Thursday, October 8, 2009

ဂျပန်နိုင်ငံက မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေတဲ့ ဂျေအေစီ

ဂျေအေစီဟာ ကော်မတီ ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် အင်္ဂလိပ်စကား Joint Action Committee (JAC) ပါ။ မြန်မာလိုဆိုရင် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ဖြစ်ပါတယ်။ အဖွဲ့တွေက စုပေါင်းတိုင်ပင် ဆွေးနွေးကြတဲ့ ကော်မတီတခုပါ။

ကော်မတီ ဖြစ်နေလို့လည်း အသင်းအဖွဲ့လို့ ယူဆရင် မမှန်ပါဘူး။ အသင်းအဖွဲ့တွေကို စုစည်းပြီး လုပ်ငန်းစဉ်တရပ်ကို စုပေါင်းလုပ်ဆောင်ကြတဲ့ တပ်ဦး-မဟာမိတ်လည်း မဟုတ်ပါဘူး။

ပိုမိုအားကောင်းးပြီး ထိရောက်မယ့် လုပ်ငန်းစဉ်တရပ် ဖြစ်ပေါ်လာစေချင်ရင် တဦး-တဖွဲ့တည်း လုပ်ဆောင်တာထက် အများနဲ့ ဝိုင်းဝန်းပူးပေါင်းပြီး လုပ်ဆောင်ကြပါတယ်။ ဒီအခါမှာ ရည်မှန်းချက် တူညီကြတဲ့ အသင်းအဖွဲ့တွေ စုဝေးမိကြပါတယ်။ တိုင်ပင်ညှိနှိုင်းကြပါတယ်။ ပြီးတော့ အသင်းအဖွဲ့တွေ အားလုံးက တာဝန်ခံတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပါတယ်။ ဂျေအေစီဟာ ဒီသဘောနဲ့ ဖွဲ့စည်းထားတာဘဲ ဖြစ်ပါတယ်။

ကော်မတီ ဖြစ်တဲ့အတိုင်း အဓိကအားဖြင့် အစည်းအဝေးတွေ ကျင်းပပါတယ်။ အစည်းအဝေး တက်ရောက်ပြီး ဆွေးနွေးတိုင်ပင် ဆုံးဖြတ်မယ့်သူတွေကို ရွေးချယ်ထားရပါတယ်။ နောက်ထပ် အဓိက ကျတဲ့အချက်ကတော့ ဆွေးနွေးမယ့် အကြောင်းအရာ (Agenda) တွေကို ကြိုတင် သတ်မှတ်ထားရ တာပါဘဲ။ Agenda တွေဟာ ကော်မတီအနေနဲ့ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ဖို့ လိုအပ်နေတဲ့ကိစ္စတွေဘဲ ဖြစ်ရပါတယ်။

အစည်းအဝေး တက်ရောက်သူတွေမှာ အဓိကအကျဆုံးသူက သဘာပတိ ဖြစ်ပါတယ်။ အစည်းအဝေး တက်လာသူ ကော်မတီဝင်အားလုံးကို သိနေရပြီး ဆွေးနွေးပွဲကို အဆင်ပြေအောင် ထိန်းညှိပေးရ ပါတယ်။ အစည်းအဝေး ဖြစ်မြောက်အောင် စီစဉ်ပေးရသူတွေလည်း ထားရှိရပါတယ်။ အစည်းအဝေး ကျင်းပမယ့် အချိန်၊ နေရက်နဲ့ နေရာကို ကြိုတင်အကြောင်းကြားထားရပါတယ်။ အစည်းအဝေး တခုလုံးနဲ့ ပတ်သက်ပြီးတော့လည်း မှတ်တမ်းတင်ရပါတယ်။

အစည်းအဝေးကို တက်ရောက်လာကြတဲ့ ကော်မတီဝင်တွေဟာ လုပ်ဖို့လိုအပ်နေတဲ့ ကိစ္စတွေ အပေါ်မှာ ဘယ်လိုလုပ်မလဲ၊ ဘယ်သူတွေလုပ်မလဲ၊ ဘယ်အချိန် လုပ်မလဲ အစရှိသဖြင့် ညှိနှိုင်း တိုင်ပင်တဲ့ အစီအစဉ်တွေအပေါ်မှာ ဆုံးဖြတ်ပေးရပါတယ်။

ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တာကတော့ ရွေးချယ်ခံထားရတဲ့ ကော်မတီဝင်တွေက ဖြစ်ပါတယ်။ ဒါကြောင့် ကော်မတီဟာ ဆုံးဖြတ်ချက်တွေအတွက် တာဝန်ရှိပြီး ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်တာတွေအတွက် သက်ဆိုင်သူ ကော်မတီဝင်တွေမှာသာ တာဝန်ရှိပါတယ်။

ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှာ ဒီမိုကရေစီ ရရှိရေး ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ လှုပ်ရှား နေကြတဲ့ အဖွဲ့အတော်များများ ရှိပါတယ်။ အချို့အဖွဲ့တွေဆိုရင် အဖွဲ့ဝင် ရာဂဏန်းတောင် ရှိကြ ပါတယ်။ နိုင်ငံရေး ရည်မှန်းချက် တူညီပြီး လှုပ်ရှားပုံ အကြမ်းအားဖြင့် တူညီတဲ့ အဖွဲ့တွေဟာ ပူးပေါင်း လုပ်ဆောင်ဖို့ လိုအပ်လာတဲ့အခါမှာ ဂျေအေစီမှာ ကော်မတီဝင်အဖြစ်နဲ့ ပါဝင်ကြပါတယ်။ အဖွဲ့တွေ ကနေ ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး အစည်းအဝေးကို စေလွှတ်ပါတယ်။ ကော်မတီဝင် အချင်းချင်း ညှိနှိုင်းတိုင်ပင် ဆွေးနွေး ဆုံးဖြတ်ပြီးမှ လုပ်ငန်းစဉ်ကို သတ်မှတ်ပေးလိုက်ပါတယ်။ အဲဒီနောက် အဖွဲ့တွေက မိမိတာဝန်ယူထားတဲ့အတိုင်း ပူးပေါင်းလှုပ်ရှားကြတာပါ။

ဥပမာတခုအနေနဲ့ဆိုရရင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသူတချို့နဲ့ ဖွဲ့စည်းထားတဲ့ ဂျေအေစီက ပြီးခဲ့တဲ့ ၂၇-၉-၂ဝဝ၉ နေ့မှာ ရွှေဝါရောင် လှုပ်ရှားမှု ဒုတိယ နှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့ကို ကော်မတီဝင်တွေနဲ့ အနည်းဆုံး (၂) ကြိမ် တရားဝင် ဆွေးနွေးခဲ့ပါတယ်။ အစည်းအဝေး တွေမှာ အသေးစိတ် အစီအစဉ်တွေကို ဆုံးဖြတ်ပါတယ်။ အစီအစဉ် အကောင်အထည်ဖော်တာတွေကို ကော်မတီဝင် အဖွဲ့တွေက တာဝန်ယူရပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းမှာရှိကြတဲ့ နိုင်ငံရေး အသင်းအဖွဲ့တွေနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင်စေဖို့ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းသူတွေက ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကူညီပံ့ပိုးပေးနိုင်ရပါမယ်။

နိုင်ငံရေးမှာ တဦးတယောက်ကောင်း၊ တဖွဲ့ကောင်း လုပ်နေကြတာမျိုး မဟုတ်ပဲ အများသူငါ စုပေါင်း လုပ်ဆောင်ကြရင် ပိုပြီး အောင်မြင်နိုင်မှာဖြစ်တယ် ဆိုတဲ့အချက်ကို ဂျေအေစီက အလေးအနက် ယုံကြည်ထားပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း အမြဲတမ်း တလေးတစားနဲ့ အားထားယုံကြည်လျက် ရှိပါတယ်။

ဒီမိုကရေစီအရေး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်ဖို့အတွက် ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာ့လူနေမှု အသိုင်းအဝိုင်းထဲက ဘယ်လိုအသင်းအဖွဲ့ကိုမဆို ပူးပေါင်းတိုင်ပင် ဆွေးနွေး လှုပ်ရှားကြဖို့ အမြဲတမ်း ကြိုဆိုလျက်ရှိကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။



JAC- information

Joint Action Committee of Burmese Community in Japan

在日ビルマー人共同行動実行委員会 (JAC) 参加団体

၉-၁ဝ-၂ဝဝ၉

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်