Friday, August 14, 2009

အမြဲမှားတော့ အမှားမြဲ

မန္တလေး မဟာမြတ်မုနိဘုရားကြီးဆီကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးပါတယ်။ မန္တလေးသား မဟုတ်တဲ့အတွက်ကြောင့်ကိုပဲ ခဏခဏရောက်ဖြစ်တာပါ။ (လည်စရာအိမ်မရှိသောကြောင့် …)။ ဘုရားကြီးကို ရောက်ဖြစ်တဲ့အခါတိုင်း အဲ့ဒိနေရာကို ရောက်အောင်သွားကြည့်ဖြစ်ပါတယ်။ ကျွန်တော်စိတ်ဝင်စားလို့ပါ။
စိတ်ဝင်စားတယ်ဆိုတာကလည်း တစ်ခြားမဟုတ်ဘူး။ ကျွန်တော်နားထောင်ဖူးတဲ့ ပုံပြင်တွေထဲက ဇာတ်ကောင်တွေ အဲ့ဒိမှာရှိတယ်လေ။ နောက် … သူတို့နဲ့ ပတ်သက်တဲ့ စာအုပ်တွေလည်း ဖတ်ဖူးတယ်။ ကျွန်တော်နဲ့ သူတို့နဲ့ မိတ်ဆွေဖြစ်ခဲ့တာတော့ ကြာပါပြီ။ ဒါပေမယ့် တစ်ခါမှတော့လည်း မဆုံဖူးပါဘူး။
ဒါကြောင့်ပဲ ရောက်တဲ့အခါတိုင်း အမှတ်တရအနေနဲ့ ရောက်တိုင်း သူတို့နဲ့ သွားရောက်တွေ့ဆုံဖြစ်ပါတယ်။
သူတို့နဲ့ ကျွန်တော် မတွေ့ဖြစ်ခဲ့တာ ဘယ်လောက်တောင် ကြာသွားသည်မသိဘူး။
ကျွန်တော်နဲ့ သူတို့ ပြန်ဆုံတဲ့အခါမှာ တော့ ဇရာထောင်းလို့ ဘ၀ပြောင်းနေတဲ့ သူတို့ပုံစံတွေကို ရုတ်တရက် မြင်တွေလိုက်ရတော့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ။ သူတို့က ကျွန်တော့်ကို စကားတစ်ခွန်းပြောလိုက်ပါတယ်။ ဒီမယ်သုခ … လူတွေဟာ ကိုယ်လုပ်တာဆိုရင် အမြဲတမ်း မှန်တယ်ထင်နေ ကြတယ်ကွ ..။ လူတွေကကွာ သူတို့ ဗိုက်နာပျောက်ချင်တာကို ဆေးမသောက်ပဲ ငါ့ဗိုက် ကိုလာနှိုက်ကြတယ်။
ခေါင်းကိုက်ပျောက်ချင်တော့ ခေါင်းကို လာပွတ်တယ်လို့ သူကဆိုပါတယ်။
သူပြောတာတွေက အစုံပါပဲ။ ကျွန်တော် သူ့စကားသံတွေကြားပြီး ရယ်ချင်လာတယ်ဗျာ။
တစ်ကယ်ပါ။ သူပြောမယ်ဆိုလည်း ပြောသင့်ပါတယ်။
ကျွန်တော့်မိတ်ဆွေကြီးတွေမှာ ခုမျက်လုံးတွေ ဟောက်ပက်နဲ့၊ ချက်တွေ ပေါက်ထွက်ကုန်ပြီ။ ဘယ်သူတွေ ဘာ လာ လုပ် ပေးကြမှာလဲ။ သူတို့ရဲ့ ဇရာရုပ်သွင်ကို ဘယ်သူကများတကယ်လာအဟုတ်ပြင်ပေးမှာလဲဗျာ။ သူ့ခေါင်း ကို တစ်ချက်ပွတ် လို့ ကိုယ့်ဆီကရောဂါတွေ တကယ်လွတ်ထွက်သွားမယ်လို့ ဘယ်လိုတွေးပြီး ယုံကြည်လိုက်ကြ တာလဲ။ အတော်စိတ်ပျက် စရာ မြင်ကွင်းတွေပါ။ အားကိုးတကြီးနဲ့ မဟာမြတ်မုနိဘုရားကြီးဘက်လှည့်ပြီး မျက်လုံးဟောက်ပက်နဲ့ ကြည့်နေရှာတဲ့ သူတို့ ရုပ်သွင် ကျွန်တော် ခုထိမြင်နေတုန်းပဲ။
တို့မြတ်စွာဗုဒ္ဓက ထုတ်ကာမြွက်ဟတာက လူတိုင်းမှာ ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသည်ဆိုတဲ့။ သူတို့တွေ ဘုရားရှေ့မှာ ပုဆိန်ပေါက်ဦးချ နှုတ်ကလည်း ရွတ်လိုက်တာ ကွိကွ ကွိကွ။ အပြီးကျကာမှ ထိုအဆွေတို့ ချက်ကိုလာနှိုက်၊ ခေါင်းကိုလာပွတ်။ အော် …….. ကိုယ်လုပ်တဲ့ ကောင်းမှုကံ၊ မကောင်းမှုကံကိုမှ
ကိုယ်မယုံ၊ နောက်ဆုံးမှ တို့မိတ်ဆွေဆီလာပြီး ငါ့ရောဂါတွေ ယူကြပါ၊ ကူကြပါ၊
အများသူငါ အော်ကြ ဟစ်ကြ။ ဒါနဲ့ ကျွန်တော့်အဆွေတော်တွေကို မိတ်ဆက်ပေးရဦးမယ်ဗျ။ ဒီကမိတ်ဆွေနဲ့
သူတို့က သိပြီးသားတွေနေမှာပါ။ သူတို့က ဘိုးတော်ဘုရားလက်ထက်ကရခိုင်ကရောက်လာတဲ့ ရခိုင်ကုလားရုပ်ကြီးများပါ။ သူတို့ကို ကြေးနဲ့ ထူထူထဲထဲ သွန်းလုပ် ထားပြီး စင်စစ် ထိုအရုပ်တွေဟာ
ဗိသျှနူးနတ်ရုပ်တွေလို့လဲ ဆိုပါတယ်။ ဗိုက်နာတဲ့သူတွေ အရုပ်ကြီးရဲ့ချက်ကို နှိုက်ရင် ရောဂါပျောက်တယ်ဆိုလို့ ဘုရားဖူးလာကြသူတိုင်း လာလာနှိုက်ကြတာ။ စပြီးနှိုက်ခါစ တုန်းကတော့ ထိုကြေးရုပ်ကြီးတွေ ဘာမှဖြစ်မှာ မဟုတ်ဟု ထင်ခဲ့ကြပုံရပါသည်။ ခုတော့ ခေတ်အဆက်ဆက်နှိုက်လာတာလေ။ ကြာလာတော့လဲ ထူထပ်
ပါတယ်ဆိုတဲ့ ကြေးသားတွေတောင် မျက်လုံးဟောက်ပက်၊ ချက်တွေ ပေါက်ထွက်နေတာ ဒီကမိတ်ဆွေ မြင်ဖူးမှာပါဗျာ။ ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ဟောခဲ့တာပေါ့။
အနည်းငယ်သော မကောင်းမှုသည် ငါ့အားအကျိုးသက်ရောက်လာမည်မဟုတ်ဟု မကောင်းမှုကို
မထင်မဲ့မြင်မပြုရာ၊ အထင်မသေးရာ၊ မိုရေပေါက်တို့သည် အကြိမ်ကြိမ်ကျဖန်များသောအခါ ရေအိုးကြီးသည်ပင် ပြည့်လျှံသွားသကဲ့သို့ မိုက် သောသူတို့သည် အနည်းငယ်မျှသော မကောင်းမှုကို ပြုဖန်များသောအခါ
မကောင်းမှုဖြင့် ပြည့်လေတော့၏။
မြတ်စွာဘုရားရှင်၏ မိန့်မှာချက်ဟာ အင်မတန်သတိပြုစရာကောင်းလှပါတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးပါးသော အကြောင်းတွေကြောင့် မိမိမှာ ရောဂါဖြစ်ကြရတာပါ။ မိမိရောဂါ သက်သာချင်ရင် ကံကို ပြင်သင့်ပြင်ပါ။ စိတ်ကို ပြင်သင့် ပြင်ပါ။ ဥတု၊ အာဟာရ စသည်တို့ကို ပြင်ပါ။ ဒါတွေကိုမပြင်ပဲ
ကြေးရုပ်ကိုလက်နှိုက်မှ ပျောက်မယ်ထင်တာ အယူလွဲတာပါ။ ဒါကြောင့်မို့ စာတစ်ကြောင်းလောက် ကျက်ထားဖူးတယ်။ ဖတ်ကြည့်ပါဦး။
အယူလွဲတော့ အလွဲယူ၊ ငရဲမူကို စွန့်ကြ စွန့်ကြ။
ကိုယ်လုပ်လိုက်တာက နဲနဲလေးပဲလွဲတာပါဆိုပြီး မထီမဲ့မြင် မပြုပါနဲ့လို့ ပြောခဲ့ပြီးပါပြီ။ ကိုယ်လုပ်လိုက်တဲ့ မကောင်းမှုဟာ မဖြစ်စလောက်လေးပါဆိုပြီး အထင်မသေးမိစေလိုပါ။ ကြေးရုပ်ကြီးတွေကို
ပွတ်တိုက်လာတာဟာ သံဘရပ်နဲ့ မဟုတ်ပါ။ အလွန်နူးညံ့တဲ့ လက်ဖ၀ါးလေးတွေနဲ့ပါ။
ဒါပေမယ့် နှစ်ကာလကြာတာနဲ့အမျှ ထူထူထဲထဲကြေးရုပ်တွေတောင် မျက်လုံးဟောက်ပက်ဖြစ်ခဲ့ကြ တာကိုကြည့်ခြင်း အားဖြင့် မဖြစ်စလောက်တို့ အဆမတန်များလာတဲ့အခါ ဖြစ်လောက်တဲ့အရာ ဖြစ်သွားတာကို သတိပြုစေချင်ပါတယ်။
မဖြစ်စလောက်ဆိုတဲ့ အပြုအမှုကို အကြိမ်ကြိမ် ထပ်ထပ်တလဲလဲ ပြုမူရင်းကနေ မပြုရရင် မနေနိုင်လောက်တဲ့ အဖြစ်မျိုးသို့ ရောက်သွားရပါတယ်။
မကောင်းမှုကို ပြုတဲ့နေရာမှာ ရက်ကောင်း ရက်ရာဇာမရွေးပဲ ပြုမူနေထိုင်ပြီးမှ ကောင်းမှုပြုခါနီးမှာ ရက်ကောင်းရက်မြတ် ရွေးတတ်တဲ့အကျင့်တွေကို ဖျောက်သင့်လှပါပြီ။ ကုသိုလ်ကို များအောင်စု၊ ကောင်းမှုကို များအောင်ကြံ၊ သတ္တ၀ါ ကောင်း မကောင်း အကြောင်းကံကသာ စီမံတော့သည်၊ ကံသာလျှင် အမိ၊
ကံသာလျှင် အဖဆိုတာကတော့ လောကစကား၊ ဉာဏ်သာလျှင် အမိ၊ ဉာဏ်သာလျှင် အဖဆိုတာကတော့ ဂေါတမဘုရားရှင်ရဲ့တရား ……. ဟုမိန့်ခဲ့သည်ကို ပြန်လည် ကြားယောင်နေမိပြန်ပါသည်။
တို့လည်းလေ လောကီသားပေမို့ မှားတတ်တာကို နားလည်ပါတယ်။ မှားတတ်တာဟာ သဘာဝပါ။ အမှားထပ်တာကသာ သဘာဝ မကျတာပါ။ အမှားတွေဟာ အထပ်ထပ်အခါခါ အမြဲမှားနေတော့ မကောင်းပါဘူး။ ပြင်သင့်ပါပြီ။ ကျွန်တော်လည်း စာတစ်ကြောင်း ခိုးပြီး စပ်ကြည့်မိပါတယ်။
အမြဲမှားတော့ အမှားမြဲ၊ မသွားပဲ ရောက်တာ ငရဲ ငရဲ။
အားလုံးသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

http://dhammathukha.com မှ ကူးယူ မျှဝေပေးခြင်းဖြစ်သည်......

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်