Sunday, July 5, 2009

၇ ဇူလိုင် ကျောင်းသား အရေးတော်ပုံ ကိုယ်တွေ့ 

၇ ဇူလိုင် အကြောင်း ပြောမယ် ဆိုရင် ပထမဆုံး အဲဒီခေတ် နိုင်ငံရေး အခြေအနေနှင့် ကျောင်းသားထု အခြေအနေ များကို မိတ်ဆက် ပြမှ သာလျှင် ပြည်စုံ ပေလိမ့်မယ်။ အဲဒီခေတ် အဲဒီ အခြေအနေက ကျောင်းသားတွေ ထဲမှာ နိုင်ငံရေး အရောင်အသွေးစုံ ထိုးဖောက် ရောယှက် နေတဲ့ အချိန် ဖြစ်တယ်။ ကျောင်းသားတွေ ထဲမှာ ဆိုရှယ်နီ (ပန်းရောင် ကွန်မြူနစ်) ကျောင်းသား၊ ကွန်မြူနစ်ကို ထောက်ခံတဲ့ ကျောင်းသား၊ ဖဆပလကို ထောက်ခံတဲ့ ကျောင်းသား စတဲ့ ကျောင်းသား အုပ်စုတွေက နိုင်ငံရေး အရောင် အမျိုးမျိုးနဲ့ ကျောင်းသား အရေးအရာ တွေကို ဦးတည် လူပ်ရှား နေတဲ့ အချိန် ဖြစ်တယ်။

၁၉၅၃ ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှာ ကျင်းပတဲ့ တကသ ရွေးကောက်ပွဲမှာ DSO (Democratic Student’s Organization) နဲ့ တိုးတက်သော ကျောင်းသားအုပ်စု (Progressive Student’s Force) တို့ ပါဝင် ယှဉ်ပြိုင် ခဲ့ကြတယ်။ DSO အစုဟာ ၁၉၅၃ ခုနှစ် နွေရာသီ ကျောင်းပိတ်ရက်မှာ ရန်ကုန် တက္ကသိုလ် ကျောင်းသား အဖွဲ့ (၅) ဖွဲ့က ကျောင်းသား (၁၀၀) ကို ဦးဗဆွေ၊ ဦးကျော်ငြိမ်း စတဲ့ ဖဆပလ ဆိုရှယ်လစ် ခေါင်းဆောင် တွေက နိုင်ငံရေး တလ သင်တန်း ပို့ချ အပြီး ပေါ်ပေါက် လာတဲ့ အဖွဲ့ တခု ဖြစ်တယ်။ တိုးတက် အစု ကတော့ ၁၉၅၁ ခုနှစ် ကတည်းက ကွန်မြူနစ် ပါတီနဲ့ ဗမာပြည် အလုပ်သမား လယ်သမား ပါတီဝင် ကျောင်းသား ခေါင်းဆောင် တွေက ဖွဲ့ပေး ခဲ့တဲ့ ဖဆပလ အစိုးရကို အတိုက်အခံ ပြုနေတဲ့ ကျောင်းသား အဖွဲ့ အစည်း တခု ဖြစ်တယ်။

ဒီလို ကျောင်းသားတွေ ထဲမှာ နိုင်ငံရေး ရောင်စုံ ယှက်သန်း နေတာဟာ စစ်တပ်က တော်လှန်ရေး ကောင်စီ အမည်ခံပြီး နိုင်ငံတော် အာဏာကို လက်နက် အားကိုးနဲ့ မတရား သိမ်းပိုက် ပြီးချိန်ထိ ရှိနေခဲ့တယ်။ အထူးသဖြင့် အဲဒီ အချိန်က အာဏာရ အစိုးရ တွေကို အတိုက်အခံ ပြုနေတဲ့ နိုင်ငံရေး အဖွဲ့အစည်း တွေဟာ တက္ကသိုလ် စင်မြင့်ကို အခြေပြု လှုပ်ရှား ခဲ့ကြတယ်။ ဒါပေမဲ့ လူသား တွေဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်၊ လွတ်လပ်စွာ တွေးတော ပိုင်ခွင့် ရှိတယ် ဆိုတာ ကိုတော့ ကျနော်တို့ သတိ မူရ ပါလိမ့်မယ်။ အထူး သဖြင့် ပညာတတ် လူတန်းစား အလွှာဟာ တိုးတက်မှု၊ ပြောင်းလဲမှု တွေကို အခြား အလွှာ အသီးသီးက လူတန်းစား တွေထက် ပို လက်ခံ တတ်ကြတယ်။ နောက်ပြီး အဲဒီခေတ် နိုင်ငံရေး အခြေအနေ ကလည်း လက်ဝဲ၊ လက်ယာ အယူအဆ အမျိုးမျိုး ကွဲပြား နေတဲ့ အချိန် ၊ တိုင်းရင်းသား တွေကလည်း တန်းတူ အခွင့်အရေး တောင်းဆို နေတဲ့ အချိန်၊ တိုင်းပြည်မှာ သွေးစည်း ညီညွတ်ရေး ပျက်ပြား နေတဲ့ အချိန် လည်းဖြစ်၊ အမေရိကန် တို့ရဲ့ အားပေး ကူညီမှုနဲ့ ကွန်မင်တန် တရုပ်ဖြူ (KMT) တို့ရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ အချိန်လည်း ဖြစ်တယ်။ ဒီတော့ တိုးတက်တဲ့ ကျောင်းသား အများစုဟာ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား အမှီခို ကင်းရေး စိတ်ဓာတ်တွေ ပြင်းထန် နေတဲ့ အချိန်လည်း ဖြစ်တယ်။

ဒီလို နိုင်ငံရေး ပဋိပက္ခ တွေနဲ့ တိုင်းပြည်တွင်း သွေးစည်း ညီညွတ်မှု ပျက်ပြား နေတာကြောင့် ဒီမိုကရေစီ အခွင့်အရေး တွေလည်း မှေးမှိန် နေရတယ်။ နောက်ပြီး အာဏာရ ပထစ အစိုးရ အတွင်း မှာလည်း ဦး – ဗိုလ် – သခင် အကွဲအပြဲကြောင့် အစိုးရ ကိုယ်တိုင် ချိနဲ့ နေရတယ်။ ဒါတွေကို အခွင့်ကောင်း ယူပြီး ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက တော်လှန်ရေး ကောင်စီ အမည်ခံပြီး ၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့မှာ အာဏာ သိမ်းခဲ့ ကြတယ်။

ဒီလို ပြည်သူ လူထုက ရွေးကောက် တင်မြှောက် ထားတဲ့ ဒီမိုကရေစီ အစိုးရ တရပ်ကို လက်နက် အားကိုးနဲ့ ဖြုတ်ချပြီး အဓမ္မ စစ်တပ်က အာဏာ သိမ်းလိုက်ခြင်းကို အာဏာ သိမ်းပြီး နောက် မတ်လ (၄) မှာ တကသ၊ ရကသ၊ ဗကသ တို့က ကွန့်ကွက်ကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန် ခဲ့ကြတယ်။ မတ်လ (၆) ရက်နေ့မှာ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုခင်မောင်အုန်းက တော်လှန်ရေး ကောင်စီကို ထောက်ခံကြာင်း လက်မှတ် ရေးထိုး ထုတ်ပြန် ကြေညာ ခဲ့တယ်။ ဒါကို ဗကသများ အဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေး ခေါ်ယူပြီး ဥက္ကဋ္ဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌ အဖြစ် တင်မြောက် လိုက်ကြတယ်။ ပြီးတော့ တော်လှန်ရေး ကောင်စီက အာဏာ သိမ်းခြင်းကို ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့ ကြပြန်တယ်။

အဲဒီ အချိန်က ကျောင်းသားထု အတွင်းမှာ တော်လှန်ရေး ကောင်စီကို ထောက်ခံတဲ့ ကျောင်းသား တွေဟာ အနည်းစုသာ ဖြစ်ပြီး၊ အများစု ကတော့ တော်လှန်ရေး ကောင်စီကို ဆန့်ကျင် ကြတယ်။ မတ်လ (၁၀) ရက်နေ့မှာ ဗကသများ အဖွဲ့ချုပ်က ‘တော်လှန်ရေး ကောင်စီမှ အခြေအနေကို ထိန်းလိုက်ခြင်းနှင့် ပတ်သက်၍ ဗကသ အဖွဲ့ချုပ် အမှုဆောင် အချို့က တော်လှန်ရေး ကောင်စီ အစိုးရအား အချို့က ထောက်ခံပြီး၊ အချို့က မထောက် ခံခြင်းမှာ အယူအဆ ကွဲခြင်းသာ ဖြစ်သည်၊ ဗကသများ အဖွဲ့ချုပ် အနေဖြင့် ကွဲသွားခြင်း မဟုတ်ပါ။’ လို့ ကြေညာချက် ထုတ်ခဲ့တယ်။ မတ်လ (၁၇) ရက်နေ့မှာ ကမောက်ကမ ပညာရေး စနစ်ကြီးကို ပြုပြင် ပေးဖို့ ဗကသများ အဖွဲ့ချုပ်က တောင်းဆို ခဲ့တယ်။ ဒါပေမဲ့ စစ်တပ် အာဏာသိမ်းတဲ့ မတ်လဟာ ကျောင်းသားတွေ စာမေးပွဲတွေ ဖြေနေတုန်း ဖြစ်တယ်။ ဖြေပြီး တော့လည်း ကျောင်းတွေ ပိတ်တာမို့ လှုပ်ရှားမှု ဘာတွေတော့ မလုပ် နိုင်ခဲ့ ကြပါဘူး။

ကျောင်းသား တွေရဲ့ စစ်အာဏာ သိမ်းခြင်းကို ဆန့်ကျင့်တဲ့ လုပ်ရပ် တွေဟာ စစ်တပ် ခေါင်းဆောင်တွေ အဖို့ ကျောင်းသားတွေ အပေါ် အငြိုး ထားစရာ၊ စိတ်ကွက် စရာ အကွက် တကွက် ဖြစ်ခဲ့ ရတယ်။ နောက်ပြီး အစဉ်အလာ ကြီးမားတဲ့ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး အဆက် ဖြစ်တဲ့ ကျောင်းသား လှုပ်ရှားမှုတွေကို နှိပ်ကွပ် ထားမှသာ အာဏာ တည်မြဲ နိုင်မယ် ဆိုတာ ကိုလည်း စစ်တပ် ခေါင်းဆောင်တွေ သတိ ထားမိ လာစေ ခဲ့ပါတယ်။ ကျနော်တို့ မြန်မာ နိုင်ငံမှာ သားသုံးသားကို ပိုင်နိုင်မှသာ တိုင်းပြည်ကို အုပ်စိုးလို့ ရမယ် ဆိုတဲ့ အတွေးအခေါ် တရပ် ကလည်း ရှိနေ ပြန်ပါ သေးတယ်။ သားသုံးသား ဆိုတာက ကျောင်းသား၊ စစ်သား၊ ဘုရားသားလို့ ခေါ်တဲ့ သံဃာ တွေပဲ ဖြစ်တယ်။

၇ ဇူလိုင် မတိုင်ခင် ရန်ကုန် တက္ကသိုလ်မှာ ဖြစ်ပျက် နေတဲ့ နောက်ခံ အခြေနေကို ပြောရမယ် ဆိုရင်လည်း၊ ၁၉၆၂ ခု မေလ (၉) ရက်နေ့မှာ ဒတ်ခ်ျ သံရုံး ဆန္ဒ ပြမှုကြောင့် တပ်ဦးက ကိုမြသန်း၊ ကိုသက်၊ ကိုသာဘန်း၊ ကိုဇော်ဝင်းတို့ ဖမ်းဆီး ခံခဲ့ ရတယ်။ အဲဒီ (၁၉၆၂ မေလ ၉ ရက်) နေ့မှာပဲ တော်လှန်ရေး ကောင်စီက ဥပဒေ အမှတ် (၃) နဲ့ (၄) ကို ထုတ်ပြန်ပြီး ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ် အက်ဥပဒေ တွေကို ရုပ်သိမ်း ခဲ့တယ်။ အဲဒီ ဥပဒေ (၃) နဲ့ (၄) ဟာ ‘ရန်ကုန် တက္ကသိုလ်’ နဲ့ ‘မန္တလေး တက္ကသိုလ်’ ဆိုတဲ့ စကားလုံး (၂) လုံးက လွဲရင် အားလုံး တူပါတယ်။

ဥပဒေ အပြည့်အစုံ ကတော့ -

၁။ (၁) ဤ ဥပဒေကို ၁၉၆၂ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင် စေရမည်။

(၂) ဤ ဥပဒေကို ချက်ချင်း အာဏာ တည်ရမည်။

၂။ (၁) ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်း ရမည်။

(၂) ယင်းသို့ ရုပ်သိမ်းသည့် အခါ …

(က) မြန်မာ နိုင်ငံ ယေဘုယျ စကားရပ်ဖြင့် အက်ဥပဒေ ပုဒ်မ (၅) ပါ ပြဋ္ဌာန်း ချက်များ အကျိုး သက်ရောက် ရမည်။

(ခ) ရန်ကုန် တက္ကသိုလ်ပိုင် ပစ္စည်း အားလုံးသည် လည်းကောင်း၊ ရန်ကုန် တက္ကသိုလ်၏ ကေ့းမြီ တာဝန် အားလုံးသည် လည်းကောင်း အစိုးရ၌ တည်ရှိ သက်ရောက် ရမည်။

(၃) ဤ ဥပဒေ စတင် အာဏာ တည်သည့် အချိန်မှ အစ ပြု၍ နိုင်ငံတော် တော်လှန်ရေး အစိုးရသည် ရန်ကုန် တက္ကသိုလ်အား အဆိုပါ ရုပ်သိမ်းခြင်း ခံရသော ရန်ကုန် တက္ကသိုလ် အက်ဥပဒေဖြင့် ပေးအပ် ထားသည့် အာဏာနှင့် တာဝန် ဝတ္တရား များကို ဆက်လက် သုံးစွဲ ဆောင်ရွက် ရမည်။

၁၉၂၀ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို ပြဋ္ဌာန်းပြီး ရန်ကုန် တက္ကသိုလ်ကို စတင် တည်ထောင် ခဲ့တယ်။ မန္တလေး တက္ကသိုလ် အက်ဥပေဒ ကိုတော့ ၁၉၅၈ ခုနှစ် ကျမှ ပြဋ္ဌာန်းကာ သီးခြား တက္ကသိုလ် တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ် နှစ်ခုလုံးကို အစိုးရက ဘဏ္ဍာငွေ အချို့ ထောက်ပံ့တယ်။ တက္ကသိုလ် တွေမှာ သီးသန့် ဘဏ္ဍာငွေ အချို့ ရှိတယ်။ အခြား အရပ်ရပ် ရတဲ့ ဘဏ္ဍာရယ် လို့လည်း ရှိတယ်။ ဒီဘဏ္ဍာ ငွေတွေနဲ့ တက္ကသိုလ်က လည်ပတ် နေတာပါ။ အက်ဥပဒေ အရ တက္ကသိုလ်မှာ အဓိက ဦးဆောင် အဖွဲ့အစည်း နှစ်ခု ရှိတယ်။ တခုက တက္ကသိုလ် ကောင်စီနဲ့ ကျန်တခုက တက္ကသိုလ် ဆီးနိတ် အဖွဲ့ ဖြစ်ပါတယ်။ တက္ကသိုလ် ကောင်စီမှာ အစိုးရဲ့ ကိုယ်စားလှယ် တချို့၊ ပြင်ပက ကုန်သည်များ၊ ကုန်ထုတ် လုပ်ငန်းများ၊ စီးပွားရေး အဖွဲ့များက ကိုယ်စားလှယ် တချို့၊ ပြင်ပက ကုန်သည်တွေ၊ ကုန်ထုတ် လုပ်ငန်းတွေ၊ စီးပွားရေး အဖွဲ့တွေက ကိုယ်စားလှယ် တချို့၊ တက္ကသိုလ် မဟာ ဌာန အသီးသီးက ပါမောက္ခ တွေနဲ့ ကျောင်းသား သမဂ္ဂ ပို့လွှတ်တဲ့ ကိုယ်စားလှယ် တချို့ ပါဝင် ပါတယ်။ ကျောင်းသား သမဂ္ဂရဲ့ တက္ကသိုလ် ကောင်စီ ကိုယ်စားလှယ် ၂ ဦး ရွေးကောက်ပွဲကို ၁၉၆၀ မှာ ကျင်းပ ခဲ့ပြီး၊ ပမညတက ဦးတီပီဝမ်းနဲ့ ဆိုရှယ်နီ ဦးမောင်မောင်ကျော်တို့ အနိုင် ရခဲ့ပါတယ်။ ဆီးနိတ် ကတော့ တက္ကသိုလ် ပါမောက္ခတွေ၊ ဆရာတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး၊ သင်ကြားရေး၊ စာမေးပွဲ စစ်ဆေး အအောင် ပေးရေး၊ စာအုပ် စာတမ်းတွေ ထုတ်ဝေ ပြဋ္ဌာန်းရေး တို့ကို စီမံ ဆောင်ရွက် တယ်လို့ အကြမ်းဖျင်း သိရ ပါတယ်။ အစိုးရရဲ့ ကိုယ်စားလှယ် ပါပေမဲ့ သူ့ သဘောထားကို တင်ပြ နိုင်ပြီး၊ တိုက်ရိုက် စွက်ဖက်တာ မလုပ်ရပါ။

အဲဒီနောက် မေလ (၁၀) ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေဝင်းက တက္ကသိုလ် ကောင်စီ ဝင်တွေကို ဒဂုံ ရိပ်သာကို ဖိတ်ခေါ် ပြီး (၁) ဆရာတွေ အကျင့် ပျက်သည်။ (၂) ကျောင်းသားတွေ အကြား နိုင်ငံရေး ပယောဂ ဝင်တယ်လို့ စွပ်စွဲပြီး တက္ကသိုလ် ကောင်စီကို ဖျက်သိမ်း လိုက်တယ်။ ဒီလို လုပ်လိုက် တာဟာ တက္ကသိုလ် အုပ်ချုပ်ရေးကို တော်လှန်ရေး ကောင်စီက ထပ်မံ အာဏာ သိမ်းလိုက်ခြင်း ဖြစ်တယ်လို့ သမဂ္ဂက အပြင်းအထန် ဝေဖန် ခဲ့တယ်။

ဒါ့အပြင် မေလ (၁၁) ရက်နေ့မှာ တက္ကသိုလ်နဲ့ ဥပစာ ကောလိပ် တွေက ဥပစာ သိပံ္ပ (ခ) တန်း အောင်တဲ့ ကျောင်းသူ၊ ကျောင်းသား တွေဟာ သက်ဆိုင်ရာ ဘာသာရပ် တွေမှာ တဘာသာ အနည်းဆုံး အမှတ် (၅၀) ရရမယ်၊ ဖြေဆိုတဲ့ ဘာသာရပ် အားလုံးရဲ့ ပျမ်းမျှ အမှတ် ဟာလည်း (၅၀%) ရမှသာ ဆေးသိပံ္ပ္ပ၊ စက်မှုလက်မှု သိပံ္ပ၊ စိုက်ပျိုးရေး သိပံ္ပနဲ့ သစ်တောရေး မဟာ ဌာန တို့မှာ ဆက်လက် ပညာ သင်ကြားခွင့် ရမယ့်လို့ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်နေဝင်းက ကြေညာ ခဲ့တယ်။

ဒီလို တော်လှန်ရေး ကောင်စီက ပညာရေး လောကကို ဝင်ရောက် စွက်ဖက် နေတာတွေကို တက္ကသိုလ် ဆရာများ အဝန်းအဝိုင်း မှာလည်း မကျေနပ်မှုတွေ ရှိနေ ခဲ့တယ်။ ကျောင်းတွေ ပြန်ဖွင့်တဲ့ အခါမှာ တော်လှန်ရေး ကောင်စီက တင်းကြပ်တဲ့ အဆောင် စည်းကမ်း တွေကို ချမှတ်ဖို့ တက္ကသိုလ် ကောင်စီကို အမိန့်ပေး လာတယ်။ အဲဒီ အခါမှာ ပါမောက္ခချုပ် ဒေါက်တာ သာလှက လက်မခံလို့၊ မေလ (၁၁) ရက်နေ့မှာ တောင်လှန်ရေး ကောင်စီက ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သာလှကို နုတ်ထွက် ခိုင်းခဲ့တယ်၊ မြန်မာစာ ပါမောက္ခ ဦးအေးမောင် အငြိမ်းစား ယူခဲ့တယ်။ ဦးဝန် (မင်းသုဝဏ်) ဌာန ပြောင်းခဲ့တယ်။ မေလ (၁၂) ရက်နေ့ မှာလည်း ရန်ကုန် တက္ကသိုလ် အဆာင်မှူး အချို့နဲ့ လက်ထောက် အဆောင်မှူး အချို့ နုတ်ထွက် ခဲ့ကြ ပြန်တယ်။

၁၉၆၂ ခု မေလ (၁၄) ရက်နေ့မှာ တော်လှန်ရေး ကောင်စီ အမိန့် အမှတ် (၃၀) ကို ထုတ်ပြန်ပြီး တက္ကသိုလ် ကောင်စီကို ပြန်ဖွဲ့ ခဲ့တယ်။ အဓိပတိ အဖြစ် ဗိုလ်မှူးချုပ် သန်းဖေ၊ အဖွဲ့ဝင်တွေ အဖြစ် ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီး သိန်းစိန်တို့ ပါဝင်တယ်။ သူတို့ အလိုကျ တင်းကြပ်တဲ့ အဆောင် စည်းကမ်းသစ်တွေ ထုတ်ပြန်ပေးမဲ့ ၅၈ ခု၊ အိမ်စောင့် အစိုးရခေတ် ပညာရေး ဝန်ကြီးဟောင်း ဦးကာကို ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် ခန့်အပ်ခဲ့တယ်။ ဒါဟာ တက္ကသိုလ်ကို ဗိုလ်နေဝင်း သိမ်းလိုက်တာလို့ ကျောင်းသား အများစုက ခံယူ ခဲ့ကြတယ်။ ဒီလို တက္ကသိုလ် အုပ်ချုပ်ရေးကို တော်လှန်ရေး ကောင်စီက စိတ်ကြိုက် ဖန်တီး နေမှုတွေဟာ ကျောင်းသားထုရဲ့ မကျေနပ်မှုကို ပိုလို့ တိုးစေခဲ့တယ်။ ဦးကာဟာ စစ်တပ်နဲ့ အလွန် နီးစပ်သူ ဖြစ်လို့ ကျောင်းသားတွေ ဘက်က သူဟာ မရှိသင့်ဘူးလို့ ခံယူ ထားကြတယ်။ မေလ (၂၂) ရက်နေ့မှာ ဗိုလ်မှူးချုပ် သန်းဖေ နှလုံး ရောဂါနဲ့ ကွယ်လွန်တော့ သူ့ နေရာကို ဗိုလ်လှဟန် တက်လာတယ်။

ဒါတွေ အပြင် အရေးအခင်း ဖြစ်စေဖို့ ဖန်တီး ခဲ့တဲ့ တခြား အချက်တွေ ကလည်း ရှိနေ ပြန်တယ်။ ဇွန်လ (၁၇) ရက်နေ့ ဒဂုံရိပ်သာမှာ တက္ကသိုလ် ကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပ ခဲ့တယ်။ ၁၉၆၂ ခု ဇွန်လ (၁၈) ရက်နေ့မှာ ကျောင်းဆောင်နေ ကျောင်းသား တွေကို မတရား ချုပ်ချယ်တဲ့ ကျောင်းဆာင် စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန် ခဲ့ပြန်တယ်။ အဲဒီ မတရား အဆောင် စည်းကမ်း (၂၂) ချက်မှာ ပါတဲ့ အချက်တွေ ကတော့ ကျောင်းဝင်ခွင့်နဲ့ အဆောင် နေခွင့် ရရေး တို့အတွက် လုံခြုံရေးနဲ့ အုပ်ချုပ်မှု ကော်မတီရဲ့ ထောက်ခံချက်နဲ့ လျှောက်ရမည် ဆိုခြင်း။ မိဘ အုပ်ထိန်းသူရဲ့ ဝန်ခံ ကတိ ပေးချက်နဲ့ ကျောင်းအပ်ရခြင်း။ သတ်သတ်လွတ် စားသူတွေကို တရက် နှစ်ရက်သာ စားခွင့် မပြုတော့ဘဲ၊ တနှစ်ပတ်လုံး စားမှသာ ခွင့်ပြု တော့ခြင်း။ အဆောင်နေ ကျောင်းသား များနဲ့ အနေနဲ့ မနက်စာကို မနက် (၇) နာရီ ခွဲမှ (၁၀) နာရီ မနက်စာ ထမင်းကို မဖြစ် မနေ စားရမည်။ ည (၈) နာရီ ထိုးရင် အဆောင်တွင်း ရှိနေရန်၊ သုံးကြိမ် ပျက်ကွက် ပါက အဆောင်က ထုတ်ရန်၊ အဆောင်မှူး သိုမဟုတ် လက်ထောက် အဆောင်မှူး စစ်ဆေးချိန်တွင် မိမိ အခန်းတွင်း ရှိနေ ရမည်၊ မရှိလျှင် အရေး ယူမည် စတဲ့ ကျောင်းနဲ့ လားလားမှ မအပ်စပ်တဲ့ စည်းကမ်းတွေ ချမှတ် လာတာ ဖြစ်တယ်။ ဒီအချက် တွေက ကျောင်းသားထုရဲ့ မကျေနပ်မှုကို ပိုမို ကြီးထွား စေခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သတ်သတ်လွတ် စားခြင်း၊ အစား ရှောင်ခြင်း ဆိုတာ တွေဟာ ဘာသာရေးနဲ့ သက်ဆိုင်ပြီး၊ ကိုးကွယ်ရာ ဘာသာ အလိုက် နေ့ထူး နေ့မြတ်တွေ ကျမှသာ သတ်သတ်လွတ် စားကြ အစား ရှောင်ကြ တာဟာ ထုံးစံ ဖြစ်တယ်။ အဆောင် စည်းကမ်းတွေ ကလည်း ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ရာ ရောက်ပြီး၊ စစ်တပ်လို စည်းကမ်းတွေ တင်းကြပ် တာကို ကျောင်းသားထု အနေနဲ့ လက်ခံ နိုင်ခြင်း မရှိဘူး။ ဒီလို တော်လှန်ရေး ကောင်စီရဲ့ တဖက်သတ် ချုပ်ချယ် ဖိနှိပ် ကန့်သတ်မှု တွေနဲ့ တက္ကသိုလ် အုပ်ချုပ်ရေးကို စစ်တပ်က ဝင်ရောက် စွက်ဖက် တာတွေကြောင့် ကျောင်းသား ထုတွင်း မကျေနပ်မှုတွေ တိုးသထက် တိုးလာ ရတယ်။

ဇူလိုင် လဆန်းက စပြီး အဆောင် အချို့မှာ သဟာယနှင့် စာဖတ်သင်း အမှုဆောင်သစ် ရွေးပွဲ တွေနဲ့ တွဲပြီး ကျောင်းထု အစည်း အဝေးတွေ ကျင်းပ ကြတယ်။ ကျင်းပတဲ့ ကျောင်းသားထု အစည်းအဝေး တိုင်းမှာပဲ ဖိနှိပ် ချုပ်ချယ်တဲ့ စည်းကမ်းသစ် တွေကို ကန့်ကွက် တယ်လို့ တညီ တညွတ်တည်း ဆုံးဖြတ် ခဲ့ကြတယ်။

၁၉၆၂ ခု ဇူလိုင်လ (၃) ရက်နေ့ ကျတော့ ရန်ကုန် ခရိုင် ကျောင်းသား သမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂ ခန်းမမှာ ကျောင်းသားထု အစည်းအဝေး တရပ် ကျင်းပကာ ကမောက်ကမ ပညာရေး စနစ် ဖျက်သိမ်း ပေးရန်နဲ့ မတရား အဆောင် စည်းကမ်းတွေ ရုပ်သိမ်း ပေးဖို့ကို တောင်းဆို ဆန္ဒ ပြခဲ့ ကြတယ်။ ဆန္ဒ ပြပွဲမှာ ရကသ ဥက္ကဋ္ဌ ကိုဖိုးထင်က သဘာပတိ အဖြစ် အဟန့် အတား ကြားမှ ဆန္ဒ ပြပွဲ ကျင်းပရခြင်း အကြောင်း မိန့်ခွန်း ပြောကြား သွားပြီး၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသက်နဲ့ တကသ ကျောင်းသား ခေါင်ဆောင်း ကိုဗဆွေလေး တို့က ဆန္ဒ ပြပွဲကို ထောက်ခံကြောင်း မိန့်ခွန်း ပြောကြား ခဲ့တယ်။

ဇူလိုင် (၅) ရက်နေ့မှာ သမဂ္ဂကြီး (၃) ခုက ကြီးမှူးပြီး ဒတ်ခ်ျ သံရုံး ရှေ့မှာ ဆန္ဒပြပွဲ ကျင်းပ ကြတဲ့ အခါ ပုဂ္ဂိုလ်ရေး အရ အရေး ယူခဲ့တယ်။ ဒီလုပ်ရပ်ဟာ သမဂ္ဂကို သေးသိမ်အောင် လုပ်တာ ဖြစ်တယ်လို့ သမဂ္ဂက ယူဆ ခဲ့တယ်။ ဒါ့ကြောင့် ကျောင်းသား တွေက ကန့်ကွက် ကြပြန်တယ်။

ဇူလိုင်လ (၆) ရက်နေ့မှာ တော်လှန်ရေး ကောင်စီက တက္ကသိုလ် ဆီးနိတ်နဲ့ ကျောင်းဆောင် ကော်မတီ တွေကို သူတို့ စိတ်တိုင်းကျ ပြင်ဆင် ဖွဲ့စည်း ခဲ့ကြ ပြန်တယ်။ ဇူလိုင်လ (၆) ရက်နေ့ ရွှေဘိုဆောင် အစည်းအဝေး ကတော့ ကန့်ကွက် တယ်လို့ ဆုံးဖြတ်ရုံ မကတော့ဘဲ ကေ့းကြော်သံတွေ အော်ဟစ်ပြီး အဆောင် အပြင်ထွက် လှည့်လည် ဆန္ဒ ပြပါတော့တယ်။ အနီးအနား မှာရှိတဲ့ အဆောင်တွေက ကျောင်းသား တွေပါ ထွက်လာပြီး ပူးပေါင်း လိုက်ကြတော့ ဆန္ဒပြ လူအုပ် ကြီးဟာ အင်အား များလာတယ်။ အဲဒီ အနီး မှာက ရွှေဘို၊ ဒဂုံ၊ တောင်ငူ၊ ရာမည၊ အမရ၊ မန္တလေး၊ သထုံ၊ ပဲခူး၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ ဆိုတော့ (၁၁) ဆောင် ကျောင်းထုပဲ၊ ဧရာမ အုပ်ကြီး ဖြစ်သွားတယ်။ ည အချိန် ကလည်းဖြစ်၊ မကြေနပ်ချက် ကလည်းရှိ တက့်က နေကြ တာလည်း ဖြစ်တော့၊ အဲဒီ ညမှာ အဆောင် တွေမှာ ကာရံ ထားတဲ့ အကာအရံ တွေနဲ့ သံ တံခါး တွေကို စတိ အဖြစ် ရိုက်ချိုး လိုက်ကြ ပါတယ်။ အဲဒီ လူအုပ်ဟာ ပြည်၊ ပုဂံ၊ တကောင်း အဆောင်တွေ အထိ လှည့်လည် ဆန္ဒ ပြခဲ့ ကြတယ်။ အဲဒီ ညက မိန်းကလေး ဆောင်တွေက လွဲရင် အကုန် ပါခဲ့တယ်။ အဲဒီနောက် မကျေမနပ် ဖြစ်နေ ကြတဲ့ ကျောင်းသားတွေ စုပေါင်းပြီး တက္ကသိုလ် အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ်နဲ့ ပါမောက္ခချုပ် ဦးကာ အိမ် တို့ကို ဝိုင်းပြီး ဆန္ဒပြ ဟစ်ကေ့း တာတွေ ဖြစ်ပွား ခဲ့ပါတယ်။ အဲဒီည ဆန္ဒ ပြပွဲဟာ နောက်တနေ့ တကသက ကျင်းပမဲ့ ကျောင်းသားထု ဆန္ဒပြ စည်းဝေးပွဲ အတွက် လှုံ့ဆော် ပေးလိုက် သလို ဖြစ်ခဲ့ ရတယ်။

ဇူလိုင် (၇) ရက် နေ့လည် တနာရီမှာ သမဂ္ဂ အစည်းအဝေး ခန်းမမှာ ကျောင်းထု အစည်းအဝေး ကျင်းပတယ်။ ဥက္ကဋ္ဌက ကိုဗဆွေလေးပါ။ အဲဒီ ကျောင်းသားထု အစည်းအဝေး ကနေ တခဲနက် ဆုံးဖြတ် ခဲ့တာတွေ ကတော့၊ ကျောင်းသား တွေကို ဖိနှိပ် ချုပ်ချယ်တဲ့ စည်းကမ်း အမျိုးမျိုးကို ကန့်ကွက်တယ်။ စစ်တပ်က အာဏာ သိမ်းတာကို ကန့်ကွက်တယ်၊ တက္ကသိုလ် အက်ဥပဒေတွေ ရုပ်သိမ်း တာကို ကန့်ကွက်တယ်၊ စတာ တွေပဲ ဖြစ်ပါတယ်။ အစည်းအဝေး အပြီးမှာ သမဂ္ဂ ရှေ့က စပြီး ကျောင်းဝင်း အတွင်း မှာပဲ ကေ့းကြော်သံတွေ ကေ့းကြော်ကာ လှည့်လည် ဆန္ဒ ပြခဲ့ ကြတယ်။ ဘွဲ့နှင်း သဘင် ခန်းမ ရှေ့မှာ ငြိမ်းငြိမ်း ချမ်းချမ်းပဲ လူစု ခွဲလိုက် ကြတယ်။

ဘွဲ့နှင်း သဘင် ရှေ့မှာ လူစုခွဲ ပြန်လာတဲ့ ကျောင်းသား တချို့ဟာ သမဂ္ဂ လက်ဖက်ရည် ဆိုင်မှာ၊ လက်ဖက်ရည် သောက်သူ သောက်၊ စကား ပြောသူ ပြောနဲ့ ရှိနေတုန်း နေ့လည် (၂) နာရီခွဲ အချိန် လောက်မှာ ရဲကား (၂) စီး တကသ ထဲ ဝင်လာတယ်။ ရဲ တပ်ဖွဲ့ ဝင်တွေက တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း အပါအဝင် ကျောင်းသား ခေါင်းဆောင် တွေကို ဖမ်းဆီး လိုက်ပါတယ်။ ကျောင်းသား တွေက ခဏတော့ ကြောင်သွားတယ်။ နောက်တော့ ရဲကားဆီ အတင်း ပြေးလိုက် ကြတယ်။ ရဲကား ကလည်း ချက်ခြင်းပဲ ပြန်ထွက် သွားတာမို့ ကျောင်းသား ခေါင်းဆောင် တွေလည်း ပါသွားတယ်။ ကျန် ရဲ တချို့လည်း တကသ အဆောက်အဦကို ဝင်စီး လိုက်ပြီး၊ ရဲ တချို့က တကသနဲ့ ကပ်နေတဲ့ ဦးကာ နေအိမ် ထဲကို ပြေးဝင် နေရာ ယူလိုက် ကြတယ်။

အဲဒီတော့မှ ကျောင်းသား တွေက အော်ရင်း ဟစ်ရင်း လူစု မိသွားတယ်။ ကျောင်းသား တွေက အဓိပတိ လမ်း တံခါးကြီးကို ပိတ်လိုက်တယ်။ ကျောင်းသား တချို့က သထုံဆောင် ဂိတ်တံခါးကို သော့ခတ်ပြီး ပိတ်လိုက်တယ်။ နောက်ပြီး ကျောင်းသား တွေက တကသ ဝင်းထဲ ဝင်ဖို့ ကြိုးစား ကြတယ်။ ဒိုင်းကိုယ်စီ ကိုင်ထားတဲ့ ရဲတွေက တန်းစီ ပိတ်ဆို့ပြီး ကျောင်းသား တွေကို နံပါတ်တုတ်နဲ့ ရိုက်သူက ရိုက်၊ မျက်ရည်ယိုဗုံး သေနတ် ကိုင်ထားတဲ့ ရဲတွေက ကျောင်းသားထု ထဲကို မျက်ရည် ယိုဗုံး တွေနဲ့ ပစ်ခတ် ခဲ့တယ်။ ကျောင်းသား တချို့ရဲ့ ရင်ဘတ်ကို ထိမှန်လို့ လဲသူလဲ ကွဲသူကွဲ ဖြစ်ကုန်တယ်။ ကျောင်းသား တွေက လဲကျသူ တချို့ကို မချီ သွားပြီး၊ ကျန်တဲ့ ကျောင်းသား ထုက ရဲတွေကို ဖိတိုက် ကြတော့တယ်။ ခဲတွေ၊ ပုလင်းတွေ၊ တုတ်တွေ ရရာတွေနဲ့ ပစ်ခတ် တိုက်ခိုက် ကြတော့တယ်။ ကျောင်းသား တွေလည်း တဖြည်းဖြည်း များများ လာတော့ ရဲတွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုကို မမူ တော့ဘဲ ရှေ့ကို ပိုတိုး တိုးတက်ကာ တိုက်ခိုက် ကြတယ်။ ရဲတွေ အထိနာ လာတယ်။ တချို့လည်း ကျောင်းသား တွေလည်း သွေးရဲရဲ သံရဲရဲ ဖြစ်လာတယ်။ တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင်၊ ရွှေဘိုဆောင် တို့က ကျောင်းသား တွေက တောင်ငူဆောင်နဲ့ ဒဂုံဆောင် လမ်းကြား အတိုင်း ထွက်လာတဲ့ အခါ ပါမောက္ခချုပ် ဦးကာရဲ့ အိမ်ရှေ့က ရဲတွေကို ဒုတိယ စစ်မျက်နှာဖွင့် တိုက်သလို ဖြစ်သွားတော့ ရဲတွေ ပိုအရေးနိမ့် လာပြီး၊ တကသရှိ ရဲတွေဆီ သွားပေါင်းကာ ပြန်တိုက် ကြတယ်။ ဒဏ်ရာ အပြင်းအထန် ရတဲ့ ကျောင်းသား တွေကို အဆောင် တွေဆီ ပြန်သယ် ခဲ့ကြတယ်။ ဒါတွေကို မြင်ရတဲ့ အခါ ကျောင်းသားတွေ ပို စိတ်လှုပ်ရှား ခံပြင်း လာကြတယ်။ ကျောင်းသား ထုလည်း များသထက် များလာတယ်။ ရဲတွေလည်း မျက်ရည်ယို ဗုံးတွေ ပေါပေါများများ သုံးပြီး ကျောင်းသား ထုကို ဖြိုခွဲ ပေမဲ့၊ ဘဝတူ ကျောင်းသား တွေရဲ့ သွေးကို မြင်ကြ ရလို့ ကိုယ့်ကိုယ်ကို ထိခိုက် ဒဏ်ရာ ရမှာ မမူတော့တဲ့ ကျောင်းသား တွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်လို့ မရတဲ့ အဆုံး ရဲတွေဟာ အဓိပတိလမ်း ဂိတ်ဘေး လူဝင် လူထွက် တံခါးကို ဖွင့်ပြီး တက္ကသို ရိပ်သာ လမ်းပေါ်ရှိ တကသ အဝိုင်းလေး နားကို ထွက်သွား ကြတယ်။ ပြီးတော့ လာကြို နေတဲ့ ကားတွေနဲ့ ထွက်ခွာ သွားကြ တော့တယ်။ အဲဒီ အခါမှာ ကျောင်းသား တွေက အောင်ပွဲ ရလိုက် သလို ဝမ်းသာ အားရ အော်ဟစ် ကြတော့တယ်။

နောက်ပြီးတော့မှ တကသနဲ့ အနီးဆုံးမှာ ရှိနေတဲ့ အသစ် စက်စက် ပါမောက္ခချုပ် ဦးကာရဲ့ စကိုဒါ ကားအမဲ စ/၆၅၉ ကို သူ့ခြံ ထဲက တွန်းထုတ် လာပြီး ကားမှန် တွေကို ရိုက်ခွဲ ကြတယ်။ နောက် မီးရှို့ လိုက်ကြတယ်။ ဦးကာရဲ့ ကားကို မီးရှို့ ပြီးတဲ့ အခါ ဦးကာရဲ့သား ကားဖြစ်တဲ့ ဗောက်ဝက်စ်ဂွန် ကား အနီရောင် စ/၆၂၀၃ ကို ထပ်ပြီး ခြံအပြင် ထုတ်ကာ မီးရှို့ လိုက်ကြတယ်။ ဦးကာ ဆိုတာ အရင်က သင်္ချာ ကထိကပါ၊ ပါမောက္ခတောင် မဖြစ်ဖူး ပါဘူး။ တင်းကြပ်တဲ့ မတရား အဆောင် စည်းကမ်း တွေဟာ သူ့ လက်ချက်လို့ ကျောင်းသား တွေက ထင်နေ ကြတာတယ်။

နေ့လည် (၄) နာရီခွဲ လောက်မှာတော့ ဘယ်နေရာက စောင့်နေမှန်း မသိတဲ့ စစ်ကား (၂) စီး အပြည် တင်လာတဲ့ တပ်ရင်း (၄) က စစ်သားတွေ ချက်ခြင်းပဲ တက္ကသိုလ် ရိပ်သာ လမ်းမပေါ် ရောက်လာပြီး ဆေးရုံ ရှေ့ကနေ ဓမ္မာရုံ အထိ၊ တပ်ဖြန့် လိုက်တယ်။ တက္ကသိုလ် ဝန်းကျင် တခုလုံးကို ပိတ်ဆို့ လိုက်ကြတယ်။ စစ်သား တွေက တခါမှ စစ်မြေပြင်မှာ အသုံး မပြုရ သေးတဲ့ အသစ်စက်စက် ဂျီ သရီး မောင်းပြန် ရိုင်ဖယ် တွေကို ကိုင်ဆောင် ထားကြတယ်။ တပ်ရင်း (၄) ဆိုတာ ဗိုလ်နေဝင်းရဲ့ ကိုယ်ရံတော် တပ်၊ အထူးတပ် ဖြစ်တယ်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမြင့်နဲ့ နာမည်ကျော် သားသတ်သမား ဒုဗိုလ်မှူးကြီး စိန်လွင် တို့ပါ ရောက်ရှိ လာကြတယ်။ ကျောင်းသား တွေကလည်း ဓမ္မာရုံ တဲ့တဲ့ အမရဆောင် ရှေ့က တံခါး ကိုလည်း ပိတ်လိုက်တယ်။ ဒါကြောင့် ကျောင်းသားနဲ့ စစ်တပ် ကြားမှာ အောက်ခြေ နှစ်ပေခန့် အုတ်မြစ် ပေါ်မှာ အုတ်တိုင် တွေနဲ့ သံတိုင် စိုက် ဝင်းထရံပဲ ခြားတော့တယ်။ တဘက်နဲ့ တဘက် သံတိုင် ကြားက မြင်နေ ရပါတယ်။

အဲဒီ အချိန်မှာ အခြေအနေ အနည်းငယ် ငြိမ်သက် သွားပြီး ကျောင်းသား တွေက တက္ကသိုလ် မြင်ခင်း ပြင်တွေ ပေါ်မှာ ဝိုင်းဖွဲ့ စကား ပြောသူက ပြော၊ သမဂ္ဂ ကွင်းပြင်ရှေ့ ထိုင်နေ သူက ထိုင်နေကြ၊ အဆောင်တွေရဲ့ ဝရန်တာ တွေရှေ့ ရပ်ပြီး ကြည့်သူက ကြည့်နေကြ၊ စစ်အစိုးရ ဆန့်ကျင်ရေး ကေ့းကြော်သံ တွေကို အော်ဟစ် နေသူတွေ ကလည်း အော်ဟစ် နေကြနဲ့ ပုံသဏ္ဍာန် မျိုးစုံနဲ့ ရှိနေ ကြပါတယ်။ ကျောင်းသား တွေက အတွင်း ကနေ အသံနက် ကြီးတွေနဲ့ ညာသံ ပေးလိုက်ကြ လုပ်နေ ကြတယ်။ နောက်ပြီး “ဒီကောင်တွေ မပစ်ရဲ ပါဘူးကွာ၊ အလကားပါ” ဆိုတဲ့ စကားသံတွေ မကြာခဏာ ထွက်ပေါ် ခဲ့ရ သလို၊ “မင်းတို့ အားလုံး ပေါင်းလို့မှ (၆) တန်း အောင်ရဲ့ လားကွာ”၊ “ကောက်ရိုး ခြေထောက်၊ မြက်ခြေထောက်” လို့ အော်ဟစ်ပြီး စစ်သား တွေကို လှောင်တဲ့ သူက လှောင် နေကြ ပါတယ်။

နောက်ပိုင်းမှာ မောသွား ကြပြီး၊ ကျောင်းသားတွေက တကသ အဆောက်အဦ ရှေ့မှာ ဟောပြော ပွဲတွေ ကျင်းပ ကြတော့တယ်။ စကား ပြောသူ ပြော တုံးလုံး လှဲသူ လှဲ နေနေ ကြတယ်။ စစ်သား တွေလည်း အေးအေး ဆေးဆေး ဖြစ်သွား ပါတယ်။ အဲဒီလို နှစ်ဖက် စလုံး အေးဆေး ငြိမ်သက် နေချိန်မှာ နိုင်ငံတော် ကောင်စီဝင် ဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ကား ရောက်လာပြီး တံခါးဝမှာ ဒုဗိုလ်မှူးကြီး လှမြင့်၊ ဒုဗိုလ်မှူးကြီး စိန်လွင် တို့နဲ့ ရပ်ပြီး စကား စမြည် ပြောနေ တာကို မြင်ကြ ရပါတယ်။ (၁၀) မိနစ်လောက် အကြာမှာ ဗိုလ်မှူးကြီး သိန်းစိန်လည်း ကားနဲ့ ပြန်ထွက် သွားတယ်။ ဗိုလ်မှူးကြီး သိန်းစိန် ပြန်သွားပြီး မကြာမီ ပါပဲ ဗိုလ်မှူးကြီး မင်းသိမ်း ဂျစ်ကားလေး တစင်းနဲ့ ရောက်လာတယ်၊ စိန်လွင် လက်ထဲကို စာရွက်လေး တရွက် ထည်ပေး လိုက်တယ်၊ ပြီးတော့ ဆက်ထွက် သွားတယ်။ လှမြင့်နဲ့ စိန်လွင်လည်း အဲဒီမှာ ရှိနေတဲ့ တပ်မှူး တွေကို ခေါ်ပြီး ခေါင်းချင်း ရိုက်လိုက်တယ်၊ နောက်ပြီး တပ်ရင်းမှူးက လက်ကို ဝိုင်းပြီး သုံးကြိမ် ဝှေ့ယမ်း ပြလိုက်တဲ့ အချိန် မှာတော့ အသင့် နေရာ ယူထားပြီး ဖြစ်တဲ့ စစ်သား တွေဟာ စစ်မြေ ပြင်မှာ ရန်သူကို ချေမှုန်း သလိုမျိုး မောင်းပြန် ရိုင်ဖယ် တွေနဲ့ မန္တလေးဆောင်၊ ရာမညဆောင်နဲ့ အဓိပတိ လမ်းမ တလျောက်ရှိ ကျောင်းသား ထုထဲကို ဒလပ်စပ် ပစ်ခတ် ကြပါ တော့တယ်။ မန္တလေးဆောင် ခြံစည်းရိုး ပေါ်မှာ ထိုင်နေတဲ့ ကျောင်းသား တွေလည်း သေနတ် ထိမှန်ပြီး ဇောက်ထိုး ပြုကျ ကုန်တယ်။ အဓိပတိလမ်း တံခါးမကြီးကို ကိုင်ကာ ရပ်ကြည့် နေသူ တချို့လည်း သေနတ်မှန်ပြီး လဲကျ ကုန်တယ်။

ဒီလို ပစ်ခတ် လိမ့်မယ်လို့ မထင်မှတ် တာကြောင့် ကျောင်းသား အများစုက မှင်သက် မိပြီး နေရာ မှာပဲ ကျောင်းသား တော်တော်များများ အသက်ပျောက် ခဲ့ရတယ်။ အချို့လည်း ပြေးရင်း လွှားရင်း ထိမှန် ကုန်ကြတယ်။ ကျောင်းသား တချို့က နီးစပ်ရာ မန္တလေး အဆောင်ပေါ် တက်ပြေး ကြတယ်၊ ဒီလို အဆောင်ပေါ် တက်ပြေးတဲ့ ကျောင်းသား တွေကို စစ်သား တွေက ဒူးထောက်ပြီး မလွတ်တမ်း ပစ်ခတ်ခဲ့လို မန္တလေး အဆောင် လှေကားရင်း မှာတင် အလောင်းချင်း ထပ်ခဲ့ ရတယ်။ ဘေးနားရှိ စာတိုက် ဝင်းထဲက ရပ်ကြည့် နေသူတွေ ကိုပါ ပစ်ခတ် ခဲ့လို့၊ စာတိုက် ဝင်းထဲ မှာတင် သေဆုံး ဒါဏ်ရာ ရသူ (၄၀) လောက် ရှိတယ်။ စစ်သား တွေက ဒီ မောင်းပြန် သေနတ် တွေနဲ့ ၃ – ၄ မိနစ်လောက် ဆက်တိုက် ပစ်ခတ် ခဲ့တာ ဖြစ်တယ်။ တချို့လည်း သမဂ္ဂ အဆောက်အဦ ကြီးထဲကို ခိုဝင် လိုက်ကြ ရတယ်။ နောက်ပိုင်း ဒဏ်ရာ ရနေတဲ့ ကျောင်းသား တွေပါ သမဂ္ဂ အဆောက်အဦ ထဲကို ရွှေပြောင်း လာကြတယ်။ ဒီ ပစ်ခတ်မှု ပုံစံဟာ ဆန္ဒပြသူ အားလုံးကို အမြစ်ပြတ် ချေမှုန်းမယ့် ပုံစံမျိုး ဖြစ်တယ်။ ဝင်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ ပြီးမှ အစီအစဉ် တကျ ပစ်ခတ်ခဲ့တာ ဖြစ်တယ်။ အင်းလျားကန် ဘက်မှာ တာဝန် ကျတဲ့ ဗိုလ်ကြီး တဦး ကသာ လူသားခြင်း စာနာစိတ် အပြည့်အဝနဲ့ အင်လျား ကန်ဘက် ထွက်ပြေး လာတဲ့ ကျောင်းသား တွေကို လွတ်ပေး ခဲ့လို ကျောင်းသား အချို့ လွတ်မြောက် ခဲ့ရတယ်။ တကသ ရင်ပြင် ရှေ့မှာ ရှိတဲ့ ဆန္ဒပြ ကျောင်းသား တွေကို စစ်မြေပြင်ရှိ ရန်သူ အလား ပစ်ခတ် ခြေမှုန်း ပြီးတဲ့ အခါ ကျောင်းဆောင် အခန်း တွေကို တခန်းခြင်း ဝင်ရောက် ရှင်းကြ ပြန်တယ်။ ဒါပေမယ် သမဂ္ဂ အဆောက်အဦ ကတော့ ဒဏ်ရာရ ကျောင်းသား တွေကို သယ်ပြီး တာနဲ့ တံခါး ပြတင်းပေါက် အားလုံးကို အလုံ ပိတ်လိုက် တာကြောင့် ဝင်မရှင်း နိုင်တော့ဘဲ စစ်တပ်က ဝိုင်းရုံသာ ဝိုင်းထား လိုက်ကြ ရတယ်။

ပစ်ခတ်မှု ကိုယ်တိုင် ကြုံတွေ့သူတွေရဲ့ ဖွင့်ဟချက် တစိတ်တဒေသ

“ကျနော်သည် ဝတ်နေသည့် အနေအထား ၌ပင် လက်ထောက်ကာ ကိုယ်ကို အနည်းငယ့် ကပြီး ခေါင်းထောင်၍ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ မြေကြီးပေါ်တွင် ဝပ်နေရာမှ ကုန်ရုန်း ထပြီး စာတိုက် ဘေးဆီသို့ ပြေးနေကြသူ အများအပြား တွေ့ရ၏။ သွေးသံ ရဲရဲဖြင့် လဲနေသူ ဆယ်ပေါင်း များစွာ ပါလား။ တချို့ ထထိုင်ဖို့ ကြိုးစား နေကြသည်။ ကျနော့် လက်ျာ ဘက်၌ လက်လှမ်းမှီ ရာမှ ကျောင်းသား တယောက်မှာ ပက်လက် လန်နေသည်။ သူမှာ ခေါင်း တခြမ်း မရှိတော့။ ကျန် မျက်နှာ တခြမ်းမှ သူ့မျက်လုံးမှာ မှိတ်တုတ်မှိတ်တုတ် မျက်တောင် ခတ်နေဆဲ။ ပဲ့ထွက် နေသော သူ့ခေါင်းမှ ဦးနှောက် ဖြူဖြူ ဖွေးဖွေးတွေ ဖြာထက် နေသည်။ နီရဲသော သွေးများ ပန်းထွက် နေသည်။ ကျနော် ကြည့်နေဆဲ မှာပင် မှိတ်တုတ်မှိတ်တုတ် ခတ်နေသော သူ့မျက်လုံး ရပ်သွားသည်။ ကျနော် လက်ဝဲဘက် (၄) ပေခန့် အကွာတွင် အခြား တယောက်။ သူလည်း ပက်လက် လန်နေသည်။ သူ့ဝမ်းဗိုက် ညာဘက်ခြင်း ပွင့်ထွက် နေပြီး အူများ ပြူထွက် နေသည်။ သူ ညာလက်ဖြင့် သူ့အူများကို လှမ်းကိုင်ပြီး ဝမ်းဗိုက် ထဲသို့ ပြန်သွင်းဖို့ ကြိုးစား နေရာမှ သူ့လက်သည် မြေကြီး ပေါ်သို့ ရုတ်တရက် ကျသွားပြီး တကိုယ်လုံး ငြိမ်သက် သွားသည်။

x x x x x x x x

စာတိုက်ဘေး တည့်တည့် ခြံစည်းရိုး လေးမှာ ဒဏ်ရာ ရထားသူ တယောက်သည် ခြံစည်းရိုး သံတိုင်ကို ကိုင်၍ မတ်တတ် ထလိုက်သည်။ သူ ဘယ်ဘက် ပေါင်မှာ သေနတ်ကျဉ် အနီးကပ် မှန်ထား သဖြင့် အရေပြား တဲတဲလေးသာ ကျန်နေ သဖြင့် တွဲလောင်း ဖြစ်နေသည်။ ထိုသူသည် သံတိုင်ကို အားခဲ ခိုထားပြီး သူနှင့် လက်တကမ်း မျှသာ ဝေးသော စစ်သား များသို့ လှမ်းအော်၍ စကား ပြောလိုက်၏။ ‘ဒီမှာ ကြည့်ပါအုန်း လက်နက် ဆိုလို့ ဘာမှ မပါတဲ့ ကျနော်ကို ဘာကြောင့် ခုလို ပစ်ရ တာလဲ’။ သူနှင့် လက်တကမ်းမှ စစ်သားသည် သူနှင် နီးသော စစ်ဗိုလ်ကို လှမ်းကြည့် လိက်သည်။ စစ်ဗိုလ်က ကိုယ် အမူအယာဖြင့် အချက် ပေးလိုက် သည်နှင့် သူ့လက်ထဲမှ ဂျီ (၃) ဖြင့် ဒဏ်ရာကို ပြရင်း လဲကျ မတတ် ဖြစ်နေသူ လူငယ်အား ရင်ညွှန့်သို့ ချိန်၍ မောင်းဖြုတ် လိုက်ရာ လူငယ်မှာ ပုံလျက် ကျသွားသည်။ ‘ဟေ့ ရှေ့ကို နောက်ထပ် တက်မလာ ကြနဲ့။ လာရင် ပစ်သတ် ခံရ မှာဘဲ’။ ကျနော် ရပ်နေသော စာတိုက် ခြံစည်းရိုးမှ ၄-၅ ပေ မျှသာ ကွာသော နေရာ၌ ရပ်နေသည့် စစ်ဗိုလ် တယောက်က ကျနော် တို့ကို လှမ်း၍ ကြိမ်းမောင်း လိုက်ခြင်းဖြစ်သည်။”

တင့်ဇော်

(၇ ဇူလိုင် မှတ်တမ်း၊ စွမ်းမြိုင် စီစဉ်ပြီး၊ အလင်းအိမ် စာစောင် (ဂျပန်) မှ ထုတ်ဝေသည်၊ ပထမ အကြိမ် ၇ ဇူလိုင် ၂၀၀၆ မှ စာမျက်နှာ ၄၆ – ၄၇ နှင့် ၄၈)

ဒီ ဆန္ဒ ပြပွဲ ကြီးကို နှိမ်နှင်း ဖြိုခွဲဖို့ အတွက် ‘လုံခြုံရေး ကော်မတီ’ ကို ဗိုလ်နေဝင်းက ဖွဲ့ပေး ခဲ့တယ်။ ဒီ ကော်မတီမှာ ပြည်ထဲရေး ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စိုး ခေါင်းဆောင်ပြီး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီး သန်းစိန်နဲ့ ဒု-ရဲချုပ် ဘအေး တို့ ပါဝင် ကြတယ်။ ဒီ ကော်မတီ အဖွဲ့ဝင် တွေဟာ အသံလွှင် ရုံမှာ ရုံးထိုင်ပြီး အနီးကပ် ကွပ်ကဲ ခဲ့ကြတယ်။

ညပိုင်းမှာ ကျောင်းသား တွေကို ပစ်ခတ် နှိမ်နှင်း ရာမှာ ပါဝင် ပတ်သက် ခဲ့တဲ့ စစ်ဗိုလ်ကြီး တွေဟာ နန်ကင်း ဟော်တယ်က အစား အသောက်တွေ မှာယူပြီး အောင်ပွဲခံ စားပွဲ သောက်ပွဲတွေ ကျင်းပ ခဲ့ကြတယ်။ ဒီလို စားသောက် အပြီးမှာ ဗိုလ်လှဟန်နဲ့ ဗိုလ်အောင်ကြီး တို့ဟာ ဗိုလ်နေဝင်းဆီ သတင်း ပို့ဖို့ ထွက်လာ ကြတယ်။ လမ်းမှာ အင်းယားကန် ဟော်တယ် အဝင် ဝမှာ ရှိတဲ့ ပါမောက္ခ ဦးကာ အိမ် ရောက်တဲ့ အခါ ဝင်ကြပြီး၊ ဦးကာနဲ့ စကားစမြည် ပြောကြတယ်။ ဒီ ဗိုလ်မှူးကြီး တွေဟာ ဦးကာ အိမ်မှာ စုပြီး ကျောင်းသား ဆန္ဒပြမှု အခြေအနေ တွေကို စုံစမ်းကြ ဆွေးနွေး တိုင်ပင် တတ်ကြတယ်။

အဲဒီ အခါမှာ ဗိုလ်လှဟန်က ‘သမဂ္ဂကို ခွဲဖို့ သူတို့ အမိန့် ရထားပြီ’ လို့ ပြောလိုက်တယ်၊ ဒီတော့ ဗိုလ်အောင်ကြီး က ‘ဟာ – ခင်ဗျားတို့ ခွဲဖို့ အမိန့် မပေး လိုက်ကြ နဲ့အုန်း၊ ကျနော် ဥက္ကဋ္ဌကြီးကို ပြောအုန်း မယ်လို့’ ပြန်ပြော လိုက်တယ်။ ပြီးတော့ ဗိုလ်နေဝင်းဆီ ဆက်သွား ကြတယ်။ ဗိုလ်နေဝင်းဆီ ရောက်တော့ ဗိုလ်လှဟန်က အခြေအနေ အရပ်ရပ်ကို အစီရင် ခံတယ်၊ ဗိုလ်အောင်ကြီး ကတော့ အမြှီးကုပ် သွားတယ်။ ဗိုလ်အောင်ကြီးဟာ လုံခြုံရေး ကော်မတီမှာ တိုက်ရိုက် ပါဝင်ခြင်း မရှိ ပေမယ့် လုံခြုံရေး ကော်မတီ ဌာနချုပ် အဖြစ် ဖွင့်လှစ်ရာ အသံလွှင်ရုံ မှာရော၊ အနီးကပ် ကြီးကြပ် ကွပ်ကဲ နေတဲ့ ဗိုလ်မှူးကြီး တွေနဲ့ပါ တချိန်လုံး အတူတကွ ရှိနေ ပါတယ်။ (၈) လေးလုံး အရေးတော်ပုံ ကာလ မဆလ ပါတီ အရေးပေါ် ညီလာခံမှာ ဗိုလ်နေဝင်း မိန့်ခွန်း ပြောတဲ့ အခါ သူ့ဆီကို ဗိုလ်အောင်ကြီးနဲ့ ဗိုလ်လှဟန် လာတယ်။ ဗိုလ်လှဟန်က အခြေအနေ အရပ်ရပ်ကို သတင်း ပို့တယ်။ ဗိုလ်အောင်ကြီး ကတော့ ဘာမှ မပြောဘဲ ပြန်သွား ကြတယ်။ အသံလွှင်ရုံ ပြန်ရောက်တဲ့ ဥက္ကဋ္ဌကြီးက ‘OK’ လို့ ပြောလိုက်တယ်လို့ ဗိုလ်အောင်ကြီး ပြောတယ်။ ဒီတော့မှ သမဂ္ဂကို ဖောက်ခွဲ လိုက်တာလို့ ရှင်းပြ သွားတယ်။

အမှန်တော့ ကျောင်းသားတွေ သမဂ္ဂ အဆောက်အဦထဲ ဝင်ခို သွားကြပြီ ဆိုတာ သတင်း ပို့ပြီး သားပါ။ အဲဒီ အချိန်က ကွန်မြူနစ် တွေက ကျောင်းသားတွေ အတွက် လက်နက်တွေ ပို့ပေး ထားတယ်၊ ကွန်မြူနစ် တွေရဲ့  မြေပေါ် ဌာနချုပ်ဟာ သမဂ္ဂ အဆောက်အဦ ပဲလို သတင်းတွေ ထွက်နေ ခဲ့တယ်။ ဒီ အခြေအနေကို ဗိုလ်အောင်ကြီး က ၈-၇-၉၈ ရက်နေ့ VOA နဲ့ တွေဆုံ မေးမြန်းခန်းမှာ ဘယ်လို ပြောလဲ ဆိုတော့ “သမဂ္ဂမှာ ပေါ့လေ၊ ကျောင်းသားတွေက လက်နက် ကိုင်တဲ့ လူတွေ ရှိတယ် လူနာတွေ ဆွဲသွင်းပြီး တံခါးတွေ ပိတ်သွားတယ်၊ ဘာညာ ဆိုတော့ကာ ညနေဘက် နည်းနည်း စောင်းလာတော့ ဗိုလ်ချုပ်ကြီးက ဥက္ကဋ္ဌကြီးက ပြောတယ်။ ပြည်ထဲရေး ဝန်ကြီးကို တကယ်လို့ ညမိုးချုပ် သွားလို့ ရှိရင် အဲဒီ အပေါ် ပစ်လား ခတ်လား ဖြစ်လို့ ရှိရင် တို့လူတွေ သေမယ် အဲဒီတော့ အသေ မခံ နဲ့နော်၊ အဲဒီတော့ ရကွိုင်းလက် ဂန်းနဲ့ သမဂ္ဂကို ပစ်ခိုင်း လိုက်တာ”

သမဂ္ဂ အဆောက်အဦ ထဲမှာ လက်နက်ကိုင် လူတွေ ရှိတယ် ဆိုတာ မဟုတ်ပါဘူး၊ ဒါ တော်လှန်ရေး ကောင်စီရဲ့ ကုလား ဖန်ပါ။ ဒါဟာ သမဂ္ဂ အဆောက်အဦကို ရကွိုင်းလက်ဂန်းနဲ့ ပစ်ခွင်းဖို့ ဗိုလ်နေဝင်းက လုံခြုံရေး ကော်မတီကို အမိန့် ပေးလိုက် တာပဲ။ ဒါပေမဲ့ ရကွိုင်းလက်ဂန်း ကျည် ရှာမရ ခဲ့ကြဘူး၊ ဒီတော့ အမိန့် ပေးရင် ကိုက်ဖို့သာ သိတဲ့ စစ်ခွေး တစုဟာ ဒိုင်းနမိုက်နဲ့ ကပ်ခွဲဖို့ ဒိုင်းနမိုက် ရှာကြ ပြန်တယ်။ ည သန်းခေါင်ကျော်မှာ သမဂ္ဂကို ဖောက်ခွဲဖို့ ထောက်ကြံ့ ပင်မ ခဲယမ်း သိုလှောင်ရုံ ကနေ ဒိုင်းနမိုက် အမြောက်များ ရရှိ ခဲ့ပါတယ်။ သမဂ္ဂ အဆောက်အဦကို စိတ်ကြိုက် ဒိုင်းနမိုက်တွေ တပ်ဆင် ဖောက်ခွဲခဲ့ သူကတော့ အင်ဂျင် နီယာတပ်က ထားဝယ်သား ဗိုလ်မှူး ထွန်းရီပဲ ဖြစ်တယ်။ ဖောက်ခွဲရာ မှာလည်း လိုအပ်တဲ့ ပမာဏထက် အဆများစွာ ပိုသုံး ခဲ့တယ်။ ဒိုင်းနမိုက်ကို ရန်ကုန် မြို့လယ်လို နေရာ မျိုးမှာ တရားဝင် ဖောက်ခွဲဖို့ ဆိုတာ အနည်းဆုံး အဆင့် ဗိုလ်မှူးကြီး တဦးက ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ် ရေးထိုး ပေးမှသာ တရား ဝင်ပါတယ်။ ဒီနေရာမှာ တပ်မတော်ရဲ့  ပုံတော်သလို အမိန့် ပေးပြီး တရားခံ ရှာတတ်တဲ့ အာဏာရှင် လုပ်ထုံး လုပ်နည်းကို တွေ့ရ ပါတယ်။ ဗိုလ်နေဝင်းက ဗိုလ်ကျော်စိုး ဆီကို ဖောက်ခွဲဖို့ နုတ်မိန့် ပေးလိုက်တယ်၊ ဗိုလ်ကျော်စိုးက တဖန် ဗိုလ်ထွန်းရီ ဆီကို နုတ်မိန့် ပေးပြန်တယ်။ ဒီတော့ ဗိုလ်ထွန်းရီလည်း ဒိုင်းနမိုက် တွေက တပ်ဆင် ထားပြီးပြီ တရားဝင် အမိန့် ပေးတဲ့ စာချွန်လွှာ ကလည်း မရှိ၊ သူ့ကို အမိန့် ပေးလိုက်တဲ့ ဗိုလ်မှူးကြီးတွေ ကလည်း မရှိ၊ ဒီအချိန်ကြီး ဘယ်သွား ရှာရမှန်းလည်း မသိ ဖြစ်နေတယ်။ ဒီနေရာမှာ ဒါးခုတ်ရာ ခေါင်းဝင် ခံသူ ကတော့ တပ်မတော် စစ်မင်းကြီး ဗိုလ်မှူးကြီး ဘဦး (မင်းသိမ်း လို့လည်း ခေါ်တယ်) ပဲ။ သူက မနက်စောစော လမ်းလျှောက် လာရင်း ဗိုလ်ထွန်းရီက လက်မှတ် ထိုးပေးဖို့ ပြောတော့ ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ် ဝင်ထိုး ပေးသွားတယ်။ ဒီတော့မှ ဗိုလ်ထွန်းရီလည်း သမဂ္ဂ အဆောက်အဦမှာ အသင့် တပ်ဆင် ထားပြီး ဖြစ်တဲ့ ဒိုင်းနမိုက် တွေကို (၈) ရက်နေ့ မနက် လင်းအားကြီး (၃) နာရီခွဲ (၄) နာရီ ခန့်မှာ တကသ အပေါ်ထပ် မျက်နှာကြက်ပေါ် တက်ခါ ပုန်းအောင်း နေတဲ့ ဒဏ်ရ ကျောင်းသား တချို့နဲ့ အတူ သမဂ္ဂ အဆောက်အဦ ကြီးကို ဖောက်ခွဲ လိုက်ပါ တော့တယ်။

သမဂ္ဂ အဆောက်အဦမှာ ဘကြီး ကံသိန်းရဲ့ သမဂ္ဂ ဆံပင်ညှပ်ဆိုင်နဲ့ စားသောက်ဆိုင် ရှိပါတယ်။ သမဂ္ဂ ဆံပင် ညှပ်ဆိုင်က ဘကြီး ကံသိန်းဟာ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ် အောင်ဆန်းတို့ သမဂ္ဂ ခေတ် ကတည်းက ရှိနေသူပါ။ အဲဒီ အချိန်က သမဂ္ဂ စားသောက်ဆိုင် တင်ဒါ ရပြီး ဖွင့်နေတဲ့ သူကတော့ ပန်းချီ ဦးနန်းဝေ ဖြစ်ပါတယ်။ သူတို့ မိသားစု တွေပါ သမဂ္ဂ အဆောက်အဦ ထဲမှာ နေကြ ပါတယ်။ (၇) ရက်နေ့ည (၁၁) နာရီ လောက်မှာ စစ်တပ်က စစ်ဗိုလ် တွေက ဦးကံသိန်းနဲ့ ဦးနန်းဝေ တို့ရဲ့ နာမည် တွေကို လက်ကိုင် အသံ ချဲစက် တွေနဲ့ အော်ခေါ် ပါတယ်။ နောက်ပြီး သမဂ္ဂ အဆောက်အဦ ထဲကနေ မိသားစု နဲ့အတူ ထွက်ပေးဖို့ ပြောပါတယ်။ ဦးကံသိန်းနဲ့ ဦးနန်းဝေ တို့က ညကြီး သန်ခေါင် ကားရှာ မရလို့ မနက်မှ ထွက်ရ ပါစေလို့ တောင်းပန် တာကို လက်မခံဘဲ၊ ညတွင်းချင်း လူချည်းပဲ ထွက်ရမယ်၊ မိသားစု ဟုတ် မဟုတ်ပါ လူစာရင်း ကိုလည်း စစ်ဆေး မယ်လို့ ပြောတယ်။ ယူနီယံ ထဲမှာ မသမာ သူတွေ ခိုအောင်း နေနိုင်လို့ အပြတ် ရှင်းမယ် လို့လဲ ပြောတယ်။ ဒါကြောင့် သူတို့လည်း မိသားစုနဲ့ ခြေလွတ် လက်လွတ် ညတွင်းချင်း ထွက်ခဲ့ ရတယ်။ ဦးကံသိန်း ပြောတာ ကတော့ အထဲမှာ ခိုအောင်းတဲ့ သူ ဆိုတာလည်း မရှိ ပါဘူး။ သူတို့ ထင်သလို မြေအောက် ခန်းတွေ ဘာတွေလည်း မရှိ ပါဘူးတဲ့။ ဒါပေမဲ့ မိုက်လုံးကြီး မနာလို ဝန်တိုတဲ့ စစ်အာဏာ ရူးတွေ ကတော့ (၈) ရက်နေ့ လင်အားကြီးမှာ ကျောင်းသားထု ပိုင်ဆိုင်တဲ့ ယူနီယံ ကြီးကို မိုင်းခွဲ ဖျက်ဆီး ပစ်လိုက် ပါတော့တယ်။

အဲဒီနေ့ ည (၇) နာရီ အချိန် မြန်မာ ရေဒီယို ကနေ အသံလွှင်တဲ့ အခါ အာဏာရူး နေဝင်းဟာ

“ကျနော် တိုင်းပြည် တာဝန် ယူသည့် အချိန်မှာ တက္ကသိုလ် ကျောင်းသား များရဲ့ စည်းမဲ့ ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက် နေလို့ တပ်မတော်ရဲ့ အင်အား တစိတ် တဒေသကို သုံး၍ ဖြေရှင်း လိုက်ပါသည်” တဲ့ …

“အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသား ကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့် ပရောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စား မိပါတယ်။ ကျနော် တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေ ကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြော လိုပါဘူး။ ဓါးကို ဓါးချင်း လှံကို လှံချင်း ဆိုင်ဖို့သာ ရှိပါတယ်” လို့ ကျောင်းသားနဲ့ ပြည်သူ တရပ်လုံးကို မိုက်မိုက် ရိုင်းရိုင်း ‘ဒါး ဒါးချင်း လှံ လှံချင်း’ ဆိုပြီး ထပ်မံ စိန်ခေါ် စော်ကားခဲ့ ပြန်တော့တယ်။ နောက်ပြီး စစ်အစိုးရက ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန် ရာမှာလည်း ကျောင်းသား (၁၇) ဦးသာ သေဆုံးကြောင်း ကြေညာ ခဲ့တယ်။ အမှန်မတော့ မန္တလေးဆောင် တခုထဲတင် စာရင်း အရ (၁၇) ဦး သေဆုံး ခဲ့တယ်။ မြောင်းမြက ကျောင်းသား ကိုကျော်ဝင်းဟာ သူရဲ့ ခန္ဓာကိုယ်က သွေးနဲ့ မန္တလေးဆောင် နံရံမှာ “၇ – ၇ – ၆၂ မမေ့ကြနဲ့” လို့ ရေးသွား ခဲ့တယ်။

၆၂ ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးလှရွှေကို ဒီဗွီဘီ အသံလွှင် ဌာနက ဇူလိုင်လ ၇ ရက် ၂၀၀၆ နေ့ ဆက်သွယ်ပြီး “ဘာကြောင့် နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက ကျောင်းသား သမဂ္ဂ အဆောက်အဦကို ဖြိုဖျက် ပစ်ခဲ့ ရတာလဲ” ဆိုတာကို မေးမြန်း ခဲ့ရာ၊ ဦးလှရွှေက အခုလို ဖြေကြား ခဲ့ပါတယ်။

“ဒါကတော့ ခင်ဗျား တို့လဲ သိနေ ကြတာပဲ။ ဗမာပြည် ခေတ် အဆက်ဆက်က နိုင်ငံရေး မျိုးဆက်တွေ ဆိုတာ ကျောင်းသား သမဂ္ဂ စင်မြင့် ပေါ်က ဖြတ်လာ ကြတာ ချည်းပါပဲ။ ဒါ တဖက်က ကြည့်လို့ ရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် ပါလေ၊ ဒီ အဆောက်အဦဟာ ခေတ် တခေတ် ဗမာပြည် နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေး တိုက်ပွဲခေတ် ကိုယ်စား ပြုထားတဲ့ အဆောက်အဦပဲ။ ဒီဘက်ခေတ် ကျတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကိုယ်စားပြုတဲ့ အဆောက်အဦ ဖြစ်နေ တာပေါ့။ အဲဒီတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို မျက်ကွယ် ပြုချင်တဲ့ လူတွေ ကတော့ တခြား ရွေးစရာ လမ်းမရှိလို့ ထင်ပါတယ်။”

ဒီလို နီမောင်းသော ခွပ်ဒေါင်း အပေါင်း တို့ရဲ့ အပျိုစင် မိခင် သမဂ္ဂကို ကျောင်းသားတွေ နဲ့အတူ ဖြိုချ ဖျက်ဆီး ခဲ့မှုဟာ ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေး ကောင်စီ အဖို့ သမိုင်းမှာ ဖျောက်ဖျက်လို့ မရ တော့တဲ့ အမည်း စက်ကြီးပါပဲ။ ဒီ သမဂ္ဂ ကြီးကပဲ အာဇာနည် ခေါင်းဆောင်တွေ၊ နိုင်ငံ ခေါင်းဆောင် တွေနဲ့ မြန်မာ့ လွတ်လပ်ရေးကို မွေးဖွား ပေးခဲ့တယ်။ နောက်ပြီး သမဂ္ဂ အဆောက်အဦဟာ မြန်မာ နိုင်ငံရဲ့  လူမှုရေး၊ နိုင်ငံရေး ပြယုဂ်လည်း ဖြစ်တယ်။ နယ်ချဲ့ အင်္ဂလိပ် တို့ရဲ့ လက်ထက် မှာတောင် သမဂ္ဂဟာ ဒီလို လူမဆန်စွာ ရိုင်းပြ ရက်စက်မှုကို မကြုံ ခဲ့ရ ဖူးဘူး။

ဒီတော့ ကျနော်တို့ တတွေလည်း ကိုကျော်ဝင်း သွေးနဲ့ ရေးခဲ့ သလို “၇ – ၇ – ၆၂ ကို မမေ့ ကြဖို့” လိုပါတယ်။ နောက်ပြီး ၁၉၆၃ ဇူလိုင်လ ကျောင်းပြန် အဖွင့်မှာ သမဂ္ဂ အဆောက်အဦ နေရာမှာ ယာယီ တဲဖြင့် သမဂ္ဂကို ပြန်လည် တည်ထောင် ကြတယ်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နဲ့ အတူ အလျား (၇၇) လက်မ၊ အနံ (၆၂) လက်မ ရှိတဲ့ ကျောက်တိုက် တခု လုပ်ပြီး၊ ၇ – ၇ – ၇၂ နေ့မှာ ကျဆုံး ခဲ့ရတဲ့ ကျောင်းသား ရာကျော် အတွက် ရည်စူးကာ “ရာကျော် ကျောက်တိုင်” လို့ အမည် တွင်စေ ခဲ့တယ်။ ဒီ “ရာကျော် ကျောက်တိုင်” ဖွင့်ပွဲမှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း မိန့်ကြား ခဲ့သလို “အဆောက်အဦ ကိုသာ ဖြိုလို့ ရမယ်၊ အမောင်တို့ ရင်ထဲက သမဂ္ဂ စိတ်ဓာတ် ကိုတော့ ဘယ်သူမှ ဖြိုလို့ မရ ပါဘူး၊” ဆိုတဲ့ သမဂ္ဂ စိတ်ဓာတ်ကို အစဉ် နှလုံး သွင်းကြဖို့ လိုပါတယ်။

မှတ်ချက် – ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒ ပြပွဲတွေ ဖြစ်ပေါ် ခဲ့ပြီး၊ ကျောင်းတွေ ပြန်ပိတ် လိုက်တဲ့ အခါ ရာကျော် ကျောက်တိုင်နဲ့ အတူ သမဂ္ဂ ယာယီတဲ အဆောက်အဦလည်း ထပ်မံ ဖျက်ဆီး ခံရတယ်။
http://usuburma.co.cc/?p=71 မှ ထပ်ဆင့်ဖော်ပြပေးတာပါ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်