Tuesday, July 14, 2009

ညောင်လေးပင်မြို့နယ်အတွင်းရှိ လယ်သမားများ အလုပ်လက်မဲ့ဖြစ်ပြီး ဒေသတွင်း အလုပ်လက်မဲ့ဦးရေ များပြားလာ

ရိုးမ ၃ ၊ ယခုနှစ် စပါးစိုက်ရာသီတွင် လယ်ပိုင်ရှင်များအနေဖြင့် စပါးစိုက်ခင်းများ မလုပ်နိုင်သဖြင့် ၎င်းတို့ကို မှီခိုနေရသည့် လယ်အငှားလုပ်သားများမှာ အခက်ခဲများစွာ ကြုံတွေ့နေရသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ လယ်သမားများအနေဖြင့် ပြီးခဲ့သည့်နှစ်က ပဲ၊ စပါးများ အရှုံးပေါ်ခဲ့သည့်အတွက် ယခုအခါ စပါးစိုက်ပျိုးနိုင်ခြင်းမရှိဘဲ ကျဲခင်းများ လုပ်ကိုင်နေရကြောင်း ဒေသခံတဦးက ပြောသည်။

"စိုက်ခင်းလုပ်တာ မရှိတော့ လယ်အငှားလိုက်လုပ်တဲ့သူတွေက အလုပ်လက်မဲ့ဖြစ်ပြီး နယ်စပ် မြဝတီ၊ မဲဆောက်ဘက်မှာ အလုပ်ကြမ်းတွေ လိုက်လုပ်ကြတယ်၊ အဲလိုမသွားနိုင်တဲ့ သူတွေက ရွာထဲမှာ ဒီတိုင်း ငုတ်တုတ်အငတ်ခံနေရတဲ့ အခြေအနေကို ဖြစ်နေတာ၊ လယ်သမားဆိုတာ မြေပိုင်ရှိတဲ့သူတွေလို့ ထင်ကြတာ၊ တကယ်တမ်းကျတော့ လယ်ပိုင်မရှိဘဲ လယ်လိုက်လုပ်နေရတဲ့ သူတွေလဲ အများကြီး၊ အဲဒီလူတွေပါ ထိခိုက်ကုန်တာ" ဟု ပြောသည်။

လယ်သမားများအနေဖြင့် ပြီးခဲ့သည့်နှစ်က ချေးယူထားသည့် အကြွေးများ မကျေသဖြင့် ထပ်မံချေးမည့်သူ မရှိသည့်အပြင် နွားများ၊ စက်များရောင်းကာ ကြွေးဆပ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

စိုက်ပျိုးရေးဘဏ်မှ လယ်သမားများကို ထုတ်ပေးသည့် ချေးငွေ တသောင်းနှုန်းဆိုသည်မှာလည်း စပါးမျိုးဝယ်ရန်ပင် မဖြစ်နိုင်ကြောင်းနှင့် ကြံ့ခိုင်ရေးအသင်းမှ ပေးသည့် ချေးငွေမှာ အာဏာပိုင်များနှင့်နီးစပ်သူများသာ ရသည်ဟု ပြောသည်။
မြို့နယ်ကြံ့ခိုင်ရေးက ချေးတာ ကြားတယ်၊ အဲဒါကလဲ လက်သင့်ရာ စားတော်ခေါ်သဘောပဲ၊ ရယကနဲ့အဆင်ပြေတဲ့ သူတွေလောက်သာ ရသွားတာ၊ စိုက်ဘဏ်က ပေးတာကို စပါးစိုက်ရာသီမှာ စားစရိတ်ခုမိလောက်တဲ့ သဘောနဲ့ လယ်သမားတွေက ယူတာ" ဟု ပြောသည်။

ညောင်လေးပင်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၆၀ ရှိပြီး စပါးစိုက်ဧက တသိန်းနှစ်သောင်းကျော်ရှိကာ ယခုနှစ် စိုက်ပျိုးမှုများမှာ စိုက်ဧက တဝက်ခန့်သာရှိပြီး ကျဲခင်းများ လုပ်ထားရခြင်းဖြစ်သည်။

အခုစိုက်ထားတာတွေရဲ့ (၆၅) ရာခိုင်နှုန်းကျော်က ကျဲခင်းတွေပဲ၊ စိုက်ခင်းက တဧကကို စပါးတင်း ၆၀ လောက် ထွက်တယ်၊ ကျဲခင်းက ၃၀ လောက်ပဲ ထွက်တာ၊ အဲဒါ သိပေမဲ့လဲ စိုက်စရိတ်မရှိလို့ လုပ်ထားရတာ" ဟု ပြောသည်။

ယခုကဲ့သို့ လယ်ပိုင်ရှင်များကိုယ်တိုင် စပါးစိုက်ပျိုးနိုင်ခြင်းမရှိသည့်အတွက် လယ်အငှားလုပ်သူများမှာ အလုပ်လက်မဲ့ဖြစ်ပြီး ဒေသတွင်း အလုပ်လက်မဲ့ဦးရေ များပြားလာနေလျက်ရှိသည်ဟု ဆက်ပြောသည်။
http://www.yoma3.org မှ ရယူပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်