Tuesday, October 13, 2009

သည်ဗွိုက်စ် (The Voice)၊ မောင်ရစ်နဲ့ ဖိနပ်ပြဿနာ

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိလာကြတဲ့ နအဖ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ နိုင်ငံခြားရေး ဝန်ကြီး (ဗိုလ်ချုပ်ဟောင်း) ဦးဉာဏ်ဝင်းတို့ကို ဒီမိုကရေစီ လိုလားသူ မြန်မာနိုင်ငံသားတွေက ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုဟာ ယခုတလော မြန်မာနိုင်ငံသားတွေ ကြားမှာ ဝေဖန် ဆွေးနွေးစရာ ဖြစ်နေပါတယ်။ အဲဒီလုပ်ရပ်ကို ကြိုဆိုသူတွေ ရှိသလို၊ ဒါမျိုးလုပ်တာကို မကြိုက်သူ မလုပ်လိုသူတွေလည်း ရှိပါတယ်။ ဒါမျိုး မလုပ်သင့်ကြောင်း ကိုယ်ပိုင် ဘလော့ကနေ ဝေဖန်ခဲ့တဲ့ စင်ကာပူမှ မြန်မာနိုင်ငံသား ဘလော့ဂါ တချို့ရဲ့ တင်ပြချက် အချို့ဟာ တလေးတစား တွေးတော စဉ်းစားသင့်တဲ့ အချက်တွေ ပါဝင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ အခု အပတ်ထုတ် သည်ဗွိုက်စ် ဝီကလီး (The Voice Weekly) ဂျာနယ်ရဲ့ Editorial (ခေါင်းကြီးပိုင်း) မှာ ဒီကိစ္စကို 'မှန်ဖြင့် ဆောက်မည့်အိမ်၊ စနစ်နှင့် လူများ' ခေါင်းစဉ်တပ် ရေးသားထားတာကို ဖတ်မိရာကနေ အခုဆောင်းပါး 'သည်ဗွိုက်စ် (The Voice)၊ မောင်ရစ်နဲ့ ဖိနပ်ပြဿနာ' ကို ပြန်ရေးမိတာ ဖြစ်ပါတယ်။

အခုလို ကိုယ့်လက်မခံနိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖိနပ်နဲ့ ပေါက်တဲ့ အလေ့အထဟာ အီရတ်မှာ ပြုလုပ်တဲ့ အမေရိကန် သမ္မတ ဂျော့ ဒဗလျူ၊ ဘွတ်ရှ် (George W. Bush) ရဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ အီရတ် ဂျာနယ်လစ် တယောက်ဖြစ်တဲ့ (Egypt-based al-Baghdadia television network မှ) Muntadhar al-Zaidi က သမ္မတ ဘွတ်ရှ်အား ဖိနပ်နဲ့ ထပေါက်တာကနေ စလာတဲ့ ပုံတူ ကူးချမှုလို့လည်း ဝေဖန်သူတွေက ဝေဖန်ကြပါတယ်။ ကောင်းဗွိုင် (Cowboy = အမေရိကန် နွားကျောင်းသာများ လို့ခေါ်တဲ့ မြင်းတစီး သေနတ်တလက်ဖြင့် ထိန်းကျောင်းသူများ) တို့ရဲ့ မွေးရပ် ဇာတိမြေမှ လာတဲ့ သမ္မတ ဘွတ်ရှ်ဟာ ဒီမိုကရေစီ အလံကို အမြင့်ဆုံး လွှင့်တင်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ယှဉ်လာရင်တော့ လူ့အခွင့်အရေးကို နည်းနည်းလေးမှ ဂရုမစိုက်တာ တွေ့ရတယ်။ အီရတ်ကို ဝင်တိုက်ပြီး ဆတ်ဒန်ဟူစိန်ကို ဖြုတ်ချလိုက်တဲ့ ကိစ္စကိုလည်း ကမ္ဘာ့ပြည်သူ အများစုကြီးက ခံတွင်း မတွေ့ကြတာလည်း အမှန်ပါပဲ။ မြန်မာ့ ဒီမိုကရေစီအရေး တက်ွ့က လှုပ်ရှားသူတွေ အကြားမှာလည်း၊ "ငါတို့အရေးကို လင်ရော မယားပါ ထက်ထက်သန်သန် တက်တက်ွ့ကွ့က ထောက်ခံနေလို့သာ၊ ဒီကောင်းဗွိုင် သမ္မတရဲ့ လုပ်ရပ်တွေကို ထောက်ခံဖို့တော့ ခပ်ခက်ခက်ကွ" လို့ ပြောဆို ဝေဖန်သံတွေကိုလည်း ကြားရဖူးသလို၊ အဲဒီလို ဖိနပ်နဲ့ မပေါက်ခံရခင် ကတည်းက အမေရိကန် ပြည်သူတွေ ကြားထဲမှာလည်း သမ္မတကို ထောက်ခံမှုတွေ လျော့ကျလာနေတယ်လို့ ကြားသိခဲ့ရဖူးပါတယ်။ ဒါတွေကြောင့်ပဲလားတော့ မသိ၊ ဒီလို သူတို့ကိုယ်တိုင် ရွေးကောက် တင်မြှောက်ထားတဲ့ သမ္မတဘွတ်ရှ်အား အီရန် ဂျာနယ်လစ်က ဖိနပ်နဲ့ ပစ်ပေါက်လိုက်တာကို အမေရိကန် ပြည်သူတွေနဲ့ သတင်းစာတွေကတော့ သတင်းတပုဒ်ထက် ပိုပြီး မမြင်ခဲ့ကြပါဘူး။


ဒါပေမဲ့လည်း ဘွတ်ရှ် ဖိနပ်နဲ့ ပေါက်ခံရတဲ့ နောက်ဆက်တွဲ အဖြစ်၊ ဖိနပ်ပေါက်မှုတွေ ဒီမိုကရေစီ နိုင်ငံ အတော်များများမှာ ဖြစ်လာတာကိုတော့ သတိထားမိလာရသလို။ ယခုနှစ် ဧပြီ ၂၆ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ၊ အမာဒါဘတ် (Ahmedabad) မှာ ဝန်ကြီးချုပ် မက်မိုဟန်ဆင်း (Dr. Manmohan Singh) ကို အသက် ၂၆ နှစ်အရွယ် အိန္ဒိယနိုင်ငံသား ကွန်ပျူတာ အင်ဂျင်နီယာ ကျောင်းသား တဦးက ဖိနပ်နဲ့ ပစ်ပေါက်တာ ဖြစ်ခဲ့ပြန်တယ်။


ပြီးတော့မှ နယူးယောက်မှာ နအဖ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ နိုင်ငံခြားရေး ဗိုလ်ချုပ်ဟောင်း ဦးဉာဏ်ဝင်းတို့ စီးတဲ့ ကားကို ဒီမိုကရေစီ လိုလားသူ မြန်မာနိုင်ငံသား အချို့က ဖိနပ်နဲ့ ပစ်ပေါက်တာ ဖြစ်ပွားခဲ့တာပါ။


ဘွတ်ရှ် ဖိနပ်နဲ့ အပေါက်ခံရပြီး နောက်ပိုင်း အလားတူ အမှုတွေ အမြောက်အမြား ဖြစ်ပွားခဲ့ပေမယ့်၊ ကျနော် အနေနဲ့ သိသာရုံသာ အိန္ဒိယမှာ မကြာသေးခင်ကမှ ဖြစ်ပွား ဖိနပ်နဲ့ ပစ်ပေါက်မှု တမှုကို ထုတ်ဖော် တင်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို free encyclopedia တခု ဖြစ်တဲ့ အခမဲ့ စွယ်စုံကျမ်း ကွန်ရက် စာမျက်နှာ ဝီကီပီဒီယားမှာ အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ [http://en.wikipedia.org/wiki/Muntadhar_al-Zaidi]


ဒါဆိုရင် မြန်မာနိုင်ငံမှာရော ဒီလို ကိုယ့်မကျေနပ်တဲ့ စင်ပေါ်ကလူကို ဖိနပ်တွေ ဘာတွေနဲ့ ပစ်ပေါက်တဲ့ အလေ့ အရင်က မရှိခဲ့ဘူးလား ဆိုတဲ့ အမေး ပေါ်လာတော့၊ ကျနော်ရဲ့ အကိုလို ဖြစ်တဲ့ သူငယ်ချင်း တဦး ပြောတာကို သွားသတိရမိတယ်။ ကျနော်တို့တတွေ လူငယ် ဘာသာဘာဝ ကိုယ့်ကြိုက်တဲ့ သဘောကျတဲ့ အဆိုတော်တွေ တီးဝိုင်းတွေအကြောင်း ဝိုင်းဖွဲ့ ပြောကြတဲ့ စကားဝိုင်းမှာ၊ အဲဒီ သူငယ်ချင်းက သူအကြိုက်ဆုံး အဆိုတော်က 'ဘိုတောက်' လို့ ပြောပါတယ်။ ပြီးတော့ သူ ပါးစပ်ဖျားမှာ စွဲနေတဲ့ 'ဘိုတောက်' သီချင်းတပုဒ်ကိုပါ ဟစ်ပြလိုက်ပါသေးတယ်။ ဒါနဲ့ အခြားသူတွေက "မင်း ဘိုတောက်ရဲ့ ဘယ်စီးရီး ဘယ်သီချင်းတွေ ကြိုက်တာလဲ" လို့ ဝိုင်းမေးကြတော့၊ သူ့ပါးစပ်ဖျား စွဲနေတဲ့ 'ဘိုတောက်' သီးချင်းတပုဒ်က လွဲပြီး ဘိုတောက် စီးရီးတွေ၊ စီးရီးခေါင်းစဉ်တွေ သာမက အခြား ဘယ် 'ဘိုတောက်' သီချင်းကိုမှ ကောင်းကောင်း မသိတာ တွေ့ရတယ်။ ဒါနဲ့ ခင်ဗျားက 'ဘိုတောက်' ကြိုက်တယ်ဆိုတာ ဘာကို ကြိုက်တာလဲ ဆိုတော့မှ သူ ဘာကြောင့် ကြိုက်ရတဲ့ အကြာင်းရင်းကို အခုလို ပြောပြပါတယ်။


"ဟာကွာ - ဒို့ဆီမှာ ဘိုတောက်တို့ တီးဝိုင်းအဖွဲ့ သီချင်း လာဆိုတော့၊ ဘိုတောက် အလှည့်ရောက်ပြီး ၂ ပုဒ် ၃ ပုဒ်လည်း ပြီးရော ဒို့နယ်က လူတွေက ပြောင်းဖူးရိုးတွေ ဘာတွေနဲ့ ဝိုင်းအားပေးကြတာကွ။ ဘိုတောက်က ဘယ်လုပ် မှတ်လဲ၊ သူ့ကိုယ့် ပစ်တဲ့ ပြောင်းဖူးရိုး တရိုးကို စင်ပေါ်ကနေ ကောက်ကိုက်ပြီး ဆက်ဟစ်တာ ကောင်းမှကောင်း။ ငါတော့ အဲဒါကို အရမ်းသဘောကျတာ သွားပြီး၊ အဲဒီကတည်းက ဘိုတောက်သာ အကောင်းဆုံးလို့ သတ်မှတ်လိုက်တော့တာ" တဲ့။


ကျနော်က ဒီလို ရေးလိုက်လို့ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့၊ ဗိုလ်ချုပ်ဟောင်း ဦးဉာဏ်ဝင်းတို့ အနေနဲ့ 'ပေါက်တဲ့ ဖိနပ်ကို ကောက်ကိုက်လိုက်ပေါ့' လို့ ပြောလိုခြင်း လုံးဝ မဟုတ်ပါ။ ဖိနပ်နဲ့ ပြောင်းဖူးရိုး မတူတာကို ကျနော် နားလည်ပါတယ်။ ဆိုလိုချင်တာက မြန်မာနိုင်ငံမှာ စင်ပေါ်တက် ကို့ရိုးကားရား လုပ်တယ်လို့ ပရိသတ်က မြင်လာရင်တော့ ဒီလို ပြောင်းဖူးရိုးတို့ ဘာတို့နဲ့ ပစ်ပေါက်တတ်တဲ့ အလေ့အထ ဟိုအရင်ကတည်းက ရှိတယ် ဆိုတာကို ပြောပြချင်တာ သက်သက်ပါ။


နောက်ပြီး ဒါမျိုးလုပ်တာကို ကျနော် အနေနဲ့ ထောက်ခံတယ်၊ အားပေးတယ် ဆိုတဲ့ အဓိပ္ပါယ်လည်း မဟုတ်ပါဘူး။ ဒါမျိုး အလေ့အထကို ကျနော်လည်း မကြိုက်လှပါဘူး။ ဒါပေမဲ့ ကျနော် မကြိုက်တာနဲ့ ဒါမျိုး မလုပ်ရဘူးလို့လည်း ယတိပြတ် ပြောလို့ မရပါဘူး ဆိုတာကိုပါ နားလည်ပါတယ်။ လူတဦးချင်းစီရဲ့ ကိုယ့်ပိုင် ဆုံးဖြတ်ချက် အပြင် ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင် အခြေအနေ အပေါ်မှာလည်း မူတည်အုန်းမှာပါ။ ကျနော် အနေနဲ့ကတော့ စတိတ်ရိုး တပွဲ သွားကြည့်မိတဲ့အခါ စင်ပေါ်က လူက စင်ပေါ်မှာ ကို့ရိုးကားရား ရှောက်လုပ်လာလို့ မကြိုက်တော့ရင် ကုန်ကျခံထားတဲ့ ပိုက်ဆံကို အဆုံးခံပြီး ပြန်ထွက်လာလိုက်မှာ။ ကိုယ့်ကုန်ထားတဲ့ ပိုက်ဆံ နှောမျောပြီး ပြန်မထွက်ဘဲ ဆက်ကြည့်နေမိရင်၊ ကိုယ်လည်း ပြောင်းဖူးရိုးနဲ့ ထုတဲ့အထဲမှာ ပါမိဖို့ရာက များနေတယ်လေ။


နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စတွေမှာတော့ စတိတ်ရိုးကြည့်သလို ပြန်ထွက်လာလိုက်ပေါ့လို့ ပြောလို့ လုပ်လို့ မရပါဘူး။ ပိုဆိုးတာက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ နိုင်ငံခြားရေး ဝန်ကြီး (ဗိုလ်ချုပ်ဟောင်း) ဦးဉာဏ်ဝင်းတို့ဟာ ဘယ်ပြည်သူကမှ ရွေးကောက် တင်မြှောက်ထားတဲ့ ဝန်ကြီးတွေ မဟုတ်တဲ့ အပြင် အာဏာကို လက်နက်အားကိုးနဲ့ မတရား ရယူထားသူတွေ ဖြစ်ပြန်လေတော့ ကြုံတုန်း ဖိနပ်စာ ကွေ္ဆးချင်သူတွေကို ကိုယ့်မကြိုက်လည်း အပြစ်မမြင်မိတာတော့ အမှန်ပါ။


အခုတော့ ပြည်တွင်းမှာ တရားဝင် ထုတ်ဝေ ဖြန့်ချိနေတဲ့ သည်ဗွိုက်စ် ဂျာနယ် (The Voice Weekly - Vol. 5/ No. 49, Monday, October 12-18, 2009) Editorial (ခေါင်းကြီး) မှာ ဒီဖိနပ် ပြဿနာကို 'မှန်ဖြင့် ဆောက်မည့်အိမ်၊ စနစ်နှင့် လူများ' လို့ ခေါင်းစဉ်တပ်ပြီး ရေးထားတာကို ဖတ်ရတယ်။ နအဖ စစ်အစိုးရရဲ့ စာပေစီစစ်ရေး လက်အောက်မှာ ထုတ်ဝေနေရတဲ့ ပြည်တွင်းက ဂျာနယ် တစောင်ဖြစ်လို့ နအဖ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးကို နယူးယောက်မှာ ဖိနပ်နဲ့ ဆုံးမနေကြပြီလို့ ပြည်သူလူထုကို တဖက်လှည့်နဲ့ သတင်း ပေးချင်လိုများလား။ ဒါပေမဲ့လည်း ရေးထားတဲ့ သည်ဗွိုက်စ် Editorial (ခေါင်းကြီး) အာဘော်အရတော့ သတင်းဂျာနယ် တစောင် မပီမသနဲ့ ဘက်လိုက် ရေးသားထားတာကို တွေ့ရပါတယ်။ ၇၊ ၁ဝ၊ ၂ဝဝ၉ နေ့စွဲနဲ့ 'အယ်ဒီတာ' အနေနဲ့ ရေးသားထားတဲ့ အဲဒီ ခေါင်းကြီးရဲ့ ပထမအပိုဒ်မှာ၊


"နယူးယောက်မြို့တော်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လိုလားသူဆိုသူများ အီရတ်နိုင်ငံတွင် သမ္မတ ဘွတ်ရှ်ကို ဆန္ဒပြခဲ့သူတစ်ဦးကို အတုယူ၍ အလားတူ လုပ်ဆောင်ခဲ့ကြခြင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာတို့သည် အီရတ်တို့ကဲ့သို့ပင် လူကြီးလူကောင်း မဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် သက်သေထူခဲ့ခြင်းဖြစ်ရာ မြန်မာ တစ်ဦးအနေဖြင့် များစွာ အရှက်ရမိပါသည်" (မူရင်း သတ်ပုံအတိုင်း)

လို့ ရေးပြီး အစပျိုးထားပါတယ်။


ဒီတော့ သည်ဗွိုက်စ် Editorial (ခေါင်းကြီး) အရ လူကြီးလူကောင်း မဆန်တာ၊ မယဉ်ကျေးတာ၊ Civilize မဖြစ်သူတွေဟာ အီရတ်တွေ ဖြစ်တယ်။ ဒီအီရတ်တွေ အပြင် 'ဒီမိုကရေစီ လိုလားသူဆိုသူများ'ပါ ပါတယ်လို့ ဆိုလိုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အပိုဒ် ၄ ပိုဒ် ပါရှိတဲ့ သည်ဗွိုက်စ်ရဲ့ Editorial (ခေါင်းကြီး) မှာ အဲဒီ 'ဒီမိုကရေစီ လိုလားသူဆိုသူများ' ကရော၊ ပထမဆုံး စတဲ့ အီရတ် ဂျာနယ်လစ်ကရော ဘာကြောင့် အခုလို ဖိနပ်နဲ့ ပစ်ပေါက်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို တလုံးတပါဒမှ ဖော်ပြထားတာကိုတော့ မတွေ့ရဘူး။ ဒါပေမဲ့လည်း သူ့နိုင်ငံကို သိမ်းယူထားတဲ့ နိုင်ငံခြား တိုင်းပြည် တပြည်မှ သမ္မတ တဦးကို ဖိနပ် ထပေါက်ရုံနဲ့ အီရတ် လူမျိုးတွေဟာ လူကြီးလူကောင်း မဆန်သူတွေ၊ မယဉ်ကျေးသူတွေ၊ Civilize မဖြစ်သူတွေလို့ သိမ်းကြုံး ပြောဆိုလိုက်သလို၊ စီးတဲ့ကားကို ဖိနပ်နဲ့ ပစ်ပေါက်ရုံနဲ့လည်း ဒီမိုကရေစီ လိုလားသူတွေဟာ (သည်ဗွိုက်စ်ရဲ့ အမှန်တကယ် ရေးသား သုံးနှုန်းထားတာက 'မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လိုလားသူဆိုသူများ' ဆိုတဲ့ ဘက်လိုက် ရေးသားတဲ့ အသုံးအနှုန်းနဲ့ပါ) လူကြီးလူကောင်း မဆန်ဘူး၊ မယဉ်ကျေးဘူး၊ Civilize မဖြစ်ဘူးလို့ ဂျာနယ်လစ် တယောက်က ဝင်ပြီး ဆုံးဖြတ် ပေးလိုက်တာကိုတော့ တွေ့ရပါတယ်။


ဂျာနယ်လစ် တယောက်အနေနဲ့ ဒီလို မတော်တရော် (ဖိနပ်ပစ်ပေါက်ရတဲ့) အဖြစ်အပျက်ရဲ့ နောက်ကွယ်မှ အကြောင်းအရင်း အမှန်တွေကို မဖော်ထုတ်ဘဲ ဒီလို ဘက်လိုက် ရေးပိုင်ခွင့် ရှိပါသလား။ သေချာတာကတော့ ဂျာနယ်လစ် ပီသသူတွေ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "Find truth, report it accurately." ဆိုတဲ့ "အမှန်တရားကို ရှာဖွေဖော်ထုတ်ပြီး အတိအကျ တင်ပြပါ" မူအရတော့ ဒီလို ဘက်လိုက် ရေးသားမှုမျိုးဟာ လူ့ဘောင်တခု အတွက် တရားမျှတမှုကို ဖြစ်ထွန်းစေမှာ မဟုတ်ပါဘူး။ ဒီလို တဖက်သက် ဘက်လိုက် ဖော်ပြ ရေးသားမှုမျိုးဟာလည်း ဂျာနယ်လစ်တွေရဲ့ မူမဟုတ်၊ ဝါဒဖြန့်ချိသူတွေ လက်ကိုင်ထားတဲ့ မူသာ ဖြစ်တယ်။


"က္ဆွန်ုပ်တို့အားလုံးသည် စနစ်တစ်ခု၏ သားကောင်များ ဖြစ်ခဲ့ကြပြီး ထိုစနစ်ကို ယခုအခါ ပြင်ဆင်ရန် အခွင့်သာနေချိန် ဖြစ်ရာ စနစ်နှင့် စနစ်အတွင်း ကျရာကဏ္ဍမှ ဝင်ရောက် သရုပ်ဆောင် ကပြနေသူများကို ခွဲခြား နိုင်ရေးသည်များစွာ အရေးကြီးပါကြောင်း ဖော်ပြလိုက်ရပါသည်" (မူရင်း သတ်ပုံအတိုင်း)


၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပ ပေးပြီးရင် ဘားတိုက် ပြန်မယ်ဆိုပြီး ပြည်သူလူထုကို တရားဝင် ထုတ်ဖော် ပြောကြားခဲ့တဲ့ နဝတ/နအဖ စစ်အုပ်စုကို ရည်ညွှန်းထားတဲ့ (အထက်ပါ သည်ဗွိုက်စ် Editorial (ခေါင်းကြီး) နောက်ဆုံးပိုဒ် အာဘော်အရ) 'စနစ်အတွင်း ကျရာကဏ္ဍမှ ဝင်ရောက် သရုပ်ဆောင် ကပြနေသူများ' ဆိုသူတွေရဲ့ သရုပ်သဏ္ဍာန် အစစ်အမှန်က ဘာလဲ။


(၁) ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်းမှာ ပါတီ စည်းရုံးရေး ခရီးစဉ် ထွက်လာတဲ့ စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးတင်ဦးနဲ့ ကမ္ဘာ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေရဲ့ ကားတန်းကို မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ (အဲဒီအချိန်က ကြပ်ပြေး နေပြည်တော်ဆိုတာ မရှိသေးပါ) ရန်ကုန်မှာ နေ့ခင်းကြောင်တောင် ကားမှန်တွေ ရိုက်ခွဲပြီး အသက်အန္ဈရာယ်ကိုပါ ခြိမ်းခြောက်လာတဲ့ အထိ ပြုမူ လုပ်ဆောင်ခဲ့ကြတဲ့ လူမိုက် လူရမ်းကားတွေကို ဘယ်သူက အမိန့်ပေး ခိုင်းစေခဲ့တာလဲ၊

(၂) ဒါထက်ဆိုးတာက ၂ဝဝ၂ ခုနှစ်၊ မေလ ၃ဝ ရက်နေ့မှာ လူ ၇ဝ ကျော် သေဆုံးခဲ့တဲ့ စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးတင်ဦးနဲ့ ကမ္ဘာ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေနဲ့ သူတို့ကို ထောက်ခံတဲ့ ပြည်သူတွေကို ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးမှာ မီးအမှောင်ချ အသေရိုက်သတ်တဲ့ လုပ်ရပ်မှာ ပါဝင် ကျူးလွန် ပတ်သက်ခဲ့သူတွေက ဘယ်တွေလဲ၊ အဲဒီ ဒီပဲယင်း လူသတ်မှုကို ဘယ်သူတွေက နောက်ကွယ်က ကြိုးကိုင် စီစဉ်ခဲ့တာလဲ၊ အဲဒီလို ဥပဒေမဲ့ တရား လက်လွတ် လက်ရဲဇက်ရဲ ကျူးလွန်သူတွေကို ကုလသမဂ္ဂ အပါအဝင် တကမ္ဘာလုံးက ရှုတ်ချခဲ့တာကိုရော အသင် အယ်ဒီတာ သိပါသလား၊

(၃) ၂ဝဝ၆ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ကိုသက်နိုင်ဦး (ခေါ်) ကိုပြာလောင်ကို နအဖ လက်ကိုင်ဒုတ် မီးသတ်နဲ့ ရဲတွေက မြို့တော်ရန်ကုန်က ပြည်သူလူထု ရှေ့မှောက်မှာ လူမဆန် အသေရိုက် သတ်ခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ်ကိုရော အသင် အယ်ဒီတာ ဘာပြောချင်ပါသလဲ၊

(၄) ၂ဝဝ၇ ခုနှစ်မှာ လောင်ဆီဈေးတွေကို နအဖ စစ်အစိုးရက ကြိုတင် အသိပေးမှု တစုံတရာ မပြုဘဲ ၂ ဆ မြှင့်လိုက်လို့ ဘစ်ကားမစီးတော့ဘဲ လမ်းလျှောက်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းတွေကို ထောင်နှစ်ရှည်တွေ ချတာကလဲ 'စနစ်အတွင်း ကျရာကဏ္ဍမှ ဝင်ရောက် သရုပ်ဆောင် ကပြနေသူများ'ရဲ့ လက်ချက် မဟုတ်သလော၊

(၅) မကြာသေးမီ ၂ဝဝ၇ စက်တင်ဘာကမှ ဖြစ်ပွားခဲ့တဲ့ ငြိမ်းချမ်းစွာ လမ်းရှောက် ပရိတ်ရွတ် မေတ္တာပို့တဲ့ သံဃာတော်တွေကို ရိုက်နှက်ရုံသာမက သေနတ် ပစ်သတ်ခဲ့တာကရော ဘယ်သူတွေလဲ၊


အထက်ပါ တောတွင်း ဥပဒေသနဲ့ လုပ်ရပ်ကို လက်ကိုင်ထား လုပ်ဆောင်ခဲ့ကြတဲ့ 'စနစ်အတွင်း ကျရာကဏ္ဍမှ ဝင်ရောက် သရုပ်ဆောင် ကပြနေသူများ' စီးတဲ့ကားကို ဖိနပ်နဲ့ ပစ်ပေါက်သူတွေက 'လူကြီးလူကောင်း မဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုး' တွေလား၊ ဒါမဟုတ် အဲဒီလို ဖိနပ်နဲ့ ပစ်ပေါက်ခံသူတွေကသာပဲ 'လူကြီးလူကောင်း မဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုး' တွေလား ဆိုတာကိုတော့ လယ်ပြင်မှာ ဂေါ်ဇီလာသွားသလို ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။


"'မှန်ဖြင့် ဆောက်လုပ်ထားသော အိမ်တွင် နေထိုင်လိုသော လူသည် သူတစ်ပါး၏မှန်ကို ခဲဖြင့် မပေါက်ရ' ဆိုသော တရုတ်ပညာရှိ တစ်ဦး၏ စကားကို ကိုးကားရမည် ဆိုပါက ထိုအပြုအမူမျိုးသည် မြန်မာတို့အနေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်နိုင်ခြေ ရှိ၊ မရှိ သက်သေထူနေခြင်းလည်း ဖြစ်ပေသည်" (သည်ဗွိုက်စ် Editorial ဒုတိယပိုဒ်၊ မူရင်း သတ်ပုံအတိုင်း)


လွတ်လပ်တဲ့ ဒီမိုကရက်တစ် လူ့ဘောင် အခိုင်အမာ ထွန်းကား တိုးတက်နေတဲ့ အနောက်နိုင်ငံတွေမှာ သာမက သက်တမ်း ရှည်ကြာလှတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်အောက်မှာ အရောင်အသွေး စုံလင်ပြီး လွတ်လပ်တဲ့ လူ့ဘောင် အဖွဲ့အစည်းတွေ စည်ပင် ထွန်းကားနေတဲ့ ကျနော်တို့နဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာပါ နိုင်ငံ့ ခေါင်းဆောင် နိုင်ငံရေးသမား အချို့ကို ကြက်ဥတွေ ပစ်ပေါက်တာ၊ ဖိနပ်နဲ့ ပစ်ပေါက်တာတွေ မကြာခဏ ဖြစ်ပျက်ခဲ့ ဖြစ်ပျက်လေ့ ရှိတယ် ဆိုတာ မကြားဘူးရော့ထင်။ ဒါကြောင့်ပဲ ဘာမဆိုင် ညာမဆိုင် အယ်ဒီတာက အသိဉာဏ် နုံနဲ့စွာနဲ့ အထက်ပါအတိုင်း ကောက်ချက် ဆွဲလိုက်တာ ဖြစ်ပုံရတယ်။


ဒါ့အပြင် ဒီမိုကရေစီ ထွန်းကားပြီး ကမ္ဘာ့ အင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ သမ္မတ ဘွတ်ရှ်က သူသိမ်းပိုက်ထားတဲ့ အီရတ်မှာ သူဖိနပ်နဲ့ ပစ်ပေါက်ခံရတာနဲ့ ပတ်သက်ပြီး၊ သတင်းထောက်တွေ အမေးကို ဖြေကြားခဲ့တဲ့ စကားကိုလည်း သည်ဗွိုက်စ် အယ်ဒီတာ ဖတ်ဖူး ကြားဖူးပုံ မပေါ်။


"These journalists here were very apologetic. They ... said this doesn't represent the Iraqi people, but that's what happens in free societies where people try to draw attention to themselves."


သမ္မတ ဘွတ်ရှ်က၊ "ဒီက ဂျာနယ်လစ်တွေကတော့ အားနာ နေကြပါတယ်။ ဒီလုပ်ရပ်ဟာ အီရတ်ပြည်သူတွေကို ကိုယ်စားမပြုဘူးလို့လည်း ပြောပြကြတယ်။ ဒါဟာ လွတ်လပ်တဲ့ လူ့ဘောင် အဖွဲ့အစည်းမှာ လူတွေက သူတို့ကို ဂရုထား အာရုံစိုက်လာဖို့ အခုလို ပြုမူလေ့ ရှိကြတယ်" တဲ့။


သမ္မတဘွတ်ရှ် ပြောသလို ဆိုရင်တော့၊ ဒီနည်းဗျူဟာ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ဘိုးတော်ဘုရား လက်ထက် ကတည်းက မောင်ရစ် (နောင်စစ်သူကြီး မဟာဗန္ဓုလ ဖြစ်လာသူ) က သုံးပြီး သွားပါပြီ။ ဟုတ်တယ်လေ၊ သူ့ကို ဘုရင်က သတိမမူ အလေးမထားလို့ ဘုရင်ရဲ့ ညီလာခံ လူပုံအလယ်မှာ အနားကလူကို ဘာမဆိုင် ညာမဆိုင်နဲ့ မောင်ရစ်က တံတောင် ထထောင်းခဲ့တယ် မဟုတ်လား။


ဆက်လက်ပြီးလည်း သည်ဗွိုက်စ်မှာ ၊


"Us Them ခွဲခြားမှုတွင် ပိတ်မိနေသော မြန်မာနိုင်ငံသား အများအပြား ရှိနေကြောင်း သိရှိနေသူ တစ်ဦးအနေဖြင့် The Voice Weekly သည် အဆိုပါ အပြုအမှုမျိုးကို Us Them ရှုထောင့်မှနေ၍ အသိမဲ့ ထောက်ခံ အားပေးမိသော မြန်မာများ ရှိနေမည်ကို များစွာ ရိပ်မိသောကြောင့် ယခု ခေါင်းကြီးကို ရေးသားလိုက်ရပါသည်" (သည်ဗွိုက်စ် Editorial တတိယပိုဒ်၊ မူရင်း သတ်ပုံအတိုင်း)


ပညာရှိ သည်ဗွိုက်စ် အယ်ဒီတာက လူထုကို ပညာမဲ့တွေလို့ ပြောဆိုပြီး သကာလ နေရာမှား အချိန်မှားမှာ 'နောင်ဒါမျိုး မလုပ်နဲ့'လို့ သြဝါဒ လမ်းညွှန် ပေးလိုက်ပေသေးတယ်။


'ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့' ဆိုတာ လူသားတွေ အတွက် အချိန်တိုင်း နေရာတိုင်းမှာ မှန်ကန်နိုင်တဲ့ တရားမဟုတ်ဘူး ဆိုတာတော့ သည်ဗွိုက်စ် အယ်ဒီတာက သတိပြုမိပုံ မရဘူး။ အိမ်ရှေ့လာပြီး ကလော်တုတ်နေသူကို သည်းခံခြင်းတရား လက်ကိုင်ထားပြီး ဥပက္ခာတရား ပွားများကောင်း ပွားများနိုင်ပေမယ့်၊ အိမ်ထဲအထိ ဝင်ရောက် ကျုးကျော် စော်ကားလာမယ် ဆိုရင်တော့ ဘယ်သူ လူသားကမှ 'ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့' ဆိုပြီး သကာလ သည်းခံခြင်းတရား ပွားများနေတော့မှာ မဟုတ်တာလည်း သေချာပါတယ်။


ဒီနေရာမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းနဲ့ ကျောင်းသား လှုပ်ရှားမှု သမိုင်းမှာ အထင်ကရ မှတ်တိုင် တတိုင်ဖြစ်တဲ့ ဒုတိယ ကျောင်းသားသပိတ် (ခေါ်) ၁၉၃၆၊ ကျောင်းသားသပိတ်ကြီး ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းလေးကို (ဒီအကြောင်းနဲ့ တိုက်ရိုက် ပတ်သက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုနု၊ နောင်လွတ်လပ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် ပထမဆုံး ဝန်ကြီးချုပ် အဖြစ် တာဝန် ယူခဲ့သူ၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ကိုယ်တိုင် ထုတ်ဖော်ရေးသားခဲ့တဲ့ 'တာတေ စနေသား' စာအုပ်မှ) သတိရမိတယ်။


"အဲဒီလိုနဲ့ တနှစ် ကုန်ခါနီးပြီ။ တက္ကသိုလ် သမဂ္ဂရဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပတဲ့နေ့ကို ရောက်လာတယ်။ အဲဒီ အချိန်အခါတုန်းက တက္ကသိုလ်သမဂ္ဂရဲ့ နှစ်ပတ်လည် အစည်းအဝေးတွေကို တခမ်းတနား ကျင်းပကြတယ်။ အဲဒီနေ့က အခမ်းအနားမှာ ဆိုရင် နန်းရင်းဝန်နဲ့ ဝန်ကြီးတချို့၊ ဥပဒေပြု အမတ်တချို့၊ ဟိုက်ကုတ် တရားသူကြီး တချို့၊ နာမည်ကြီး ဝတ်လုံတချို့က စပြီး တခြား နာမည်ကြီး ဧည့်သည် တချို့လည်း တက်ရောက်ကြတာကို တွေ့ရတယ။် အခမ်းအနား အစီအစဉ်အရ ဥက္ကဋ္ဌ ကိုနုက မိန့်ခွန်း ပြောတဲ့အခါ စခါစမှာတော့ အတော်လေး အိနြေ္ဒရရ ပြောနိုင်တယ်။ ဒါပေမဲ့ နိဂုံးနား ရောက်တဲ့အခါ ဂုဏ်သရေရှိ ပရိသတ်တွေ အတွက် ကံမကောင်းချင်တော့ ဥက္ကဋ္ဌ ကိုနုဟာ ကျောင်းသားတွေ ဆလံပေးတဲ့ ကိစ္စကို ဗြုန်းကနဲ အမှတ်ရသွားတယ်။ အဲဒီလို သတိရပြီး ဒီအကြောင်းကို ပြောတဲ့အခါ အရင်ကလို မဟုတ်တော့ဘူး။ နဲနဲဖောက်လာပြီး သူ့မျက်နှာထား ကိုယ်အမူအယာနဲ့ လေသံပါ နည်းနည်းပြောင်းလာတယ်။ ဖောက်တယ် ဆိုပေမဲ့ ဒီအထိ ဒါလောက် မဆိုးသေးဘူး။ ဒီအကြောင်းကို ပြောနေတုန်း အိမ်ပြန်ချင်တဲ့ ကျော်းသားလေးဆီက ခေတ္တ ကျောင်းအုပ်ကြီးက စာတောင်း ကြည့်တာကိုပါ ကိုနု ပြေးသတိရလာပြန်တယ်။ အဲဒီ အချိန်မှာ ကိုနုဟာ အောက်ခြေ အတော်ကြိး လွတ်သွားပြီး သူ့မျက်နှာထားကလည်း ပိုပြီး တင်းမာလာတယ်။ လက်သီးလက်မောင်း တန်းတာလည်း ပိုပြီး ကြမ်းတမ်းလာတယ်။ အသံကလည်း ပိုပြီး ပြင်းထန်လာတယ်။ အဲဒီလို ပြောရင်း ခေတ္တ ကျောင်းအုပ်ကြီးနဲ့ အရေးဆိုဖို့ သူကိုယ်တိုင် သွားတဲ့အပိုင်းကို ရောက်လာတယ်။ အိမ်ကစာရလို့ သူပြန်ချင်တယ်လို့ ပြောတဲ့အခါ အကယ်၍များ ခေတ္တ ကျောင်းအုပ်ကြီးက သူ့စာကို ကြည့်ချင်တယ်လို တောင်းရင် ဒီခေတ္တ ကျောင်းအုပ်ကြီးကို ရုံးခန်းထဲက အပြင်ရောက်သွားအောင် သူ ကန်ထုတ် ပစ်လိုက်မယ်လို့ ကိုနုဟာ ပြင်းပြင်းထန်ထန်ကြီး ပြောချလိုက်တယ်။ ကျောင်းသူ ကျောင်းသားတွေရဲ့ တခဲနက် သြဘာသံကြီး ထွက်လ်ာတယ်။ ဧည့်သည်တွေကတော့ တယောက်မှ မလှုပ်ဘူး။ ဒီလို ရိုင်းစိုင်း ရင့်သီးတဲ့ စကားကို ဂုဏ်သရေရှိ ဧည့်သည်တွေက ဘယ်လို ထောက်ခံနိုင်ပါ့မလဲ။ ကိုနု ကိုယ်တိုင်လည်း တခဲနက် သြဘာသံတွေကို ကြားနေတုန်းကတော့ သူ့ဟာသူ ဟုတ်လှပြီ ထင်လိုက်သေးတာပဲ။ အဲဒီည အိပ်ယာဝင်ခါနီး သူ့ကိုယ်တွင်းက တက်ွ့ကနေတဲ့ အရှိန်တွေ လျှော့ကျ သွားတော့မှ သူမှားသွားပြီ ဆိုတာ သဘောပေါက်လာပြိး တစိမ့်စိမ့် ရှက်နေတယ်။ အခမ်းအနား အပြီးမှာ ဧည့်သည်တော်တွေထဲက ဟိုက်ကုတ် တရားသူကြီး ဘရောင်း ဆိုသူဟာ ကိုနု အနားကို ကပ်ပြီး၊ 'မောင်နု ကျောင်းသား တဦးဆီက ခေတ္တကျောင်းအုပ်က စာတောင်း ဖတ်တယ် ဆိုတဲ့ မင်းတင်တဲ့ အမှုဟာ အမှု အနေနဲ့က အင်မတန်ကောင်းတဲ့ အမှုပဲ။ ဒါပေမဲ့ မင်းတင်ပြပုံ မကောင်းတဲ့ အတွက် မင့်အမှု ရှုံးပြီ' လို့ ရယ်ပြီး ပြောသွားတဲ့ စကားကို ပြန်သတိရတဲ့ အခါ ကိုနုဟာ ရှေးကထက်တောင် ပိုပြီး ရှက်လာတယ်။ ကိုနုဟာ အတော် ရယ်စရာကောင်းတယ်။ အောက်စဖို့နဲ့ ကင်းဘရိတ်ဆိုတဲ့ အင်္ဂလိပ် တက္ကသိုလ်တွေမှာ အင်္ဂလိပ် ဆရာတွေဟာ တပည့်တွေရဲ့ စာကို တောင်းမကြည့်ဘူး ဆိုတာကိုတော့ သိတယ်။ ဒါပေမဲ့ ဒီအင်္ဂလိပ် တက္ကသိုလ်တွေမှာ ကျောင်းအုပ်ကို ရုံးခန်းထဲက ကန်ထုတ်ပစ်မယ် ဆိုတာမျိုး အထိ ရင့်သီး ရိုင်းစိုင်း ရုန်းရင်း ကြမ်းတမ်းတဲ့ စကားမျိုးကို ဘယ်အင်္ဂလိပ် ကျောင်းသားကမှ မပြောဘူးဘူး ဆိုတာကျတော့ ကိုနု သိပုံမပေါ်ဘူး"


ဒါတွင်မက အဲဒီ ဒုတိယ ကျောင်းသား သပိတ်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ပတ်သက်ခဲ့သူ နောက်တဦး ဖြစ်တဲ့ အဲဒီ အချိန်က ကျောင်းသား သမဂ္ဂရဲ့ အာဘော်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင် တဦးဖြစ်သူ (ဦး) ညိုမြ (နောက် အိုးဝေ အယ်ဒီတာချုပ် ဦးညိုမြ ခေါ် မုံရွာ ပါလီမန်အမတ် ဦးသိန်းတင်၊ နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယအဆင့် ချီးမြှင့်ခဲ့ရသူ) က သူပါဝင်ခဲ့ရတဲ့ အစိတ်အပိုင်းကို နောင်မှာ အခုလို ထုတ်ဖော် ရေးသားခဲ့ပါသေးတယ်။ (၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလထုတ် အိုးဝေ၏ ရွှေရတုသဘင် စာအုပ်ပါ 'က္ဆွန်တော် ငရဲခွေး ဆောင်းပါးရေးစဉ်က' ဆောင်းပါးမှ)


"ကိုနုကို ကျောင်း ထုတ်ပစ်သည်ကို အကြောင်းပြု၍ ပြန်ကြားရေးဌာန အတွင်းရေးမှူး အနေဖြင့် တာဝန်ရှိသည်ဟု ခံယူပြီး အဖွဲ့အနွဲ့ အစောင်းအထေ့များဖြင့် တန်ဆာဆင်လျက် တက္ကသိုလ် အာဏာပိုင်များအား ရည်ညွှန်း ရေးသားခဲ့ကြောင်း၊ တက္ကသိုလ် အာဏာပိုင်များ ဒေါသထွက်ပြီး အလွဲလွဲ အချော်ချော် ဖြစ်စေရန် ခပ်ရိုင်းရိုင်း စကားများဖြင့် ရေးဖွဲ့ခဲ့ကြောင်း၊ ပုံမှန်အားဖြင့် ရေးသမျှ စာမူများကို ရင်းနှီးသည့် ဆရာများ၊ မိတ်ဆွေများနှင့် သူငယ်ချင်းများကို ပြသ တိုင်ပင်လေ့ ရှိသော်လည်း ငရဲခွေးကြီး ဆောင်းပါးကိုမူ ညသန်းခေါင်ကျော်တွင် အခန်းတံခါးပိတ် ရေးပြီး မည်သူ့ကိုမျှ ပြသတိုင်ပင်မှု မပြုဘဲ ကိုအောင်ဆန်းထံ ပေးခဲ့ကြောင်း။ ပခုက္ကူ အမတ်ဟောင်း ဦးညွန့်က 'ငရဲခွေးကြီး လွတ်ပြေးနေသည်' ကို အိုးဝေဂျာနယ်မှာ ထပ်မံ ပုံနှိပ်ဖော်ပြရန် မေတ္တာ ရပ်ခံခဲ့သော်လည်း တချိန်က မလွဲသာမရှောင်သာ အခြေအနေမို့ ရေးသားခဲ့သည့် ခပ်ရိုင်းရိုင်း စကားလုံးများ ပါဝင်သဖြင့် လက်ရှိ အခြေအနေတွင် မသင့်လျော်သဖြင့် လိုက်လျောမှု မပြုခဲ့ကြောင်း၊ ကိုအောင်ဆန်းကို ကျောင်းထုတ်ပြီးစက ဂျီစီဘီအေ ဦးစိုးသိမ်းက လက်ဆွဲ ဆုပ်ကိုင်ပြီး၊ 'ညိုမြလို ရေးပြီး အောင်ဆန်းလို လုပ်မှ မြန်မာပြည် ကောင်းမှာ တိုးတက်မှာ' ဟု ပြောဆို အားပေးခဲ့၍ နှစ်သိမ့်မိကြောင်း"

လို့ (ဦး) ညိုမြက ထုတ်ဖော် ရေးသားခဲ့ပါတယ်။


သြော် … ငါတို့ နိုင်ငံသည်ကား … လူ့မယဉ်ကျေးတွေ၊ လူမိုက်တွေ အခုလို ရမ်းရမ်းကားကား ရိုင်းရိုင်းစိုင်းစိုင်း လုပ်ဆောင်ခဲ့လို့သာ လွတ်လပ်ရေး အောင်ပန်းကို မြန်မြန်ဆန်ဆန် ဆွတ်ခူးနိုင်တာပါလားလို့ တွေးတောမိပြန်ပါရော။


နောက်ပြီး အခုလို ဖိနပ်နဲ့ အပေါက်ခံခဲ့ရသူ အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျုဘွတ်ရှ်နဲ့ လက်ရှိ အိန္ဒိယ ဝန်ကြီးချုပ် မက်မိုဟန်ဆင်းတို့ဟာ သူတို့ ပြည်သူတွေက ရွေးချယ် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ဖြစ်သလို၊ သူတို့ ကိုးကွယ်တဲ့ ဘာသာ သာသနာကို မစော်ကား မပုတ်ခတ် မနှိပ်ကွပ် မသတ်ဖြတ်ခဲ့ဖူးပါဘူး။ ဒါပေမဲ့လည်း သူတို့ လုပ်ရပ်အချို့ကို မကျေနပ်သူတွေက အခွင့်ကြုံတုန်း အခုလို ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ကြတာကို ယဉ်ယဉ်ကျေးကျေးပဲ သူတို့ရော သူတို့ ပြည်သူတွေကရော ခံယူခဲ့ကြပါတယ်။ ယုတ်စွအဆုံး 'လူကြီးလူကောင်း မဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုး'တို့၏ သွားလေသူ အာဏာရှင်ကြီး ဆတ်ဒန်ဟူစိန်လို သူကတောင် သူ့ဘာသာနဲ့ သူ့သာသနာကို မစော်ကားခဲ့ပါဘူး။ လက်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမှူးပြုတဲ့ နအဖ စစ်ကောင်စီဝင်တွေကတော့ သူတို့ကို မလိုလားသူဆိုရင် ရဟန်း သံဃာ အရှင်သူမြတ်ရော ဘာရော နားမလည် သတ်ဖို့ ဖြတ်ဖို့ ဦးမလေးသူတွေ ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ပြည်ပမှာ ရောက်ရှိနေတဲ့ သံဃာတော်တွေက နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မိစ္စာဒိဋ္ဌိအဖြစ် မကြာခင်က ကြေညာခဲ့တာ ဖြစ်ပါတယ်။


ဒါပါပဲ၊ လွတ်လပ်ပြီး ယဉ်ကျေးတဲ့ လူ့ဘောင်မှာ နေထိုင်သူတွေဟာ ကိုယ့်လုပ်ရပ်ကို ကိုယ့်တာဝန်ခံပြီး လွတ်လပ်စွာ လုပ်ဆောင်နိုင်ကြဆိုတာ။ ဗိုက်ဆာလို့ ငိုပြီး မုန့်တောင်းတဲ့ ကလေးကို ဝါးရင်းဒုတ်နဲ့ ရိုက်နှက် မဆုံးမသလို၊ ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီးလည်း မိမိနဲ့ မတူတွေ၊ မိမိကို ဆန့်ကျင်သူတွေကိုလည်း လက်နက်အားကိုး လူအုပ်နဲ့ ရိုက်နှက် ဖမ်းဆီး နှိပ်စက်ကာ နှစ်ရှည်ထောင်တွေလည်း ချမပစ်ပါဘူး။


အခုဆိုရင် သမ္မတ ဘွတ်ရှ်ကို ဖိနပ်နဲ့ ပေါက်မှုနဲ့ အီရတ် ဂျာနယ်လစ် al-Zaidi အား အီရတ် တရားရုံးက ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့ပြီး၊ al-Zaidi ဟာ ထောင်ထဲမှာ ၉ လကြာ အပြစ်ဒဏ်ခံယူပြီးနောက် အီရတ် အစိုးရက ဒီနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ပြန်လွှတ်ပေးခဲ့သလို၊ အိန္ဒိယ ဝန်ကြီးချုပ်ကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ အိန္ဒိယ ကျောင်းသားဟာလည်း လုံခြုံရေးအရ တညတာသာ ချုပ်နှောင်ခြင်း ခံခဲ့ရတာကို တွေ့ရပါတယ်။ ဒါဟာ 'ဒီလို လုပ်ကြဟေ့' လို့ အားပေးတာ လုံးဝ မဟုတ်ပါဘူး။ လူထု ခေါင်းဆောင်ဆိုသူတွေက သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်း အတိုက်အခံ ပြုခဲ့တဲ့ လူထုထဲက လူတဦးတယောက် အပေါ် ဘယ်လို သဘောထားပြီး ဘယ်လို တုံ့ပြန် ပြုမူခဲ့ကြပုံနဲ့ နိုင်ငံသား အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးမှု ရှိကြပုံကို တင်ပြလိုရင်းသာ ဖြစ်ပါတယ်။


"Justice can not be built upon a foundation of injustice, nor can morality be built upon a foundation of immorality."

from the book of 'Eternalism: A Theory of Infinite Justice' by Orlando Jay Smith

ထိန်အောင်


http://www.myanmarisp.com/2009-2/PA/part0022/
http://www.yeyintnge.com/2009/10/voice.html ဆီမှ ထပ်ဆင့်ပွါးတာပါ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်