Saturday, June 27, 2009

အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..

ဂမ်ဘာရီက ကုလ အတွင်းရေးမှူးချုပ်ထံ တိုက်ရိုက် အစီရင်ခံမည်
ကိုဝိုင်း သောကြာနေ့၊ ဇွန်လ 26 2009 17:41 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ယခုသီတင်းပတ်ကုန်တွင် အထွေထွေအတွင်းရေးမှူးချုပ်ထံ အစီရင်ခံရမည်ဖြစ်ကြောင်း ကုလအဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်သည်။

ယနေ့နံနက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အထူး ကိုယ်စားလှယ်၏ ခရီးစဉ်အပေါ် နယူးယောက်ရှိ ကုလဌာနချုပ်က တိုက်ရိုက် ကိုင်တွယ်၍ သတင်းထုတ်ပြန်မှုကိုလည်း တင်းကျပ်ထားကြောင်း ရန်ကုန်ရှိ ကုလ အသိုင်းအဝိုင်းက ပြောဆိုနေသည်။

မစ္စတာဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် Michèle Montas က “မစ္စတာ ဂမ်ဘာရီ နယူးယောက်ကို ပြန်လာလာချင်း အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ တွေ့မှာပါ။ လာမယ့်တနင်္လာနေ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျပန်ကို မထွက်ခင် ဖြစ်မှာပါ။ ဒါကြောင့်မို့လို့ သူ့ (ဂမ်ဘာရီ) အနေနဲ့ ဒီသတင်းပတ်ကုန်မှာ အစီရင်ခံရမှာဖြစ်ပါတယ်” ဟု ယမန်နေ့ ပုံမှန်သတင်းစာရှင်းပွဲ၌ ဖြေဆိုခဲ့သည်။

နိုင်ဂျီရီယားနိုင်ငံသား သံတမန်သည် သောကြာနေ့နံနက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး နအဖအကြီးအကဲများနှင့် တွေ့ဆုံရန် ရန်ကုန်မှတဆင့် နေပြည်တော်သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။

မစ္စတာ ဂမ်ဘာရီသည် မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ၂ဝဝ၆ ခုနှစ်မှစ၍ ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ကာ စစ်အစိုးရ ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

သူ၏ ခရီးစဉ်များအနက် ယခင်နှစ် သြဂုတ်လနှင့် မတ်လ ခရီးစဉ်များတွင် စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ခွင့် မရခဲ့သည့်အပြင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် မြန်မာစစ်အစိုးရထံ တောင်းဆိုခဲ့ဖူးသည့် မစ္စတာ ဂမ်ဘာရီ၏ ယခုခရီးစဉ်သည် စစ်အစိုးရက နေအိမ် အကျယ်ချုပ်ဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲ၍ အင်းစိန်ထောင်အတွင်း၌ အချုပ်ချထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်သည့်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။

ကုလသမဂ္ဂက ချမှတ်ထားသော မစ္စတာ ဂမ်ဘာရီ၏ လုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာစေရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် အတိုက်အခံများကိုပါ ထည့်သွင်းလာစေရေးတို့က အဓိက ဖြစ်သည်။

ပြည်တွင်းပြည်ပမှ သံတမန်များ၊ အတိုက်အခံများနှင့် နိုင်ငံရေးသမားများကမူ မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်များနှင့် ပတ်သက်၍ အားရခြင်းမရှိဘဲ တိုးတက်မှု တစုံတရာ မတွေ့ရသဖြင့် မစ္စတာဘန်ကီမွန်းကိုယ်တိုင် သွားရောက်သင့်ကြောင်း ဝေဖန်တိုက်တွန်းကြသည်။

ထိုစဉ်က မစ္စတာဘန်ကီမွန်းက “သင့်လျော်သည့်အချိန်” တွင်မှ မြန်မာနိုင်ငံသို့ သွားမည်ဟုဆို၍ ဆိုင်းငံ့ထားခဲ့ပြီးနောက် ယခုခရီးစဉ် ဖြစ်လာသည်။

မစ္စတာ ဘန်ကီမွန်းသည် ယမန်နှစ် မေလ နာဂစ်ဆိုင်ကလုန်းအပြီး လူသားချင်း စာနာမှုဆိုင်ရာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ပထမအဆုံးအကြိမ် ရောက်ရှိခဲ့သည်။ http://www.mizzimaburmese.com/news/inside-burma/3250-2009-06-26-11-25-15.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်