Wednesday, January 28, 2009

မယ်လစခန်းကို ထိုင်းအာဏာပိုင် ရှောင်တခင် ၀င်ရောက် စစ်ဆေး လျှပ်ပစ္စည်းနှင့် ဆိုင်ကယ်များသိမ်းဆည်း

ခွန်အောင်မြတ်။
ဇန္န၀ါရီလ ၂၈ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းအား ထိုင်းမူးယစ်နှိမ်နင်းရေးအဖွဲ့၊ စစ်တပ်နှင့် အထူးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက်တွင် စခန်းတွင်းရှိ တားမြစ်ပစ္စည်းများကို ၀င်ရောက်ရှာဖွေစစ်ဆေးကာ လျှပ်စစ်ဆိုင်ရာ ပစ္စည်းများနှင့် ဆိုင်ကယ် ၂၀

စီးကို သိမ်းဆည်း သွားခဲ့သည်။

ယနေ့နံနက် ၅ နာရီမှ ၈ နာရီအထိ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့သည်ဟု မယ်လ ဒုက္ခသည်စခန်းကော်မတီ ဒု-ဥက္ကဌ မန်းထွန်းထွန်းက ပြောသည်။

"စခန်းရဲ့စည်းကမ်းဥပဒေနဲ့မညီညွှတ်တဲ့ တချို့ပစ္စည်းတွေ ဥပဒေနဲ့ညှိစွန်းတဲ့ ပစ္စည်းတွေက အထူး စစ်ဆင်ရေးအနေနဲ့ ထိုင်းတပ်မတော်တွေရော ထိုင်းမူးယစ်ဆေးဝါးအဖွဲ့တွေရော၊ ထိုင်းအာဏာပိုင် တွေရော အထူးသဖြင့် ထိုင်းရဲတပ်ဖွဲ့တွေပေါ့လေ။ သူတို့ဒီမနက် စစ်ဆင်ရေး လာလုပ်သွားတယ်လေ။ စခန်းဥပဒေနဲ့ ညှိစွန်းတဲ့ပစ္စည်းတွေ မှန်သမျှပေါ့။ "

စခန်းတွင်ထုတ်ပြန်ထားသည့် စည်းကမ်းနှင့် မညီညွှတ်သည့် လျှပ်စစ်ပစ္စည်းအပါအ၀င် အခြားပစ္စည်းများကို သိမ်းဆည်းသွားသည်ဟု ဇုံစီ ဇုံမှူး စောကောရီက ပြောသည်။

"အဓိကကတော့ လျှပ်စစ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို သိမ်းသွားတယ်လေ။ ဖုန်းတွေ၊ နောက်ပြီး တော့ ကွန်ပြူတာစက်တွေ၊ နောက်ပြီးတော့ လျှပ်စစ်မီးပူတွေ၊ လျှပ်စစ်ထမင်း ချက်အိုးတွေ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို သိမ်းသွားတယ်။ ဆိုင်ကယ်တွေလည်း သိမ်းသွားတယ်လေ။ ဆိုင်ကယ်တွေလည်း အစီး ၂၀-၃၀ လောက်ရှိမယ်။ အဲဒါတွေကတော့ ကြိုတင်ပြီးတော့ ထုတ်ထားတာ ရှိတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ စခန်းထဲမှာ တာဝန်ရှိ တွေလောက်ပဲ ဆိုင်ကယ်စီးရမယ် ဆိုပြီး တော့ သူတို့ကြိုတင်ပြောသွားတာတော့ ရှိတယ်လေ။ ဒီမနက်မှာတော့ ဘာမပြောမဆိုနဲ့ အကုန်လုံး ၀င်သိမ်းသွားတာပဲ။ "

မနက်မိုးမလင်းခင် ရှောင်တခင်ဝင်ရောက် စစ်ဆေးပြီး ပစ္စည်းများသာ သိမ်းဆည်းကို စခန်းရှိ ဒုက္ခသည်များကို ဖမ်းဆီးသွားခြင်းမရှိဟု စောကောရီက ပြောသည်။

"အကြောင်းပြချက်ကတော့ ဘာမှမရှိဘူးလေ၊ မသိဘူးလေ။ အကြောင်းပြချက်ကတော့ ဒီလျှပ်စစ်ပစ္စည်းတွေ အသုံးနည်းဖို့၊ အသုံးများလို့ ဒီဖုန်းတွေ ဘာတွေ အဆက်အသွယ်များလို့ အဲဒါကြောင့်ပဲလား။ နို့မို့ဘာကြောင့်လဲဆိုတာ မသိဘူးလေ။ အဓိကထားပြီး သိမ်းသွားတာ ကတော့ လျှပ်စစ်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ပစ္စည်းတွေပဲ။ "

မယ်လဒုက္ခသည်စခန်းအတွင်းတွင် ပိတ်ပင်ထားသည့် လျှပ်စစ်နှင့်ဆိုင်သည့်ပစ္စည်း၊ မူးယစ် ဆေးဝါး၊ တရားမ၀င် ပစ္စည်း၊ ပေါက်ကွဲတတ်သည့် ပစ္စည်းများနှင့် တရားမ၀င် မော်တော် ဆိုင်ကယ်များကို သိမ်းဆည်းခဲ့သည့်ဟု စခန်း ဒု-ဥက္ကဌ မန်းထွန်းထွန်းက ပြောသည်။

"ကျနော့်အနေနဲ့ မြင်တာကတော့ ဒါကတော့ လုပ်သင့် လုပ်ထိုက်တာပဲလေ။ ဒါကတော့ ပုံမှန်သူတို့ ရဲ့နိုင်ငံအတွင်းမှာ နေထိုင်တဲ့လူတွေရဲ့ ဘယ်လို ပြောရမှာလဲဆိုတော့ ဒီစခန်း အတွင်းမှာ တရား မ၀င်မှုတွေ များလာတဲ့အခါကျတော့ သူတို့ အဲလို လုပ်ပေးလိုက်မယ်ဆိုရင် တရားမ၀င် အလုပ်တွေ လျော့နည်းလာမယ့်အတွက် ကျနော်တို့ စခန်းအုပ်ချုပ်ရေးတွေလည်း အထောက်အကူပြုတာပေါ့။ မလိုအပ်တဲ့ပစ္စည်းတွေ သိမ်းမိမယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ လူထုတွေ နစ်နာတာပေါ့။ တဖက်ကလည်း လူထုတွေအတွက် နစ်နာတာလည်းရှိတယ်။ တဖက်ကလည်း လူထုအကျိုးပြုတာတွေ လည်း ရှိတာပေါ့။ " ၎င်းက သုံးသပ်သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း ၉ ခုရှိရာ မယ်လဒုက္ခသည်စခန်းက အကြီးဆုံးဖြစ်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်