Wednesday, October 21, 2009

ခေါင်းမဲ့သူများ ဦးဆောင်တဲ့ တပ်မတော်လေ၏ မောင်းသူမဲ့လေယာဉ်စီမံကိန်းကြီး

21/10/2009

ဒီတစ်ခါတော့ လေတပ်ရဲ့ မဟာစီမံကိန်းကြီးဖြစ်တဲ့ UAV RESEARCH SQUADRON ခေါ် မောင်းသူမဲ့ လေယာဉ် စီမံကိန်းရဲ့ တလွဲချော်မှု များကို ပြောပြပါမယ်။ လေယာဉ် ထုတ်လုပ်ပြင်ဆင်ရေး ဌာနချုပ်လို့ နာမည် တပ်ထားပေမယ့် လေယာဉ် အဟောင်းကို Overhaul လုပ်ဖို့တောင် လုပ်ငန်းပေါင်းစုံ အတွက် အဆင်သင့် မဖြစ်သေးတဲ့ မြန်မာ့ လေတပ်ဖွဲ့ အတွက် အသက်ရူပေါက် အဖြစ် UAV စီမံကိန်း စခဲ့ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး Remote Control လေယာဉ်ငယ်များအပေါ် ရူးသွပ်သူ လေသူရဲ ဒုဗိုလ်မှူးကြီး တစ်ဦး ခေါင်းဆောင်ကာ လေသူရဲနဲ့ အင်ဂျင်နီယာ အရာရှိ စုစုပေါင်း (၃၀) နီးပါး စုဖွဲ့ခဲ့ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ သားမက် ဗိုလ်မှူးချုပ် သိန်းနိုင်ရဲ့ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှာ UAV RESEARCH SQUADRON ဆိုပြီး နာမည် ပေးလိုက်ပါတယ်။

အကျိုးမျှော်ကိုးသူ အရပ်သားလုပ်ငန်းရှင် အချို့က Sponser ပေးကာ လုပ်ငန်း စခဲ့ ပါတယ်။ UAV နဲ့ Remote Control နည်းပညာ ကွာခြားတာကို မသိကျိုးကျွံလုပ်ကာ ကိုယ်ပိုင် UAV ဆောက်ရေး ဆိုတဲ့ မဟာအိပ်မက်ကြီး မက်ခဲ့ကြပါတယ်။ တရုတ် ကုမ္ပဏီ တချို့ထံကလည်း UAV ရောင်းချရေး ကမ်းလှမ်းလာတာကို လက်ခံလို့ Mainframe နဲ့ Engine ကို ကိုယ်တိုင် တည်ဆောက်ရုံသာမက Control Programme ကိုပါ ကိုယ်တိုင် ရေးမယ်ဆိုပြီး ခြေလှမ်း ပြင်ကြပါတယ်။

တကယ်တော့ UAV မှာ Auto pilot, GPS, Communition Accessories တွေရဲ့ နည်းပညာနဲ့ ဒီအရာတွေကို ထိန်းချုပ်မယ့် Control Programme ဆိုတာ ဒီလောက် လွယ်ပါ့မလား၊ ပြီးတော့ရော မြန်မာ့လေတပ်မှာ Software Engineer ရောရှိလို့လား ဆိုတာကို မစဉ်းစားခဲ့ ကြပါဘူး။ လေတပ်ရဲ့ အင်ဂျင်နီယာ အရာရှိများဟာ တူတွေ၊ လွှတွေ ဆွဲ လို့ UAV Airframe ကို တည်ဆောက်ပြီး ချိန်မှာတော့ Control Programme ကိစ္စ ခေါင်းခဲရပါပြီ။ UAV ရောင်းချရေး ကမ်းလှမ်းလာတဲ့ တရုတ် ကုမ္ပဏီတွေ ကလည်း သူတို့ နည်းပညာကို User အနေနဲ့ပဲ ရောင်းမှာပါ။ Programme ရဲ့ Application ဖိုင်ပဲ ပေးမှာ ပေါ့။ ရေးနည်း ဘယ်ပေးပါ့မလဲ၊ ဒီတော့မှ လေတပ်ထဲမှာ Programmer ရှာပုံတော် ဖွင့် ပါတော့တယ်။

ကွန်ပျူတာနဲ့ နီးစပ်တဲ့ စာရင်းကောက်ပြီး ကံဆိုးသူ မောင်ရှင် ရှာပါတော့တယ်။ ဒီမှာတင် မအူမလည်နဲ့ လေသူရဲပြုတ် လက်နက် အရာရှိ ခွက်ပျောက်စစ်ဗိုလ် စာရင်းဝင် ကွန်ပျူတာရူး ဗိုလ်ကြီး တစ်ဦးခေါင်းဆောင်တဲ့ အင်ဂျင်နီယာ အရာရှိငယ် (၅)ဦးဟာ စစ်သည်(၅)သိန်း သဖွယ် အရပ်ဘက်မှာ Programming သင်ခိုင်းခြင်းကို ခံရပါတော့တယ်။ ဒီပညာရှင်များသည် Control Programme ပဲ ရေးတတ် လာမလား၊ သူတို့ တက်နေသော Computer Center မှ ဆရာမ လေးများကပဲ တိုင်စာ ရေးမလားဟု ဆရာကောင်းရှိသူ လေတပ်မှ Computer PhD, Master ရထားသူများက ဝေးဝေးကသာ စောင့်ကြည့် အားပေး နေကြပါတယ်။

အကျိုးဆက်ကတော့ ယခုထိတိုင် တရုတ်မှ ကူညီသော UAV ရော မြန်မာ တပ်မတော်(လေ)၏ UAV ရော ရုပ်လုံးပေါ်ရန် ခက်ခဲနေဆဲ ဖြစ်နေပါတယ်။ မောင်းသူမဲ့ လေယာဉ် ဖြစ်သည်နှင့် အညီ မောင်းသူများကတော့ မဲ့နေရှာပါတယ်။ ဆီစားနှုန်းကလည်း ဆိုင်ကယ် တစ်စီးစာပင် မရှိတော့ မောင်းသူ မဲ့လောက်ပါတယ်။ UAV Research Squadron သည်လည်း နေရာ အတည်တကျ မရှိပဲ လွင့်နေရာ ယခုအခါ လေကြောင်း အတတ်သင် လေတပ် စခန်း (ရှမ်းတဲ) နှင့် ဒလခ ကြား ကူးချည် သန်းချည် ဖြစ်နေရှာ ပါတော့တယ်။

စဉ်းစားစရာမှာ ဘာအတွက် လေတပ်သည် UAV တီထွင် စမ်းသပ်နေပါသနည်း။ မြန်မာနိုင်ငံ အနေ အထားနှင့် လိုအပ်ပါသလော၊ ပုဂ္ဂိုလ်ရေး ထင်ပေါ်မှု အတွက် လေတပ်တွင်း အားပြိုင်မှုတစ်ခုရော ဖြစ်နိုင်ပါသလား…စသည်ဖြင့် လေတပ် အတွင်းမှာပင် မှန်းဆရခက် နေကြရတဲ့ အကြောင်း ဗဟုသုတ အဖြစ် တင်ပြလိုက်ရ ပါတယ်။ ကြည်း၊ ရေ ၊ လေ တပ်မတော် အတွင်းက ညီတော် နောင်တော်တွေ အားလုံး အမှန်တကယ် အကျိုးရှိရှိ လုပ်ရပ်၊ ဂုဏ်သိက္ခာရှိရှိ ဆုံးဖြတ်၊ တိုင်းပြည် ဘဏ္ဍာငွေတွေ အလွဲသုံးစား လုပ်ခြင်းက အဆုံးသတ်၊ အတ္တနဲ့ အာဏာကို ကိုယ်ကျင့်တရားနဲ့ မလဲအပ်၊ တိုင်းပြည်အတွက် ခေါင်းဆောင် ကောင်းတွေသာ ဖြစ်ထိုက် ကြပါစေ ခင်ဗျား။

aung sein .
http://wanna23.blogspot.com/2009/10/blog-post_8083.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်