Sunday, June 28, 2009

ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..



သူ စစ်တွေထောင်မှာတုန်းက စပ်ထားတဲ့ ကဗျာပေါ့.. ထောင်ထဲမှာ စာရွက်တို့ ဘောပင်တို့ မရှိတော့ ကဗျာလေးကို အလွတ်ကျက်၊ မိသားစု လာတော့ ရွတ်ပြ၊ အစ်မက မှတ်ပြီး ယူသွားပေါ့။ အင်း စိတ်ဆင်းရဲစရာပါပဲ။

ကိုမင်းကိုနိုင်ရဲ့ ဒီကဗျာလေးဟာ သူထောင်ထဲမှာ စိတ်ဘယ်လောက် ဆင်းရဲလဲဆိုတာ ပေါ်လွင်တဲ့ကဗျာလေးပါ။ သူဟာ အင်မတန်ကို ကဗျာရေးရာမှာ ပါရမီပါသူမို့ ကဗျာကြိုက်တဲ့ ကျနော် အင်မတန် လေးစားမိပါတယ်။ တကယ်ပါ။ ထောင်ကျတယ်ဆိုတာလဲ ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်ပါစေ၊ စိတ်ဆင်းရဲရတာပဲဗျာ.. စဉ်းစားသာကြည့်ပါတော့။ အခုနေများ ဗိုလ်ချုပ်တစ်ယောက်ရဲ့ သားသမီး တစ်ယောက်ယောက် ထောင်တောင် မဟုတ် အချုပ်များ ကျရင် သူတို့တွေ ဘယ်လောက် ပြာယာခတ်လိုက်မလဲနော်။

တခု စဉ်းစားမိလို့ ပြောချင်တာက.. ဒီအခု နိုင်ငံ့ခေါင်းဆောင်လုပ်နေသူတွေဟာ ကိုယ်ချင်းစာစိတ်မရှိဘူးဆိုတာပါပဲ။ ဒါကြောင့် ဒီမိုကရေစီအားပေးသူများအနေနဲ့လဲ သူတို့အပေါ် ခွင့်လွှတ်စိတ် မထားစေချင်ဘူး။ နောက် အမြဲ သတိထားပြီး နေထိုင်သင့်ပါတယ်။ သူတို့ဟာ တရားတာ မတရားတာ ကြည့်တာမဟုတ်ဘူး။ အခုလို ပြောတာဟာ ကြောက်တာမဟုတ်ပါဘူး။ ဒါဟာ ရေရှည်အကျိုးကို ကြည့်ပြီး ပြောခြင်းပါ။ ရှေ့ဆက်လုပ်စရာတွေအတွက်၊ မြန်မာပြည် ရေရှည်အကျိုးအတွက်ပါ။

ကျောင်းသားခေါင်းဆောင်များပြောတဲ့ အန်အယ်လ်ဒီကပြောတဲ့ သင်ပုန်းချေတယ်၊ ဆိုတာတွေ.. ကျနော်တော့ ဒါဟာ အင်မတန်ကို လျှော့ပစ်လိုက်ရတဲ့ အချက်ပဲ ဆိုတာ သိစေချင်ပါတယ်။ အန်အယ်လ်ဒီက အစွမ်းကုန် လျှော့ပြီးပါပြီ။ ဒီ့ထက် လျှော့လဲ အောက်ခံဘောင်းဘီပဲ ကျန်ပါတော့တယ်ဗျာ။

ကဲ ကိုမင်းကိုနိုင် (ဦးမင်းကိုနိုင်) ရဲ့ ရင်နင့်ဖွယ် ကဗျာလေးပါဗျာ။ ကျနော်တော့ ဖတ်တိုင်း စိတ်ထိခိုက်ရပါတယ်
ရဲရင့်ခ

ကံခေသူ

မြတ်နိုးသမျှ ဆုံးရှုံးသူဟာ ကံဆိုးသမား (— ဆိုရင်)
ကျနော် အချစ်ရေးမှာ ကံခေသူ
ဆုံးရှုံးမှ တန်ဖိုးသိသူဟာ လူမိုက် (— ဆိုရင်)
မိသားစုဘ၀မှာ ကျနော် မလိမ္မာခဲ့
လူမိုက်ဟာ ကံကောင်းနေမှန်း မသိလို့ မခံစားပေမဲ့
လူလိမ္မာဟာ ကံဆိုးနေမှန်းသိလို့ ခံစားရပေတယ်။
လူမိုက်ကံဆိုးတော့ ကြုံပြီးပြီ။
လူလိမ္မာကံကောင်း ဇာတ်ပေါင်းခန်းတော့ မျှော်ရီရီ။

မင်းကိုနိုင်
(စစ်တွေထောင်တွင်းစပ်ကဗျာ)
ပေးပို့သူ နိုင်နိုင် (ALD)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်