Thursday, June 18, 2009

ဒေါ်အောင်ဆန်းစုကြည်(၆၄)နှစ်မြောက်မွေးနေ့  အထိမ်းအမှတ် စာစု

အရင်ဆုံးသတင်းပေးချင်တာက ဂီရင်းလို့ ခေါ်တဲ့ မြန်မာ့ဒီမိုကရေစီရေးကို
ထောက်ခံအားပေးနေတဲ့ ဂျပန်လွှတ်တော်အမတ်များအဖွဲ့ က ဒေါ်အောင်ဆန်းစုကြည်ကို
Democracy and Peace Award ဆုကို ဒီနေ့  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မှာချီး
မြင့်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဒုတိယ
ဥက္ကဌ ဦးတင်ဦးရဲ့ သားလဲဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လွတ်မြောက်နယ်မြေ
ဂျပန်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ကိုသန့် စင်ဦးကလက်ခံရယူမှာဖြစ်ကြောင်းသတင်းပါးလို
ပါတယ်။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်အသက်(၆၄) နှစ်ပြည့်အထိန်းအမှတ် ဆန်လှူပွဲ
ကိုလဲ ဂျပန်ရောက် မြန်မာနိုင်ငံသားများစုပေါင်းပြီး ထိုင်မြန်မာနယ်စပ် မဲဆောက်ဧရိယာ
မှာပြုလုပ်နေပါတယ်။ မြန်မာကျပ်ငွေသိန်း(၁၁၀) ဖိုးလောက်အလှူခံရရှိပါတယ်။
အမျှပေးဝေပါတယ်။သာဓုခေါ်ကြပါခင်ဗျား။

အခုကျွှန်တော်တင်ပြချင်တာက - တရားကိုမြင်မှ ဘုရားကိုမြင်မယ်
ဆိုတဲ့ဆိုရိုးစကားဗုဒ္ဓဘာသာမှာရှိပါတယ်။ အခုလဲဒေါ်အောင်ဆန်းစုကြညရဲ့နိုင်ငံ
ရေးအမြင်ကိုသိမှ ဒေါ်အောင်ဆန်းစုကြည်ကိုသိမှာဖြစ်လို့  ၈၈- အရေးအခင်း
နောက်ပိုင်း လူငယ်မျိုးဆက်သစ်တွေကို ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့
အတွေးအခေါ်တွေထဲက စာပိုဒ်(၃) ပိုဒ်ကို ခေါင်းစဉ်ခွဲပြီးမှတ်မှတ်ရရတင်ပြချင်ပါတယ်။

မြန်မာလူထုနဲ့ ဒီမိုကရေစီ

ဒီမိုကရေစီနိုင်ငံများမှ နိုင်ငံသူနိုင်ငံသားများရရှိသော အခွင့်အရေးများခံစားပိုင်ခွင့်များကို
မြန်မာပြည်သားတို့ မခံစားထိုက်ဟူသော စကားသည် စော်ကားရာရောက်ပါသည်။
တချိန်တည်းတွင် မြန်မာနိုင်ငံအစိုးရကမူ ဒီမိုကရေစီနိုင်ငံအစိုးရများထက် ပိုမို၍ အခွင့်အရေးများ
ခံစားပိုင်ခွင့်ရှိသည်ဟု ယူဆထားခြင်းမှာ ယုတ္တိတန်ပါသလားဟု မေးစရာဖြစ်ပါသည်။

ဥပဒေ

ဥပဒေဟူသည် တရားမျှတမှုနှင့် ထပ်တူထပ်မျှဖြစ်ပြီး တရားမျှတမှုရှိခြင်းကြောင့် ပြည်သူ
ပြည်သားများ ကြေကြေနပ်နပ်နှင့် ငြိမ်သက်နေကြသော ငြိမ်ဝပ်ပြားမှုမျိုးသာလျှင် မွန်မြတ်ပါသည်။
ဥပဒေကို အစိုးရ၏ ဖိနှိပ်ချုပ်ချယ်သောကရိယာအဖြစ် အသုံးပြုခြင်းသည် အာဏာ
ရှင်စနစ်၏ အများသိကြန်အင်လက္ခဏာတရပ်ပင်ဖြစ်သည်။

ဒီမိုကရေစီတိုက်ပွဲ

သစ်ပင်၏အရိပ်သည်အေးမြ၏။ထို့ ထက် မိဘ၏အရိပ်သည်ပိုအေးမြ၏။
ထို့ ထက် ဆရာသမား၏အရိပ်သည်ပိုမိုအေးမြ၏။ထို့ ထက် မင်း ၏အရိပ်သည် ပိုမို၍အေးမြ၏။
သို့ သော် အအေးမြဆုံးမှာ ဗုဒ္ဓရှင်တော်မြတ်၏ အရိပ်ဖြစ်၏။

ထို့ ကြောင့် ပြည်သူလူထုကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသည့်
အေးမြသောအရိပ်အာဝါသပေးနိုင်ရန်အတွက် အုပ်ချုပ်သူတို့ သည် ဗုဒ္ဓ၏အဆုံးအမ
သြဝါဒများကို လိုက်နာရမည်ဖြစ်သည်။ ယင်းသြဝါဒများထဲတွင် သစ္စာရှိခြင်း ၊
ဂရုဏာထားခြင်း နှင့် တရားဓမ္မစောင့်စည်းခြင်း တို့ သည်အဓိကဖြစ်သည်။
ဤသို့ သောအရည်အချင်းများပေါ်တွင် အခြေပြုသော အစိုးရကိုရရန်ရည်ရွယ်၍
မြန်မာနိုင်ငံသားတို့ က ဒီမိုကရေစီတိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။



အထက်ပါ မြန်မာ့ဒီမိုကရေစီတိုက်ပွဲအောင်မြင်ဖို့ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ကျွန်တော့်ရဲ့အမြင်ကိုတင်ပြချင်ပါတယ်။

ဒီမိုကရေစီတိုက်ပွဲအောင်မြင်ဖို့ 

၁။ကိုယ့်အားကိုယ်ကိုးရမယ်(ကယ်တင်ရှင်တွေကိုစောင့်မနေကြပါနဲ့  ဗုဒ္ဓ ကဟောထားတယ် ကိုယ့်အား
ကိုယ်ကိုးပါတဲ့-ဟုတ်ပါတယ်ကိုယ့်ကိုယ်ကိုကိုယ် ကိုယ့်နိုင်ငံကိုကိုယ်ကယ်တင်ကြရမှာပါ။ ဘယ်သူ့ ကိုမှ
ဘယ်နိုင်ငံကိုမှ လာကယ်တင်လိမ့်မယ်ဆိုပြီးမျှော်နေလို့ မရပါဘူး ဘယ်နိုင်ငံမဆို ကိုယ့်အကျိုးစီးပွား
အတွက်အရင်ကြည့်ပြီးမှလုပ်ကြတာပါ

၂။စည်းလုံးညီညွတ်ရမယ်(ဦးတည်ချက်ကို့အဓိကထားပြီးတယောက်နဲ့ တယောက်သဘောထားကြီးပြီး
စိတ်ရှည်သည်းခံဖို့ လိုပါတယ်၊ တယောက်အားနှင့်ယူသော်မရ အများအားနှင့်ယူသော်ရ၏တဲ့။)
ပြီးတော့ကိုယ်ကျင့်တရားပေါ်မှာအခြေခံတဲ့

(က) ပြင်းပြတဲ့ဆန္ဒ
(ခ) ပြင်းပြတဲ့ဝီရိယ
(ဂ) စွဲမြဲတဲ့စိတ်ဓါတ်
(ဃ)စူးစမ်းလေ့လာမှု တို့ ရှိရပါမယ်။

(ကိုယ့်ကျင့်တရားမကောင်းတဲ့လူတွေများနေရင်ဒီမိုကရေစီနိုင်ငံထူထောင်လဲနိုင်ငံကောင်းလာမှာမဟုတ်
ပါဘူး ပြီးတော့ ဗုဒ္ဓကဟောထားပါတယ် တရားကိုစောင့်ရှောက်သောသူကို တရားကပြန်စောင့်ရှောက်၏တဲ့
စစ်အာဏာရှင်တွေ ကိုယ်ကျင့်တရားပျက်ပြားတာကတော့ပြောစရာကိုမလိုတော့ပါဘူး ပြည်သူတွေရော
ဘယ်လောက်ကိုယ်ကျင့်တရားစောင့်ကြသလဲဆိုတာကိုယ့်ဘာသာကိုယ်မေးခွန်းထုတ်ဖို့ လိုပါတယ်။
အဲ့ဒီမှာပြောချင်တာက ၆၂ ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီး ဗိုလ်နေဝင်းက အူမတောင့်မှသီလစောင့်
နိင်မယ် ဆိုတဲ့စကားနဲ့ မြန်မာနိုင်ငံသားအများစုကို ကိုယ်ကျင့်တရားပျက်အောင်လုပ်ခဲ့တယ် အခု
ဗုဒ္ဓရဲ့အဆုံးအမအရ ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်နဲ့ ဆိုတဲ့ အဆုံးအမအတိုင်း ကျွန်တော်
တို့ တတွေ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို ကိုယ့်ဘာသာထိန်းပြီး ပြုပြင်ဖို့ အချိန်တန်နေပြီ နောက်တောင်
ကျနေပါပြီ)

နောက်ဆုံးအရေးအကြီးဆုံးအချက်ကတော့ သတိတရား ပါဘဲ

တခွန်းထဲနဲ့ မှန်သောစကားကိုပြောသောကြောင့် ဗုဒ္ဓ ဟုခေါ်၏(အဲ့ဒါ ဗုဒ္ဓ ရဲ့ဂုဏ်ပုဒ်တွေထဲကတခုပါ)
အဲ့ဒီ ဗုဒ္ဓရှင်တော်မြတ်က သတိလက်မလွတ်နဲ့ လို့ အကြိမ်ပေါင်းရာကျော်ပြောသွားပါတယ် ခန္ဓာဝန်
ချခါနီးနောက်ဆုံးအချိန်မှာလဲနောက်ဆုံးဟောသွားတာက သတိမလွတ်စေကြနဲ့ ဟေ့လို့ မှာသွားရှာပါ
တယ်။ သတိတရားအရေးအကြီးဆုံးပါ သတိတလုံးလွတ်ပြီဆိုရင် အပေါ်ကပြောထားတာတွေ ကိုယ်
ကျင့်တရားတွေအကုန်ကုန်ပါပြီ။

မြန်မာနိုင်ငံသားအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။

လေးစားစွာဖြင့်-

(ဘုန်းလှိုင်)
F W U B C

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်