Friday, January 16, 2009

ဂါဇာဒေသကို အစ္စရေး ထိန်းချုပ်လိုက်ပြီး အပစ်အခတ်ရပ်စဲရေး အစ္စရေးသဘောတူ


Jan 17 09

အစ္စရေးအစိုးရက အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီခဲ့ပြီးနောက် ဂါဇာဒေသ ထိုးစစ်ဆင်နွှဲမှုသည် အဆုံးသတ် အောင်မြင်မှု ရရှိခဲ့ပြီဟု ထုတ်ဖော်ကြေညာလိုက်သည်။ ဂါဇာကမ်းမြှောင်ဒေသရှိ ဟားမတ်စ်စစ်စခန်းများသို့ တရကြမ်း ၀င်ရောက်ချေမှုန်းခဲ့သည့် အစ္စရေးစစ်ကြောင်းများမှာ ဟားမတ်စ်ထိပ်တန်း ခေါင်းဆောင်များကို ရှာဖွေသုတ်သင်ရန် အသည်းအသန် ကြိုးပမ်းလျက်ရှိပြီး ထိုဒေသတစ်ခုလုံးကို ထိန်းချုပ်သွားရန် အသင့်ဖြစ်နေကြောင်း သိရသည်။ အီဂျစ်အစိုးရမှဦးဆောင်ပြီး အစ္စရေးတို့အနေနှင့် (၁၀)ရက်တာ အပစ်အခတ် ရပ်စဲမှု ပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း အစ္စရေးစစ်တပ်များကမူ ဂါဇာစီးတီးထိ ထိုးဖောက်ဝင်ရောက်ဆဲ ဖြစ်သည်။



(အစ္စရေးစစ်သားများ)

ဟားမတ်စ်တို့ဘက်မှ အစ္စရေးနှင့် ညှိနှိုင်းရန် မလိုလားကြောင်း ကြွေးကြော်နေသော်လည်း အခြားသော မွတ်ဆလင် စစ်သွေးကြွ အဖွဲ့များကပါ ဟားမတ်စ်တို့အား အလျှော့ပေးရန် တိုက်တွန်းနေသောကြောင့် စေ့စပ်ရေးလုပ်ရန် လက်ခံလာဖွယ်ရှိနေသော်လည်း အစ္စရေးဘက်မှ သဘောထားကိုမူ သေချာမသိရသေးပေ။ လက်ရှိအချိန်တွင် အစ္စရေးတပ်မတော်အနေနှင့် အပစ်အခတ် ရပ်စဲရေးကို လက်ခံကြောင်း အစ္စရေးအစိုးရက သတင်းထုတ်ပြန်ခဲ့သည့်တိုင် ထိုဒေသတစ်ခုလုံး လုံခြုံမှုရှိစေမည်ဟု အီဂျစ်နိုင်ငံ ကိုင်ရိုအစိုးရအပါအ၀င် ကမ္ဘာ့အစိုးရများမှ အာမခံချက် မပေးနိုင်သေးသမျှ ဂါဇာဒေသကို ထိန်းချုပ်သွားဦးမည်ဟု အတိအလင်း ကြေငြာထားသည်။



(ဟားမတ်စ်ပြောက်ကျားများ)

စစ်သွေးကြွများဘက်မှ ဒုံးကျည်များနှင့် ဆက်လက်ပစ်ခတ်နေမည်ဆိုလျင် ထိုးစစ်ကို ချက်ချင်းဆက်နွှဲမည်ဟုလည်း အစ္စရေးဘက်မှ သတင်းထုတ်ပြန်ထားသည်။ ယခုအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအရ အီဂျစ်နိုင်ငံသည် လက်နက်များမှလွဲပြီး ပါလက်စတိုင်းဒေသအတွက် ထောက်ပံ့ရေး အကူအညီများ ပေးပို့နိုင်ရန် အစ္စရေးက ခွင့်ပြုမည်ဖြစ်ပြီး အခြားသော နိုင်ငံတကာ အဖွဲ့များအတွက်လည်း နယ်စပ်ပိတ်ဆို့မှုများကို ဖွင့်ပေးသွားမည်ဖြစ်ကြောင်း အစ္စရေးဘက်မှ အတည်ပြုခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ကျွမ်းကျင်သူများကမူ ဟားမတ်စ်တို့ဘက်မှသာ အစ္စရေးအား နောက်ထပ်ရန်စသည့် အပြုအမူမျိုး ပြုလုပ်ခဲ့ပါက အစ္စရေးအနေနှင့် ချက်ချင်း စစ်ပွဲကို အသက်ပြန်သွင်းမည့် အလားအလာရှိကြောင်း သုံးသပ်ထားသည်။ ပြီးခဲ့သောနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့မှ စတင်ဆင်နွှဲခဲ့သော အစ္စရေးထိုးစစ်ကြောင့် သေဆုံးခဲ့သည့် ပါလက်စတိုင်းဦးရေမှာ အနည်းဆုံး (၁၁၄၀)ထိရှိကြောင်း သတင်းရရှိသည်။



(စစ်ပွဲကြောင့် ပျက်စီးနေသည့် ဂါဇာဒေသတစ်နေရာ)


http://www.planet.com.mm/news/read.cfm/id/11656

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်