Tuesday, June 9, 2009

မိသားစု ကို ရှာကြွေးချင်သူဘ၀..ဒီလို ခွေးသေ၀က်သေဘဲလားဗျ..

ဝီရ / ၈ ဇွန် ၂၀၀၉
ထိုင်းနိုင်ငံသို့ ခိုးဝင်လာစဉ် ကားတိမ်းမှောက်၍ သေဆုံးသွားသည့် မြန်မာနိုင်ငံသား (၆) ဦး၏ အလောင်းများကို ထိုင်းအာဏာပိုင်တို့က သင်္ဂြိုဟ်ခွင့် ပေးထားပြီးဖြစ်သော်လည်း လာရောက်ထုတ်ယူမည့်သူ မရှိသေးကြောင်းနှင့် ဖမ်းဆီးထားသည့် ဒဏ်ရာရသူများကိုလည်း နယ်စပ်သို့ ပြန်လည်ပို့ဆောင်ရန် သက်ဆိုင်ရာ ရဲစခန်းအာဏာပိုင်တို့က စီစဉ်နေကြောင်း သိရသည်။

စံခရဘူရီ ခရိုင်ရဲစခန်းမှ အရာရှိတဦးဖြစ်သူ နိုင်ဝပ်ရချာက “စံခရဘူရီဆေးရုံမှာ မြန်မာနိုင်ငံသား (၆) ယောက်ရဲ့ အလောင်းတွေကို သင်္ဂြိုဟ်ဖို့ ကျနော်တို့ ခွင့်ပြုမိန့် ပေးထားပြီးပြီ။ ဒါပေမယ့် ဒီနေ့အထိ လာထုတ်တဲ့သူတွေ မရှိသေးဘူး။ ဒီရက်ပိုင်း အတွင်းမှာ သင်္ဂြိုဟ်ဖို့ ကျနော်တို့ စီစဉ်ရတော့မယ်” ဟု ပြောသည်။

ယခုလ (၂) ရက် နံနက်ပိုင်းက ဘုရားသုံးဆူနယ်စပ်မှ မြန်မာနိုင်ငံသား (၁၂) ဦးအား တင်ဆောင်လာသည့် ဟိုင့်လတ် ကားသည် စံခရဘူရီခရိုင်၊ တဖွန်ပါစီလာချာမြို့နယ် ချိုင်နာမြို့အနီးတွင် တိမ်းမှောက်သွားရာ ပွဲချင်းပြီး (၆) ဦး သေဆုံးသွားပြီး စံခရဘူရီဆေးရုံသို့ ပို့ဆောင်ထားသည်။

အသက်မသေကျန်ရစ်သူ အခြား (၆) ဦးအနက် တဦးမှာ အရေးပေါ်လူနာဆောင်တွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြသည့် ကျန် (၅) ဦးကိုလည်း စံခရဘူရီ ရဲစခန်းမှ နယ်စပ်သို့ ယခုရက်ပိုင်းအတွင်း ပို့ဆောင်တော့မည်ဟု အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။

အသက်ဆုံးရှုံးသွားသူ အသက် (၂၀) ဝန်းကျင် မိန်းကလေး (၄) ဦး၊ (၃၀) ဝန်းကျင် မိန်းကလေး(၁) ဦးနှင့် အမျိုးသား (၁) ဦးတို့သည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ လာရောက်သူများ ဖြစ်သည်ဟု စံခရဘူရီ ရဲစခန်းတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများအား အကူအညီပေးနေသည့် မဝါဝါဦးက ပြောသည်။

၎င်းက “ဒီအလောင်းတွေကို လာထုတ်တဲ့သူ မရှိရင် စံခရဘူရီမှာပဲ သဂြုင်္ိဟ်ဖို့ သူတို့စီစဉ်တော့မယ်။ ဒီအလောင်း တွေထဲက (၃) ယောက်က မှတ်ပုံတင်တွေလည်း မရှိတော့ မှတ်တမ်းတင်လို့ မလွယ်ဘူးလေ” ဟု ပြောသည်။

ယခင်ကလည်း လာရောက်ထုတ်ယူခြင်း မရှိသည့် တရားမဝင် မြန်မာနိုင်ငံသားတို့၏ အလောင်းများကို သက်ဆိုင်ရာ အာဏာပိုင်တို့၏ အမိန့်ဖြင့် ဆေးရုံတွင် ပိုင်ရှင်မဲ့အလောင်းများ မှတ်တမ်းတင်ထားပြီး စံခရဘူရီမြို့တွင်ပင် သဂြုင်္ိဟ်ခဲ့ဖူးကြောင်း မဝါဝါဦးက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားသည့် ကားမောင်းသမားကိုမူ ဖမ်းဆီးရမိခြင်း မရှိသေးချေ။

ယခုနှစ် သင်္ကြန်အပြီးနောက်ပိုင်း ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ ရရာလမ်းကြောင်းမှ မြန်မာနိုင်ငံသား များ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ယခုအခါ ဘုရားသုံးဆူမြို့ မြန်မာဘက်ကမ်းတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသူ အယောက် (၂၀၀) ကျော်ရှိပြီး ထိုနယ်စပ်ဒေသရှိ အပစ်ရပ်တိုင်းရင်းသားတို့ ထိန်းချုပ်သည့် နယ်မြေများမှတဆင့် တောလမ်း၊ ရေလမ်းမှ ထိုင်းနယ်မြေအတွင်းသို့ ဝင်ရောက်နေကြကြောင်း ဒေသခံများက ပြောသည်။ http://www.khitpyaing.org/news/june_09/8-6-09e.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်