Thursday, August 27, 2009

ဂျင်ဝက်ဘ်တိုက်တွန်းမှု အမေရိကန်အစိုးရအလေးအနက်ထား

27 August 2009

အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအစီအစဉ်တွေကတဆင့် စပြီး မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးစသင့် တယ်လို့ မြန်မာနိုင်ငံကို မကြာခင်သွားရောက်ခဲ့တဲ့ အထက်လွှတ်တော်အမတ် Jim Webb က သြဂုတ်လ ၂၆ရက်နေ့ထုတ် New York Times သတင်းစာမှာ သူ့ရဲ့အယူအဆ အကြံပြုချက်ကို ရေးသားခဲ့ ပါတယ်။ အခုလို မြန်မာနိုင်ငံ သွား ရောက်ခဲ့တဲ့ မစ္စတာ Webb ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြင် အယူအဆတွေနဲ့ပတ်သက်လို့ဆွေးနွေးဖို့  Mr Webb နဲ့  နိုင်ငံခြားရေးဝန်ကြီးကလင်တန်တို့  မကြာခင် တွေ့ဆုံဖို့ ရှိပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ian Kelly က ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ အထက်လွှတ်တော်အမတ် မစ္စတာဝက်ကို တွေ့ဆုံပြီးတော့ သူ့ မြန်မာနိုင်ငံ ခရီးစဉ်ကိစ္စ ဆွေး နွေးကြဖို့ ရှိပါတယ်။ ဘယ်တော့ဖြစ်မလဲတော့ အသေအချာ မပြောနိုင်သေးပါဘူး။ သူ့ရဲ့ အမြင်အယူအဆတွေကို ကျွန်တော်တို့ သိရှိဖို့ မျှော်လင့်ထားပါတယ်။ နယူးယောက်တိုင်းမှာ ရေးသားတဲ့ သူ့အမြင်အယူအဆတွေကို ကျွန်တော်တို့ အလေးအနက် ထားပါတယ်။”

မြန်မာနိုင်ငံ အပေါ်ထားတဲ့ အမေရိကန် အစိုးရ မူဝါဒကို Obama အစိုးရသစ်က ပြန်သုံးသပ်နေတာဟာ မကြာခင်မှာ အဖြေထွက်လာဖွယ် ရှိနေပါတယ်။ ဒီလို သုံးသပ်နေချိန်မှာ အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ ပိုပြီး သြဇာလွှမ်းမိုး လာတယ်လို့ အထက်လွှတ်တော်အမတ် Jim Webb က နယူးယောက်တိုင်း သတင်းစာထဲမှာ သုံးသပ်ရေးထားပါတယ်၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ် ရေနံ သဘာဝဓါတ်ငွေ့နဲ့ သတ္တုတွင်း လုပ်ငန်းတွေမှာ အတော်များများ ရင်းနှီးမြုပ်နှံ ထားသလို၊ ဒေါ်လာ ၂.၉ ဘီလီယံတန်ဖိုးရှိတဲ့ တရုတ် မြန်မာ ရေနံ ပိုက်လိုင်းတည်ဆောက်ရေး လုပ်ငန်းကိုလည်း ရရှိထားတယ်လို့ ဆိုပါတယ်။ တရုတ်အနေနဲ့ အခုလို မြန်မာနိုင်ငံအပေါ် စီးပွားရေး သြဇာလွှမ်းနေဦးမယ်ဆိုရင် နောက်ပိုင်းမှာ စစ်ရေးအရလည်း မြန်မာနဲ့ ပတ်သက်လာနိုင်တယ်ဆိုပြီး သတိပေးရေးထားပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအချို့ကို ဖယ်ရှားပြီး မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရေး သစ်ကို ထူထောင်ဖို့ အကြံပြုထားပါတယ်။ တဖက်မှာ မြန်မာနိုင်ငံအရေးကိစ္စဟာ ဒေသတွင်းအင်အားကြီးနိုင်ငံ ဖြစ်တဲ့ တရုတ်မှာလည်း တာဝန်ရှိတာကြောင့် မြန်မာနိုင်ငံရေးနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ပါဝင်ပြောဆိုတာတွေလုပ်လာဖို့ အမေရိကန်အနေနဲ့ တရုတ်ကို တွန်းအားပေးသွားဖို့ မကြာခင်က မြန်မာနိုင်ငံကို သွားခဲ့ တဲ့  အမေရိကန် အထက်လွှတ်တ်ေအမတ် Jim Webb က NY Times သတင်းစာကြီးထဲမှာ တိုက်တွန်း ရေးသားထားပါတယ်ရှင်၊
http://www.voanews.com/burmese/2009-08-26-voa10.cfm

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်