Friday, June 26, 2009

ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ

26 June 2009

စစ်အစိုးရ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ ဟာ နေပြည်တော် ကို ရောက်ရှိနေပြီး၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဒီ ခရီးစဉ် ဟာ မြန်မာနိုင်ငံ ကို (၈) ကြိမ်မြောက် သွားရောက်ခဲ့တဲ့ သူ့ ရဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဟာ မြန်မာနိုင်ငံ ကို မကြာမီ သွားရောက်ကောင်း သွားရောက်မှာပါ။ ဖြစ်လာနိုင်စရာရှိတဲ့ မစ္စတာ ဘန်ကီမွန်း ရဲ့ အဲဒီ ခရီးစဉ် အတွက် မစ္စတာ ဂမ်ဘာရီ က လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။

သွားရောက်ဖို့ သင့်လျော်တဲ့ အချိန် ကို သူ က ကြည့်နေခဲ့ပါတယ်လို့ မစ္စတာ ဘန်ကီမွန်း က ဒီ အပတ် စောစောပိုင်း က ပြောခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်း ဟာ ဂျပန်နိုင်ငံ ကို ဇွန်လ ၃၀ ရက် ကနေ ဇူလိုင်လ ၂ ရက်အထိ သွားရောက် လည်ပတ်မှာ ဖြစ်ပြီး၊ အဲဒီ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ကို သွားရောက်ကောင်း သွားရောက်နိုင်ပါတယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ဆိုပါတယ်။ မစ္စတာ ဂမ်ဘာရီ ဟာ ယခု ခရီးစဉ် နဲ့ ပတ်သက်ပြီး၊ မစ္စတာ ဘန်ကီမွန်း ဂျပန် နိုင်ငံကို မသွားရောက်မီ အစီရင်ခံရမှာ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မစ်ချဲ မွန်းတပ် က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နဲ့ မစ္စတာ ဂမ်ဘာရီ လာရောက်တဲ့အခါ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က တွေ့ဆုံဖို့ မျှော်လင့်တာ မဟုတ်ပေမဲ့ ပုံမှန်အားဖြင့်ဆိုရင်တော့ တွေ့တတ်တဲ့အကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ဗွီအိုအေ ကို ပြောပါတယ်။ မစ္စတာ ဂမ်ဘာရီ ရဲ့ ဒီ ခရီးစဉ် မှာ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဆုံဖို့ ရှိမရှိ အပါအ၀င် ခရီးစဉ် အသေးစိတ် ကိုတော့ ကုလသမဂ္ဂ က ထုတ်ဖော်မပြောဆိုခဲ့ပါဘူး။

ကုလသမဂ္ဂ ရဲ့ ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်တွေကြားမှာ အားမလိုအားမရ ဖြစ်တာတွေလည်း ရှိနေခဲ့ပါတယ်။ ကုလသမဂ္ဂ ဟာ မြန်မာ နိုင်ငံ ရဲ့ ဖွဲ့စည်းပုံ ကိစ္စ ကို ဆွေးနွေးသင့်တယ်လို့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင် က ဗွီအိုအေ ကို ပြောခဲ့ပါတယ်။

မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံ ကို လာရောက်နိုင်စရာ ရှိတဲ့ ခရီးစဉ် ဟာ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ချထားစဉ် ကန့်သတ် တားဆီးမိန့်တွေကို ချိုးဖောက်မှု နဲ့ အမှုတင် စစ်ဆေးနေတဲ့ အချိန် ဖြစ်နေပါတယ်။ အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော က ဒေါ်အောင်ဆန်းစုကြည် နေအိမ် ကို ရေကူးဝင်ရောက်သွားခဲ့ပြီးတဲ့နောက် စစ်အစိုးရ က အခုလို ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ယက်တော ပထမ အခေါက် ဒေါ်အောင်ဆန်းစုကြည် အိမ် ကို ရောက်သွားစဉ် က Mormon Book စာအုပ် ပေးခဲ့တာ ကို သက်ဆိုင်ရာ ကို အကြောင်းမကြားခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ ပထမအကြိမ်ကတည်း က ထိန်ချန် ပြောဆိုရာ ရောက်ခဲ့တယ်လို့ ရဲချုပ် ခင်ရီ က သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။ မစ္စတာ ယက်တော ရဲ့ နောက်ကွယ် မှာ သူ့ ကို ကြိုးကိုင်နေတဲ့ အဖွဲ့အစည်း ရှိကောင်း ရှိနိုင်တယ်လို့လည်း ထင်မြင်ချက်ပေးခဲ့ပါတယ်။ မစ္စတာ ယက်တော က ပြည်ပရောက် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းတွေ နဲ့ ထိုင်းမြန်မာ နယ်ခြား မှာ တွေ့ဆုံခဲ့တာတွေ ကို ရဲချုပ် ခင်ရီ က တင်ပြသွားခဲ့ပါတယ်။

မစ္စတာ ဂမ်ဘာရီ သွားရောက်နေတဲ့ အချိန်မှာပဲ၊ မြောက်ကိုရီးယား သင်္ဘော Kang Nam ၁ ဟာ မြန်မာနိုင်ငံ ကို လက်နက်ပစ္စည်းတွေ တင်ဆောင် သွားနေတယ်လို့ နိုင်ငံတကာ မီဒီယာတွေထဲ မှာ သတင်းတွေ ဖြစ်ပွားနေတဲ့ အချိန်အခါ နဲ့လည်း တိုက်ဆိုင်နေပါတယ်။ မြန်မာစစ်အစိုးရကတော့ အဲဒီ သင်္ဘော မြန်မာနိုင်ငံ ကို လာရောက်မယ် ဆိုတဲ့ သတင်း မသိဘူး လို့ ငြင်းဆိုထားပါတယ်။ အခြား မြောက်ကိုရီးယား သဘောင်္တစ်စင်းသာ မြန်မာနိုင်ငံ က ဆန်တန်ချိန် ၈.၀၀၀ ကို တင်ဆောင်ဖို့ အိန္ဒိယ က လာရောက်မှာ ဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ http://www.voanews.com/burmese/2009-06-26-voa4.cfm

1 comment:

soe soe said...

စောက်ရူး လာလိုက်ပြန်လိုက်နဲ့ရှုပ်နေတာဘဲ

Post a Comment

ယခင် သတင်းများ ဖတ်ရန်