Saturday, June 27, 2009

သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်

ကိုဝိုင်း ။စနေနေ့၊ ဇွန်လ 27 2009 23:52 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းသည် မြင်းခြံမြို့သို့ ရောက်ရှိနေစဉ် မြင်းခြံသံဃာတော်များအား ယနေ့နံက် အာရုဏ် ဆွမ်းလောင်းရာ ကြွနေကျ သံဃာတော်ဦးရေ၏ တဝက်ခန့်သာ ဆွမ်းလက်ခံကြောင်း မြို့ခံသံဃာတပါးကမိန့်သည်။

မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းရှိ ‘ပုညသဟာယ နေ့စဉ်ဆွမ်းလောင်းအသင်း’ ၏ အာရုဏ်ဆွမ်းလောင်းပွဲသို့ ပုံမှန်အားဖြင့် သံဃာတော် အပါး (၇ဝဝ) ကျော်ရှိသော်လည်း ယနေ့နံက်တွင်မူ ပတ္တနိကုဇ္ဇန ကံဆောင်ထားသည့် သံဃာအများစုကြွရောက်ခြင်းမရှိပဲ အပါး (၃၀၀) ခန့်သာ ဆွမ်းခံမကြွခြင်းဖြစ်ကြောင်း မြို့ခံသံဃာက မိန့်သည်။

“ဦးဇင်းတို့ကတော့ မကြွဘူး။ မသိနားမလည်တဲ့ တောထွက်တွေတို့၊ ကိုရင်အငယ်လေးတွေလောက်ပဲကြွပါတယ်။ ဒီမနက် သွားလေ့လာ တော့ သံဃာ ၂၅၀-၃၀၀ နီးပါးလောက်ပဲ ကြွတာတွေ့ရတယ်။ မြင်းခြံမှာက တတ်သိနားလည်တဲ့ သက်လတ်ပိုင်း မှန်သမျှက တော်တော် များများ ကံဆောင်ထားတယ်။ ” ဟု အဆိုပါ သံဃာက မဇ္ဈိမသို့ မိန့်သည်။

ဆွမ်းလောင်းအသင်း၌ မည်သူမဆို တနေ့တဦးကျ ကုသိုလ်ရှင်အဖြစ် တာဝန်ယူလေ့ရှိပြီး ဝန်ကြီးဦးအောင်သောင်းသည် ယနေ့ ဆွမ်း လောင်းမည့်အကြောင်း ကြိုတင် ကြေညာထားသည်ကို သံဃာတော်များက မနေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အာရုဏ်ဆွမ်းလောင်းပွဲသို့ ကိုးဆောင်စာသင်တိုက်မှ သံဃာအများစုအပါအဝင် တိုက်ကုန်းကျောင်း၊ ဆုတောင်းပြည့်၊ ဌေးပရိယတ္တိ စ သည့် စာသင်တိုက်များမှ သံဃာများလည်း ဆွမ်းခံလေ့ရှိသည်။

ဦးအောင်သောင်းသည် ယမန်နေ့ကလည်း ကူရာ၊ ကွမ်းစိုက်၊ ရွာစည်၊ ဆားခါး၊ တောင်ရှေ့၊ ဂွေးပင်ရိုးရွာ၊ သစ်ရုံ၊ ထိန်ပန်း၊ လယ်သစ်၊ ကျောက်ပြုတ်၊ သစ်ပင်ရှည်၊ စံပြ စသည့် မြင်းခြံဝန်းကျင်မှ ရွာများမှ ရွာသူရွာသားများအား မြင်းခြံမြို့ အထက (၁) အထက်တန်းကျောင်း၌ ကျင်းပသည့် အစည်းအဝေးသို့
တက်ရောက်ရန် “အတင်းအဓမ္မ” ခေါ်ယူခဲ့သော်လည်း တက်ရောက်သူ နည်းပါးကြောင်း မြို့ခံတဦးက ပြောသည်။

“မနေ့က ရောက်တဲ့အခါကျတော့ စည်းဝေးပွဲတွေ လုပ်တယ်ဗျ။ ရွာတွေကို သူက မလိုက် မနေရ ဆိုပြီး အသံချဲ့စက်တွေနဲ့ လိုက်အော် ခိုင်းတယ်။ မလိုက်ရင် တထောင်ပေးရမယ်ဆိုပြီး အတင်းအကျပ် ခေါ်တာရှိတယ်။ ထော်လာဂျီတွေကိုလည်း အတင်းချောဆွဲပြီးတော့ အတင်းတက်ခိုင်း။ ရွာက တော်တော်များများက အမိန့်ကို ဖီဆန်ပြီး မတက်ကြဘူး။ တရွာကို (၁၅) ယောက်ထက် ပိုမလာဘူးဗျ။ ပြီးတော့ ထော်လာဂျီတွေဖြတ်သွားတာ ကြည့်လိုက်ရင် အမျိုးသမီးတွေနဲ့ ကလေးတွေများတယ်” ဟု သူကပြောသည်။

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှ “ဝဲလောင်ရွာ” ဇာတိဖြစ်သူ ဦးအောင်သောင်းသည် မြင်းခြံအနီးတဝိုက်မှ ရွာများသို့ ကွင်းဆင်း စည်းရုံး ရေးအချို့ လုပ်ဆောင်ဖူးသော်လည်း မြို့ပေါ်သို့ ကျေးရွာများစုခေါ်ပြီး အစည်းအဝေးလုပ်ခြင်းသည် ယခုတကြိမ် ပထမဆုံးဖြစ်ကြောင်း သိရသည်။

ယမန်နေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံသား ဂျွှန်ယက်တောတို့အား ပုတ်ခတ်ပြောဆိုခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ က လျာထားသော မြင်းခြံမှ ဦးကျော်ဆန်းနှင့် ဦးဝင်းမြင့် တို့အား မိတ်ဆက်ပေးခြင်းနှင့် နအဖ အစိုးရ၏ လမ်းဖောက်၊ တံတားဆောက်မှုများကို ထုတ်ဖော် ပြောဆိုခြင်းတို့ သာမက ဖြစ်ပေါ်လာနိုင်သည့် အရေးအခင်း များတွင် မပါဝင်ကြ ရန်ကိုလည်း သတိပေးတိုက်တွန်းသွားသည်။

မကွေး၊ မိထ္ထီလာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ပခုက္ကူ၊ ရေနံချောင်း စသည့် (၁၅) မြို့နယ် ပူးပေါင်းပြီး မကြာသေးမီက ပြုလုပ်ခဲ့ သော ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဓါတ်ပုံ၊ စာရွက်စာတမ်းနှင့် ပို့စ်ကဒ်ဖြန့်သည့် လှုပ်ရှားမှုတွင် မြင်းခြံမြို့ခံများလည်း တက်ကြွစွာ ပါဝင်ခဲ့သည်။ http://www.mizzimaburmese.com/news/inside-burma/3255-2009-06-27-17-46-51.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်