Sunday, August 23, 2009

တိုးတိုးတိတ်တိတ် လူပုံအလယ်

အမည်မသိ အလောင်း စရဖမှ ဖျောက်ဖျက်8/23/2009
ရခိုင်ပြည်နယ် စစ်တွေတွင် ရေထဲမှ ဆယ်ယူရရှိသော အမည်မသိ အလောင်း တလောင်းအား စစ်ထောက်လှမ်းရေး စရဖမှ အစအန မပေါ်ရအောင် ဖျောက်ဖျက် ပစ်လိုက်သည်ဟု သတင်းရရှိသည်။

လူမူရေး လှုပ်ရှားသူ လူငယ် တဦးက " အလောင်းက သြဂတ်စ်လ ၉ ရက်နေ့က အောင်ဒိုင် တံငါရွာမှာ ပါးလာပါတယ်။ စစ်တွေရဲက အလောင်းကောင်ကို လှေနဲ့ ဆွဲယူလာပြီး စစ်တွေ အင်းပေါက်ဝ ဆိပ်ကမ်းကနေ တဆင့် စစ်တွေ ပြည်သူ့ ဆေးရုံကြီး ရင်ခွဲရုံကို ပို့ပါတယ်။ ရင်ခွဲရုံကို ပို့ပြီး သိပ်မကြာခင်ဘဲ စရဖက အလောင်းကို ယူသွားပြီး ဖျောက်ဖျက် ပစ်လိုက်ပါတယ်။ ဘာကြောင့် ဖျောက်ဖျက် ပစ်လိုက်တယ်ဆိုတာတော့ တိတိကျကျ မသိရပါဘူး။ ဒါပေမယ့်လို့ စစ်တွေမှာ သတင်းတွေ အမျိုးမျိုး ထွက်နေပါတယ်" ဟု ပြောသည်။

အဆိုပါ အလောင်းမှာ အမျိုးသမီး တဦး၏ အလောင်း ဖြစ်ကြောင်း သက်ဆိုင်ရာ သတင်း ထုတ်ပြန်ထားသည်ဟု သိရသည်။ ယခုကဲ့သို့ ထုတ်ပြန်မူမှာ လိမ်လည် ထုတ်ပြန်မူ ဖြစ်သည်ဟု အလောင်းကို မျက်မြင်တွေ့ခဲ့သူ လူငယ် တဦးက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

"ကျွန်တော်တို့ အဲဒီနေ့ နေ့လည်ပိုင်းမှာ အင်းပေါက်ဝ ဆိပ်ကမ်း အနီးက သဲပြင်မှာ ဘော်လုံးကစားနေကြပါတယ်။ အလောင်းတလောင်း ရဲက ယူလာတယ်ဆိုပြီး ကျနော်တို့အားလုံး သွားကြည့်ကြပါတယ်။ ရဲတွေက တားပေမယ့် လူငယ်တွေက အများကြီးဆိုတော့ တားနေတဲ့ ကြားထဲက အနီးကပ် သွားကြည့်ခွင့်ရပါတယ်။ သေဆုံးသွားသူဟာ အမျိုးသား တဦးဖြစ်ပြီး သူရဲ့လက်မောင်းမှာ ကင်းတကောင် ရုပ်ပုံကို မင်ထိုးထားပါတယ်။"

စစ်တွေရင်ခွဲရုံတွင် ရေမြုပ်သား အလောင်းတလောင်းရောက်နေကြောင်း သတင်းထွက်ပေါ်လာပြီးနောက် စစ်တွေမှ လူငယ်အများအပြား ကြည့်ရှု့ရန် သွားရောက်ကြရာ အဆိုပါ အလောင်းကို သက်ဆိုင်ရာ ကြည့်ခွင့် မပြုခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် အမည်မသိ နေရာ တခုသို့ စရဖ တာဝန်ရှိသူများက အလောင်းကို ယူဆောင်သွားသည်ဟု သိရသည်။

အဆိုပါ အလောင်းကို စစ်တွေ စရဖမှ ယူဆောင်ပြီး ဖျောက်ဖျက် ပစ်လိုက်သည့်နောက်ပိုင်း အဆိုပါ အလောင်းကိစ္စနှင့် ပတ်သက်ပြီး သဲလွန်စများ ထွက်ပေါ်လာနေသည်ဟု လူမူရေး လှုပ်ရှားသူ လူငယ်က ယခုကဲ့သို့ ပြောသည်။

" သြဂတ်စ်လ ၆ ရက်နေ့ နံနက် ၉ နာရီမှာ စစ်တွေ အမှတ် (၁) ရဲစခန်းမှ ကျောက်တော် မြို့နယ်က ဖမ်းမိတဲ့ နိုင်ငံရေး သမား တဦးကို စရဖက ခေါ်ထုတ် သွားခဲ့တယ်ဆိုပြီး သတင်း ရပါတယ်။ အဲဒီနိုင်ငံရေးသမားဟာ ပြည်ပလက်နက်ကိုင် အဖွဲ့တခုနဲ့ ဆက်စပ်တာကြောင့် ဖမ်းဆီးခံရသူ ဖြစ်ပါတယ်။ အဲဒီနေ့ ည ၉ နာရီမှာဘဲ စစ်တွေ မိဇံရပ်ကွက်က ဆန်ဆိပ်ကနေ စက်တပ် သဗ္ဗာန်တစီးနဲ့ အဲဒီလူကို မျက်နာဖုံးစွပ်ပြီး အဖွဲ့ဝင် ၄ ဦးပါတဲ့ စရဖ အဖွဲ့က ကုလားတန် မြစ်ထဲကို ခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ အများစု ပြည်သူတွေကတော့ ခု စရဖ ဖျောက်ပစ်လိုက်တဲ့ အလောင်းဟာ သူ့အလောင်းဆိုပြီး ထင်မြင် ယူဆနေကြပါတယ်။"

စစ်တွေ မိဇံရပ်ကွက်မှ စီးပွားရေး သမားတဦးကလည်း သြဂတ်စ်လ ၉ ရက်နေ့က အလောင်းတလောင်းကို စစ်တွေရဲက ယူဆောင်လာခြင်းကို အတည်ပြု ပြောကြားပြီး အဆိုပါ နေ့က သူ့မှာ အင်းပေါက်ဝ ဆိပ်ကမ်းအနီးရှိ မင်းကြီးကျောက်တန်းတွင် ထိုင်၍ ရှိနေသည်ဟု ပြောသည်။ သို့သော်လည်း အဆိုပါ အလောင်းမှာ မည်သူ့ အလောင်း ဖြစ်သည်ကို မသိရှိပါကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အခြေစိုက်ထားသော ထောက်လှမ်းရေး တပ်ဖွဲ့များသည် ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်သူများကို တရား ဥပဒေအရ အရေးမယူဘဲ လူမြင်ကွင်းတွင် အသေ ရှင်းပစ်လေ့ရှိကြောင်း သိရသည်။

ထိုအထဲတွင် ရခိုင်ပြည်တပ်မတော်နှင့် ဆက်စပ်မူကြောင့် စစ်တွေမြို့ နေအိမ်ပေါ်မှ ထောက်လှမ်းရေး တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြီး တရားစွဲဆိုမူ မရှိဘဲ ကျောက်တော်မြို့တွင် သတ်ဖြတ်ခံရသူ ရခိုင်ပြည်နယ် ဘော်လုံးအသင်းမှ နာမည်ကြီးဂိုးသမားဟောင်း ဦးစံကျော်လည်း ပါဝင်သည်။ ဦးစံကျော်မှာ မြန်မာ ဘော်လုံး အသင်း ပဏာမ လက်ရွှေးစင်ဟောင်း တဦးလည်း ဖြစ်သည်။

ဦးစံကျော်နှင့်အတူ သတ်ဖြတ်ခံရရာတွင် မင်းပြားမြို့မှ ဦးဇင်း ၀ဏ္ဍသာမိလည်း ပါဝင်သွားခဲ့သည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်