Thursday, June 11, 2009

အိမ်ဖေါ်အလုပ်သမား မြန်မာအမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

Wednesday, 10 June 2009 11:52

အိမ်ဖော်အလုပ်သမား အမျိုးသမီးတစ်ဦး ယာဘက်နားထင်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ယမန်နေ့ထုတ် ထိုင်းရပ်သတင်းစာနှင့် ဒေးလီးနယူး သတင်းစာများအရ သိရသည်။

ယခုလ (၇)ရက်ည ၁၁နာရီခန့် အချိန်တွင် ဘန်ကောက်မြို့ ဘန်းကပိအရပ် လဖလောင်း (၁၀၁)လမ်းရှိ ဂါးဒင်းထ၀ိ အိမ်ဂေဟာ အမှတ် (၄၃၇၆)တွင် အိမ်ဖေါ်အလုပ် လုပ်ကိုင်နေသူ အသက် (၁၇)နှစ်အရွယ် မတင်ဆိုသော မြန်မာအိမ်ဖေါ်အလုပ်သမတစ်ဦးမှာ နေအိမ်မီးဖိုချောင်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း အဆိုပါ သတင်းစာများတွင် ဖေါ်ပြထားသည်။

မတင်မှာ လက်ကားယား ခြေကားယား၊ ပက်လက်အနေအထားဖြင့် သွေးအိုင်ထဲတွင် သေဆုံးနေခြင်းဖြစ်ပြီး သေဆုံးသူ၏ ခါးအောက်တွင်(၃၈) မမ ပစ္စတိုတစ်လက်၊ ၄င်း၏ကျည်ဆံခွံ (၃)ခုနှင့် သေနတ်ထဲတွင်လည်း ကျည်ဆံနှစ်တောင့် ကျန်ရှိနေသေးကြောင်း ရေးသားထားသည်။

အိမ်ထဲမှ သေနတ်သံကြားရသဖြင့် ခြံစောင့်က အိမ်တံခါးရှိ လူခေါ်ခေါင်းလောင်းကိုနှိပ်ပြီး ခေါ်ကြည့်ရာ အိမ်အတွင်းမှ အသက် (၅၆)နှစ်အရွယ် အိမ်ရှင်အမျိုးသမီး နန်းစူကန်ယာ ကာနန်အနုကစ် ထွက်လာပြီး အတူသွားကြည့်မှ မတင်သေဆုံးနေသည်ကို သိရှိရခြင်း ဖြစ်ကြောင်းပြောသည်။

အမှုလိုက်ရဲအရာရှိ၏ စစ်ဆေးမေးမြန်းချက်ကို အိမ်ရှင်အမျိုးသမီးက “သေနတ်သံကို ကျမ မကြားလိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ ရေချိုးခန်းထဲမှာ ရောက်နေလို့ပါ’’ဟု ဖြေကြားခဲ့သည်။

ရဲအရာရှိက သေနတ်ကိုအဘယ့်ကြောင့် အိမ်ဖေါ်တစ်ယောက်အား ပေးထားရသည်ကို မေးမြန်းရာ အိမ်ရှင်အမျိုးသမီးက “ကျမတို့ အပြင်သွားရင် သူတစ်ယောက်တည်း ကျန်ခဲ့တာမို့ အရေးကြုံရင် သူ့အတွက် အကာအကွယ်ဖြစ်အောင် ပေးထားတာပါ”ဟု ဖြေကြားခဲ့သည်။

အိမ်ရှင် အမျိုးသားမှာ စစ်တပ်မှ အငြိမ်းစား အရာရှိဟောင်းတစ်ဦးဖြစ်ပြီး အမှုဖြစ်စဉ်တွင် နေအိမ်၌ မရှိပေ။

အမှုလိုက် ရဲအရာရှိ ၀မ်ချိုင်းက “ဟုတ်ပါတယ်။ ဒီအမှုကိစ္စ မှန်မှန်ကန်ကန် ပေါ်ပေါက်နိုင်ရေးအတွက် ကျနော်တို့ ကြိုးစားနေပါတယ်”ဟု ပြောကြားခဲ့သည်။

သေဆုံးသူ မတင်မှာ ၄င်းနေအိမ်တွင် (၆) နှစ်ကြာ အလုပ်လုပ် နေသူဖြစ်ကြောင်း ထိုင်းရပ် သတင်းစာတွင် ရေးသားထားသော်လည်း၊ ဒေးလီးနယူသတင်းစာတွင်မူ (၂)နှစ်ကြာ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ရေးသားထားသည်။ အလောင်းကို ဘန်ကောက်မြို့ မှုခင်းရဲဆေးရုံကြီးတွင် စစ်ဆေးလျှက်ရှိသည်။

အဆိုပါအမှုအတွက် အကူအညီများပေးနိုင်ရန် လူ့အခွင့်အရေး အဖွဲ့အစည်းတခုမှ မတင်၏ ဇာတိဒေသအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူဖြစ်ရပ်မျိုး ၂၀၀၂ ခုနှစ် ဇွန်လတွင် အိမ်ရှင်မှ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သဖြင့် အသက်(၁၈)နှစ်အရွယ် ကျိုက်ထိုမြို့သူ မစိုးသေဆုံးမှုကို (၂) နှစ်ကျော်ကြာမှ အိမ်ရှင်အား ဖေါ်ထုတ်ဖမ်းဆီး နိုင်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင်သူများအနက် အိမ်ဖေါ်အလုပ် လုပ်ကိုင်သူအများစုမှာ အဓ္ဓမပြုကျင့်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ လုပ်အားခမရရှိခြင်းနှင့် အစာရေစာ ၀လင်စွာ မစားရခြင်းများအပြင် ပြင်ပသို့လည်း ဖုန်းဖြင့် အဆက်အသွယ်လုပ်ခွင့်များ မရရှိကြောင်း သိရသည်။http://ghre.org/mm/index.php?option=com_content&view=article&id=318:2009-06-10-04-57-25&catid=1

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်