Friday, June 26, 2009

ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ

Friday, 26 June 2009 16:52 အောင်သက်ဝိုင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီအနေနှင့် ဒေါ်အောင်ဆန်းစုကြည် တရားခွင်နှင့် ပတ်သက်ပြီး တဖက်သတ် ပြောဆို၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းမှာ ဥပဒေနှင့် မညီကြောင်း ရန်ကုန်အထက်တန်း ရှေ့နေတဦးက သုံးသပ်သည်။

မစ္စတာဂျွန်ယက်ထော ယူလာသည့် ဝတ်စုံကို သတင်းစာရှင်းလင်းပွဲ၌ သရုပ်ပြ ဝတ်ဆင်ထားစဉ်
“တရားလို စစ်အစိုးရအနေနဲ့ တရားပြိုင် ဒေါ်အောင်ဆန်းစုကြည် ပြစ်မှုကျူးလွန်တယ် ဆိုပြီး တရားရုံးက မဆုံးဖြတ်ရသေးခင် လူအများကို ခင်းကျင်းပြသ ရှင်းလင်းတာဟာ တရားဥပဒေနဲ့ မညီဘူး။ တဖက်သတ် ပြောကြားချက်တွေ ဖြစ်နေတယ်” ဟု ထိုရှေ့နေက ဆိုသည်။

အမှုအပြီးသတ် အမိန့်မချခင်တွင် တရားပြိုင်ကို ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲ၍ မရနိုင်ကြောင်းလည်း ထိုရှေ့နေက ပြောသည်။

ယမန်နေ့က ရန်ကုန်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ မစ္စတာ ဂျွန် ဝီလျံ ယက်ထောက ဒေါ်အောင်ဆန်း စုကြည်ကို လက်ဆောင်ပေးသည်ဆိုသော အစ္စလာမ် အမျိုးသမီးဝတ် ၀တ်စုံကို ရဲမေတစ်ဦးက ၀တ်ဆင်ပြပြီး ထိုဝတ်စုံကို ဗုဒ္ဓဘာသာဝင် ဒေါ်အောင်ဆန်းစုကြည်က အဘယ်ကြောင့် လက်ခံခဲ့သနည်းဟူ၍ မေးခွန်းထုတ် ခဲ့သည်။

မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို နေအိမ်တွင် လက်ခံကျွေးမွေးခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိသည့်ပုံစံမျိုးဖြင့် စုံစမ်းစစ်ဆေး ဖော်ထုတ်ချက်များကို ကိုးကားပြီး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ယက်ထော ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ၀င်ရောက်ပြီးနောက် လက်ဆောင်အဖြစ် ပေးခဲ့သော အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ၀တ်ဆင်လေ့ရှိသည့် အနက်ရောင်အင်္ကျီ ၂ ထည်၊ စကတ် ၂ ထည်၊ မျက်နှာအုပ်ပုဝါ ၂ ထည်၊ မျက်မှန် ၃ လက် တို့ကို မိမိတို့ကောင်းမွန်စွာ သိရှိပြီးဖြစ်သည့် အမျိုးသမီးနှစ်ဦးအား
ဝတ်ဆင်ခိုင်းခဲ့ရာ လုံးဝမမှတ်မိကြောင်း ရဲချုပ်ခင်ရီက သတင်းစာ ရှင်းလင်းပွဲတွင် ဆက်လက် ပြောဆိုသည်။

[သတင်းစာရှင်းလင်းပွဲတွင်ပြသထားသော ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်း ဂျွန်ယက်ထော အိပ်သည်ဆိုသည့် အိပ်ရာ ဓာတ်ပုံ]

သတင်းစာရှင်းလင်းပွဲတွင်ပြသထားသော ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်း ဂျွန်ယက်ထော အိပ်သည်ဆိုသည့် အိပ်ရာ ဓာတ်ပုံ
မစ္စတာယက်ထောသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ကြောင်း၊ သာမန်အားဖြင့် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်တစ်ဦးတို့ လက်ဆောင်ပေး ကြမည်ဆိုပါက ခရစ်ယာန်ဘာသာကိုယ်စားပြု သမ္မာကျမ်းစာအုပ်၊ ယေရှုလက်ဝါးကပ်တိုင် သို့မဟုတ် တခြား ဆီလျော်ရာ ပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ ဗုဒ္ဓရုပ်ပွားတော်၊ စိတ်ပုတီး သို့မဟုတ် တခြားဆီလျော်ရာ ပစ္စည်း တခုကို ဖြစ်စေ အမှတ်တရ အပြန်အလှန် ပေးအပ်ရမည်ဖြစ်သော်လည်း အစ္စလာမ်ဝတ်စုံကို လက်ဆောင်အဖြစ် ပေးခြင်း မှာ စဉ်းစားဖွယ် ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ မစ္စတာ ၀ီလျံ ယက်ထောက ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ဦးနှစ်ဘက်အကြား ဘာမှပတ်သက်ဆက်စပ်ခြင်းမရှိတဲ့ အစ္စလာမ် အမျိုးသမီးဝတ်စုံကို လက်ဆောင် ပေးခဲ့တယ်။ ဒါဟာ ဘာရည်ရွယ်ချက်နဲ့ ပေးခဲ့တယ်ဆိုတာ စဉ်းစားစရာပါပဲ” ဟု ရဲချုပ်ခင်ရီက မေးခွန်းထုတ် သည်။

ယခုကဲ့သို့ စစ်အစိုးရက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပြစ်ရှိကြောင်း ပြောဆိုခြင်းကို ကြည့်လျှင် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ် အရေးယူမည်ဆိုသည့်အချက်ကို ထင်ရှားစေ ပြီး မြန်မာနိုင်ငံတွင် ဥပဒေ၏အထက်၌် စစ်ဗိုလ်ချူပ်ကြီးများ ရှိနေသည်ကို ပြသနေသည်ဟု အထက်တန်း ရှေ့နေက ဆိုသည်။

ထို့ပြင် မစ္စတာ ယက်ထော ဒေါ်အောင်ဆန်းစုကြည်နေအိမ် မ၀င်ရောက်မီ NCGUB မှ ဒေါက်တာ နိုင်အောင်၊ AAPP မှဘိုကြည်၊ ဇော်ထွန်း နှင့် တိတ်နိုင်၊ လူ့ဘောင်သစ်ပါတီမှ ဝေလင်း၊ ABSFU - AFC မှ မင်းနိုင်တို့အပြင် ဇင်မောင်၊ ကျော်ဝင်း အောင်ဒင်တို့နှင့် တွေ့ဆုံခဲ့ပြီး မယ်တော်ဆေးခန်းသို့လည်း ၁၀ ကြိမ် သွားရောက် ဖူးကြောင်း၊ ထို့ကြောင့် မစ္စတာယက်ထောကို ငွေပုံအောပေးပြီး ကြိုးကိုင်ခိုင်းစေသူ များရှိနေသည်ဟု ဆိုနိုင်ပြီး ကြိုးကိုင်ခိုင်းစေသူများနှင့် အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရဲချုပ်ခင်ရီက ပြောသည်။

မစ္စတာ ယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ၀င်ရောက်ခဲ့သည့် လမ်းကြောင်းများကို စစ်ဆေး ကြည့်သောအခါ တက္ကသိုလ်ရိပ်သာလမ်း၊ ကိုရီးယားသံရုံးအနီးရှိ အင်းလျားကန်အတွင်းသို့ ရေထုတ်သည့် မြောင်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ညတွင် ၀င်ထွက်ခဲ့ခြင်းနှင့် ၂၀၀၉ ခုနှစ် မေလ ၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ၀င်ရောက်ရာတွင် အသုံးပြုခဲ့သော်လည်း မေလ ၅ ရက်နေ့ ဒေါ်အောင်ဆန်း စုကြည်အိမ်မှ အပြန်ခရီးတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ဖမ်းမိနိုင်သော ကိုက် ၃၀၀၀ ကျော် အင်းလျားကန် ရေပြင်ကို အလျားလိုက် ဖြတ်ကူးအသုံးပြုခဲ့ခြင်းမှာလည်း သံသယဖြစ်ဖွယ်ဖြစ်ကြောင်း ရဲချုပ်ခင်ရီက သုံးသပ်သည်။

[မစ္စတာယက်ထော ရုပ်ဖျက်ထားပုံကို သတင်းစာရှင်းလင်းပွဲ၌ ဤသို့ ပြသထားသည်]

မစ္စတာယက်ထော ရုပ်ဖျက်ထားပုံကို သတင်းစာရှင်းလင်းပွဲ၌ ဤသို့ ပြသထားသည်
“မစ္စတာယက်ထောက သူ ၃ ကြိမ်လုံးအသုံးပြုခဲ့တဲ့ အန္တရာယ်ကင်းရှင်းတဲ့ လမ်းကြောင်းက ပြန်မထွက်ဘဲ လုံခြုံရေးအတွက် စိတ်မချရတဲ့ ရေပြင်အကွာအဝေးအားဖြင့် ကိုက် ၃၀၀၀ ကျော် ရှည်လျားတဲ့၊ ကူးခတ်ဖို့ ခက်ခဲတဲ့ အင်းလျားရေပြင်ကို အလျားလိုက်ဖြတ်ကူးတယ်။ ဒါဟာ မထူးဆန်းဘူးလား။ ဒီပြဿနာ မပေါ်ပေါ်အောင် တမင်လုပ်တာ ဖြစ်တယ်လိုများ မထင်ဘူးလား” ဟု ဗိုလ်မှူးချုပ်ခင်ရီက ပြောသည်။

မစ္စတာ ယက်ထောက အင်းစိန်ထောင် အထူးတရားရုံးတွင် ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည် အိမ် ၀င်ရောက်စဉ်က ရဲများနှင့်တွေ့ရှိပြီး ၎င်းကို ခဲများဖြင့် ပစ်ပေါက်သည်ဟု ထွက်ဆိုထားခြင်းနှင့် ပတ်သက်သည့် မေးမြန်းမှုကိုမူ ရဲချုပ်က ပြန်လည်ဖြေကြားခြင်းမပြုဘဲ နေခဲ့သည်ဟု သိရှိရသည်။

“မစ္စတာယက်ထောက သူဒေါ်အောင်ဆန်းစုကြည်အိမ် သွားတုန်းက ရဲတွေနဲ့ တွေ့ခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုပေခဲ့မယ့် ဒီထွက်ဆိုချက်အပေါ် သတင်းထောက်တွေက မေးတော့ ရဲချုပ်က ဘာမှပြန်မဖြေဘူး” ဟု သတင်းထောက် တဦးက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် တရားခွင်အမှုနှင့်စပ်လျဉ်း၍ သံတမန်များ၊ သတင်းထောက်များက အသေးစိတ် အချက်အလက်များ ရဲချုပ်ကို မေးမြန်းသော်လည်း ရဲချုပ်က ထိုမေးမြန်းချက် အများစုသည် တရားရုံးနှင့်သာ သက်ဆိုင်ပြီး မဖြေနိုင်ကြောင်း ပြောဆိုသည်ဟုလည်း သိရှိရသည်။

“ဗိုလ်မှူးချုပ်ခင်ရီက သူပြောချင်ရာကို ခေါ်ပြောတဲ့သဘောပဲ။ ဘာမှထူးထူးခြားခြား သိပ်မေးလို့ မရဘူး” ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည် နိုင်ငံခြားသံရုံးမှ မြန်မာဝန်ထမ်းတဦးက ပြောသည်။
/http://http://www.irrawaddy.org/bur/2009-06-26-09-56-23.htmlwww.irrawaddy.org/bur/2009-06-26-09-56-23.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်