Tuesday, June 9, 2009

လေယာဉ်ပျံကကောင်းတယ်..မကောင်းတာ ပြေးလမ်း..သေတာက..မင်းကံ

စစ်တွေလေဆိပ် လေယာဉ်ပြေးလမ်းမကောင်း
၉ ဇွန် ၂၀၀၉
ယခုလ ဇွန် (၆) ရက်တွင် စစ်တွေ လေဆိပ်၌ မြန်မာလေကြောင်းပိုင် လေယာဉ်တစင်း ပြေးလမ်းချော်ခဲ့ရခြင်းသည် လေယာဉ်ပြေးလမ်း စံချိန်စံညွှန်းမမီခြင်းကြောင့် အဓိကဖြစ်ကြောင်း မင်္ဂလာဒုံ လေကြောင်းထိန်းသိမ်းရေးဌာနမှ အရာရှိတဦးက ပြောသည်။

စစ်တွေလေယာဉ်ကွင်းသည် အပေါက်အပြဲများဖြင့် မကောင်းတော့သည့်အတွက် ပြုပြင်နေသည်မှာ အတော်ကြာနေ ပြီး ပြီးခဲ့သည့်လ များအတွင်း ကွင်းကိုပိတ်ထားခဲ့ရာမှ ယခုပြန်ဖွင့်ကာ လေယာဉ်များ ပြန်ဆင်းသည်မှာ တလမပြည့် သေးကြောင်း အဆိုပါအရာရှိက ပြောသည်။

“အခု လေယာဉ်က အဆင်းမှာ လမ်းချော်ပြီး လေယာဉ်တောင်ပံကျိုးတဲ့အထိတောင် ဖြစ်သွားတယ်။ အဓိကကတော့ လေယာဉ်ပြေး လမ်းတွေ ပြန်ပြင်ထားတာ စံချိန်မမီဘူး၊ မိုးမကျခင် အပြီးဆိုတာနဲ့ အချိန်လုပြီး လုပ်ထားတာ၊ လမ်းတွေမညီဘူး၊ ရေတင်တယ်။ နောက်ပြဿနာတခုက လေယာဉ်ကလည်း အရမ်းအိုနေပြီ။ အဲဒါ လမ်းမညီတာနဲ့ လည်းတွေ့ရော ဘီးပြုတ်ထွက်တာပဲ။ အဖြစ်အပျက်က အတော့်ကို ကြောက်စရာကောင်းတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မြန်မာ့လေကြောင်းပိုင် XY-ADW F-၂၈ လေယာဉ်သည် ဇွန် (၆) ရက် နံနက် (၇) နာရီ (၁၀) မိနစ်တွင် ရန်ကုန်မှ ထွက်ခွာပြီး (၈) နာရီ (၂၀) မိနစ်တွင် စစ်တွေလေဆိပ်၌ ဆင်းသက်စဉ် လေယာဉ်ဘီးပြုတ်ထွက်ပြီး လမ်းချော်ကာ တောင်ပံကျိုးသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မတော်တဆမှုတွင် တွဲဖက်လေယာဉ်မှူးတဦးသာ ထိခိုက်ဒဏ်ရာရကြောင်း အစိုးရက ကြေညာသည်။

စစ်တွေ လေယာဉ်ကွင်း မကောင်းသောကြောင့် ရန်ကုန်-စစ်တွေ လေကြောင်းခရီးစဉ်များကို မေလဆန်းမတိုင်မီက ရပ်နားထားပြီး မေလ (၈) ရက်နေ့ကမှ ပုံမှန်ပျံသန်းခြင်းဖြစ်သည်။ အပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေ (၅) ရက်ပျံသန်းသည်။

ရန်ကုန်- စစ်တွေ ပြေးဆွဲသည့် ပုဂ္ဂလိကလေကြောင်းလိုင်းများ ရှိသော်လည်း မြန်မာလေကြောင်းလိုင်းက ဈေးနှုန်းပိုမိုသက်သာသောကြောင့် စီနင်းသူများပြီး လက်မှတ်လည်း ၀ယ်ရခက်ခဲကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပုဂ္ဂလိက လေကြောင်းလိုင်းများ၏ ရန်ကုန်-စစ်တွေ လေယာဉ်ခသည် လူတဦး ကျပ် (၈) သောင်းရှိပြီး မြန်မာလေကြောင်းလိုင်းမှာ ကျပ် (၅) သောင်းသာ ရှိသည်။

မြန်မာလေကြောင်းလိုင်းတွင် ဂျက်လေယာဉ် F ၂၈၊ F ၂၇ နှင့် ATR အမျိုးအစား လေယာဉ်များဖြင့် ပြည်တွင်းခရီးစဉ် များ ပျံသန်းလျက်ရှိပြီး လေယာဉ်များသည် လွန်ခဲ့သည့် နှစ်ပေါင်း (၄၀) ကျော်ကတည်းက စတင်ပျံသန်းခဲ့ခြင်း ကြောင့် ယခုအချိန်တွင် ပိုမိုခေတ်မီသည့် လေယာဉ်အသစ်များနှင့် ပျံသန်းသွားရန်ရှိကြောင်း မြန်မာလေကြောင်းမှ အဆင့်မြင့်အရာရှိကြီးတဦးက ပြည်တွင်းပုဂ္ဂလိက ဂျာနယ်တစောင်ကို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းများ စံချိန်စံညွှန်းမမီခြင်း၊ လေယာဉ်များ အိုမင်းဟောင်းနွမ်းခြင်း၊ အနားရချိန်မရှိဘဲ ဆက်တိုက်ဆိုသလို နေ့စဉ်ပြေးဆွဲပျံသန်းနေရခြင်းတို့ကြောင့် ယခုကဲ့သို့ မိုးကာလတွင် လေယာဉ်မတော်တဆမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်ရကြောင်း လေကြောင်းထိန်းသိမ်းရေး အရာရှိက ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်