Monday, June 8, 2009

မြန်မာအလုပ်သမားများ တင်ဆောင်လာသောကားတစီး တိမ်းမှောက်၊ လူတချို့သေဆုံး

Saturday, 06 June 2009 16:28

ထိုင်း မြန်မာနယ်စပ်မှ အလုပ်သမားများ တင်ဆောင်လာသော ကားတစ်စီး တိမ်းမှောက်သဖြင့် လူတချို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး တချို့ကို အရေးပေါ်ဌာနသို့ တင်ထားရကြောင်း သိရသည်။

ယခုလ (၂)ရက်နေ့ နံနက် (၄)နာရီခွဲ အချိန်ခန့်တွင် စံခဘူရီခရိုင်၊ တဖွန်ဖက်စီလာချာမြို့နယ်၊ ချိုင်နမြို့အနီး မိုင်တိုင်အမှတ် (၁၅)အနီးတွင် မြန်မာအလုပ်သမား(၁၂)ဦးကို တင်ဆောင်လာသောကားတစီးမှ ခြောက်ဘီးကားတစ်စီးအား ၀င်တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ လူ (၅)ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး တဦးမှာ ဆေးရုံးသို့ ရောက်သောအချိန်တွင် သေဆုံးခဲ့သည်။ တခြားသူများမှာလည်း ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဌာနတွင် ဆေးဝါးကုသခံနေရသည်။

ဆေးဝါးကုသမှုခံယူပြီးသူများကို ယခုအခါ စံခဘူရီ ရဲစခန်းတွင် ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရသည်။

စံခဘူရီ ရဲစခန်းမှ အမှုလိုက် ရဲအရာရှိတစ်ဦးက “ဗမာအလုပ်သမားတွေ တင်လာတဲ့ကားက ခြောက်ဘီးကားကို ၀င်တိုက်တာပါ။ ကား မောင်းသူ ဘယ်သူဆိုတာ အခုမသိရသေးဘူး။ ထွက်ပြေး လွတ်မြောက်သွားတယ်။ အခု ကျနော်တို့ဆီမှာရှိတဲ့ မြန်မာအလုပ်သမားတွေ ကျန်းမာရေးကောင်းမွန် သွားတဲ့အခါ နယ်စပ်ကို ကျနော်တို့ ပြန်ပို့ပါမယ်။ အလုပ်အကိုင် မယ်မယ်ရရ မရှိတဲ့ နိုင်ငံခြားသားကို ဖမ်းမိလို့ ရှိရင် ထောင်ဒဏ်အပြစ်ပေးလို့ မရပါဘူး။ နယ်စပ်ကိုပဲ ပြန်ပို့ရမယ်လို့ မကြာခင်က အစိုးရအမိန့် ထုတ်ထားတာ ရှိပါတယ်”ဟု ပြောသည်။

မြန်မာအလုပ်သမားများ သေဆုံးမှုနှင့် အခြားအခြေအနေများကို စံခဘူရီ ဆေးရုံမှ တာဝန်ကျ ဆရာမတစ်ဦးက “မြန်မာမိန်းကလေး ငယ်ငယ်လေးတွေ (၅)ဦးက သေပြီးမှ ဆေးရုံကို ရောက်လာတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ ယောက်ျားလေး(၂)ယောက်မှာ တစ်ယောက် ကတော့ ကျမတို့ အရေးပေါ်ကုသရင်းမှာပဲ သေဆုံးသွားပါတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာတော်တော် ပြင်းပါတယ်။ အခုထိ သတိမရသေးပါဘူး။ အားလုံး သေဆုံးသူ မ (၅)ဦးနဲ့ ကျား(၁)ဦးပါရှင်”ဟု ပြောပြသည်။

သေဆုံးသူ မိသားစုများနှင့် အိမ်နီးချင်း ဖြစ်သူတစ်ဦးက “အခြားလူတွေ ဘယ်နယ်ကလဲတော့ မသိဘူး။ ကျနော့်အနားမှာ နေတဲ့သူ ကတော့ ကော့ကရိတ်မြို့နယ် ကော့တလေးရွာက အသက်(၂၂)နှစ်တစ်ယောက် (၂၃)နှစ်တစ်ယောက်နဲ့ (၂၉)နှစ်အရွယ် မိန်းကလေး(၃)ယောက်လို့ ပြောပါတယ်။ လူကယ်ရီနဲ့ လာကြတာဖြစ်ပါတယ်။ အလောင်းကောက် ကားမောင်းသူက ကျနော့်ကို ပြောပါတယ်။ ဆေးရုံက အလောင်းတွေကို ထုတ်ယူပြီးတော့ သဂြိုဟ်ပါတဲ့။ ကျနော်ဘယ်လို တတ်နိုင်မှာလည်းဗျာ”ဟု ပြောသည်။

နယ်စပ်ဒေသများမှ လူကုန်ကူးသည့်ပွဲစားများဖြင့် ၀င်ရောက်သည့်အခါများတွင် ကားအတွင်း အသက်ရှု မွန်းကြပ်၍ သေဆုံးခြင်း၊ ဟင်း သီး ဟင်းရွက်များကြားတွင် လိုက်ပါရသဖြင့် ရှာဖွေရေးဂိတ်များတွင် သံစူးချွန်များဖြင့် အထိုးခံရ၍ သေဆုံးခြင်း၊ တောတွင်းနေ ထိုင်းလူ မိုက်များ၏ သတ်ဖြတ်ခံရခြင်း၊ ထိုင်းပုလိပ်များနှင့် ရွာသူကြီးများ၏ ပစ်ခတ်ခံရခြင်းများအပြင် ယခုလို မော်တော်ယာဉ် တိမ်းမှောက်ခြင်း များကြောင့် သေဆုံးသူများ အများအပြားရှိသော်လည်း မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးလွန်းသဖြင့် နိုင်ငံအနှံ့အပြားမှ လူများသည် ရရာလမ်းကြောင်းများမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် နေ့စဉ် ၀င်ရောက်လျှက်ရှိ ကြသည်။ http://www.ghre.org/mm/index.php?option=com_content&view=article&id=316:2009-06-06-09-31-38&catid=1:latest-news&Itemid=54

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်