းရှင် ဦးမိုးထံမှ တံငါဆီပုံးများ (ပါ) စားအုန်းဆီများ ယိုးဒယား နယ်စပ်မှာ တင်သွင်း ပေးမည်ဟု ဆိုကာ ကြိုတင် ငွေကျပ် (၁၀)သိန်း ရယူခြင်း

(၇) ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင် ကိုအောင်စီထံမှ မန္တလေးမြို့တွင် မြေကွက်ကိစ္စ ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ဆိုကာ ငွေကျပ် (၁၀)သိန်း ရယူခြင်း

(၈) တယ်လီဖုန်း ရရှိသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များထံမှ ရံပုံငွေကျပ် (၁)သိန်းငါးသောင်း ကောက်ယူပြီး စာချုပ်ကို အတင်း အကြပ် တောင်းယူခြင်း

(၉) ဗဟိုအလုပ်အမှုဆောင် ဗဟိုဦးစီးတိုင်း စည်းရုံးရေးမှူး စသည်တို့ထံမှ လစဉ်ကြေး (၃၀၀၀) ကျပ် ခရိုင်မြို့နယ် (၂၀၀၀)ကျပ် ရပ်ကွက် စည်းရုံးရေးမှူး (၁၀၀၀) ကျပ်နှင့် သာမန် အဖွဲ့ဝင် (၅၀၀)ကျပ် လစဉ်ကြေးများကို စားရင်း မပြခြင်းနှင့် အဖွဲ့ဝင် ကတ် များကို (၁၅၀၀) ကျပ်နှုန်း ကောက်ခံခြင်း

အဆိုးဆုံးမှာ အဖွဲ့ပိုင် ကားဖြစ်ကြောင်း စာရွက်စာတမ်း များနှင့် ယိုးဒယား နယ်စပ်မှ ကား(၅)စီးနှင့် ဆိုင်ကယ် သုံးစီးကို သယ်ဆောင် လာပြီး တစ်ဖက်လှည့်ဖြင့် အဖွဲ့ ဌာနချုပ်တွင် သုံးဖို့ဆိုကာ မွန်ပြည်နယ် ပြည်နယ် စည်းရုံးရေး အဖွဲ့ကို တစ်ပက်ရိုက်၍ တစ်ဖက်မှ ငွေးကြေး ရယူကာ ဌာနချုပ် အမှုဆောင်များကို လိမ်လည် လှည့်ဖြားခြင်းနှင့် ၎င်းတို့ ယိုးဒယား နယ်စပ်မှ တင်သွင်းလာသော ကားတစ်စီးဖြင့် အထွေထွေ အတွင်ရေးမှူး ဦးသန်းဦး မ/ဥက္ကလာပ မြို့နယ် အတွင်းရှိ လူတစ်ဦးကို တိုက်မိရာတွင် ဗဟိုဌာနချုပ် အမှုဆောင်များ အစည်းအဝေး ကျင်းပနေချိန် ဖြစ်ပါလျှက် CECကို မတင်ပြဘဲ ဖုံးဖိ၍ ထားခြင်း

အဖွဲ့၏စည်းရုံးရေးပေါ်လစီတွင် တရားဥပဒေဖြင့် ဆန့်ကျင်သောလူပုဂ္ဂိုလ်များ မပါဝင်ကြရန် သတ်မှတ် ထားသော်လည်း အဖွဲ့ဝင်ကြေး လစဉ်ကြေးရလျှင်ပြီးရောဟု သတ်မှတ်၍ ဒေသခံအဖွဲ့အစည်းများနှင့် ပြေလည်းသည် ဟုဆိုကာ ချဲထီလောင်းကစား ဒိုင်အကြီးစားများ နှင့် ဘောလုံးပွဲ လောင်းကစား ဒိုင်အကြီးစားများကို တိုင်းအဆင့် စည်းရုံးရေးအဖွဲ့တွင် ထည့်သွင်း၍ အဖွဲ့၏အကာအကွယ်ကို အသုံးချ နေခြင်း စသည့်လွဲမှားသော နှလုံးသွင်းခြင်းဖြင့် အဖွဲ့၏ ရေရှည်တည်တံ့ရေးတို့တွင် မကြည့်ရှု့ပါဘဲ မိသားစုစီးပွားရေး ပုံသဏ္ဍန်ဖြင့် ပြုလုပ် နေခြင်းသည် မှားယွင်းသော လုပ်ဆောင်ချက်များ ဖြစ်နေပါသဖြင့် မည်သည့်ဗဟိုအလုပ် အမှုဆောင် ဗဟိုဦးစီးအဖွဲ့ဝင်များမှ လက်ခံ နိုင်သည့် အကြောင်းတရားများ မဟုတ်ကြောင်းနှင့် ၎င်းတို့ ပြုမူ လုပ်ဆောင်ချက်များ အချို့ကိုသာ ထုတ်ဖော်ခဲ့ပြီး မပြောသင့် မပြောထိုက်သည့် အချက်ပေါင်း မြောက်မြားစွာ တို့ ကျန်ရှိ နေပါသေးသည်။

အဖွဲ့၏ အမျိုးသားရေး လှုပ်ရှားမှုများ စာရွက်စာတမ်းများ ဝေငှမှုများနှင့် တိုင်းရုံး ပြည်နယ်ရုံး ခရိုင်ရုံး စရိတ်များကို ဦးစီး ဦးဆောင် လုပ်သူများ၏ မိသားစု ချွေးနည်းစာ ထမင်းလုပ်မှ မျှဝေ ကျခံခဲ့သော်လည်း ၎င်းတို့မှ နားလည်မှု မရှိဘဲ လစဉ်ကြေး များကို အတင်းအ ကျပ် တောင်းဆိုမှုများ ပြုလုပ်၍ နေကြသော်လည်း ဘက်ပေါင်းစုံ ဌာန ပေါင်းစုံမှ ထောက်ပံ့မှု များကိုတော့ ဗဟို အလုပ်အမှုဆောင်နှင့် ဗဟို ဦးစီးတို့ မသိရ လေအောင် ဖုံးဖိထားခြင်း

အမျိုးသားရေး လှုပ်ရှားမှုတွင် ခေါင်းဆောင် ပါဝင်ခဲ့ကြသော လူပုဂ္ဂိုလ် အားလုံး စီးပွားရေး အကျပ်အတည်းများ ရင်ဆိုင် နေရချိန်တွင် ၎င်းတို့ ကိုယ်တိုင်ကတော့ အပြုံးမပျက် ငွေရ ပေါက်ရလမ်းကို ရှာဖွေနေတုန်း ဟန်ဆောင်၍ ကောင်းတုန်းပင် ဖြစ်သည်။

အထက်ဖေါ်ပြပါ အချက်အလက် များကြောင့် အဖွဲ့မှ နှုတ်ထွက်ရခြင်းသာ ဖြစ်ကြောင်း ရှင်းလင်း တင်ပြ လိုက်ရပေသည်။ အမျိုးသား စည်းလုံး ညီညွတ်မှု ရှိရေးနှင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး တိုးတက်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တို့တွင် ကျွန်ုပ်တို့သည် မလျှော့သော ဇွဲလုံ့လဖြင့် ဆက်လက်၍ ဆန္ဒတူ အလုပ်တူသူများ ပူးပေါင်း၍ ဆက်လက် လျှောက်လှမ်းပြ မည်ဟု အသိပေး ရှင်းလင်း တင်ပြပါသည်။

အဖွဲ့ဝင်များ ကျန်းမာ ချမ်းသာကြပါစေလို့ ပြောရုံမှလွဲ၍ ယခုအချိန်တွင် ကျွန်ုပ်တို့ ဘာမျှ မပေးနိုင်ပါ ယုံကြည်မှု တစ်ခုသာ ပေးနိုင် ပါသည်။

နှုတ်ထွက်အမျိုးသားရေးဦးစီးကော်မတီဝင်များ

၁၃၇၁- ခု၊ သီတင်းကျွတ်လပြည့်ကျော်(၁၀)ရက်
၂၀၀၉-ခု၊အောက်တိုဘာလ(၁၃)ရက်
မော်လမြိုင်မြို့

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်