Tuesday, January 27, 2009

အိုဘားမား မိန့်ခွန်းအပြည့်အစုံ ဖော်ပြခွင့် မရ

သူများနိုင်ငံက သမ္မတ မိန့်ခွန်းပြောတာတောင် လိုက်ပြီးတော့ ဖြတ်တောက်နေတယ်။ ဘာစောက်သုံးကျသေးလဲ
နန်းဒေ၀ီ
အင်္ဂါနေ့၊ ဇန်နဝါရီလ 27 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းထုတ် ဂျာနယ်များတွင် အမေရိကန် သမတသစ် ဘရက်ခ် အိုဘားမား၏ မိန့်ခွန်း အပြည့်အစုံကို ဖော်ပြခွင့် မရသောကြောင့် သတင်းပုံစံ ပြောင်းလဲကာ ထုတ်ဝေခဲ့ကြရသည်။

အပတ်စဉ်ထုတ် ဂျာနယ်များတွင် သမတသစ်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ပြောကြားသွားသော မိန့်ခွန်း အပြည့်အစုံကို

ဘာသာပြန် ထုတ်ဝေခွင့်ရရန် စာပေစိစစ်ရေးတွင် တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

"မိန့်ခွန်း အပြည့်အစုံတင် မရလို့ သတင်းပုံစံ ပြောင်းရေးလိုက်ရတယ်။ သမတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဘယ်မှာလုပ်တယ်၊ ပရိသတ် ဘယ်နှစ်ယောက် တက်တယ်။ အိုဘားမား မိန့်ခွန်းပေးတာ ဘယ်နှစ်မိနစ် ကြာတယ် ဆိုတာလောက်ပဲ ရေးခွင့်ရတယ်" ဟု အယ်ဒီတာတဦးက ပြောသည်။

အလားတူအဖြစ်မျိုး အခြား ဂျာနယ်များတွင်လည်း ဖြစ်ပွားခဲ့သည်။ စာပေစိစစ်ရေးမှ အဓိက ခွင့်မပြုသည့် မိန့်ခွန်းထဲမှ အချို့အချက်အလက်များသည် လက်ရှိ စစ်အစိုးရကို တိုက်ရိုက် ရည်ညွန်းပြောဆိုနေဟန် ဖြစ်သည့်အတွက် ခွင့်မပြုခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်ရှိ မဇ္ဈိမသတင်းထောက်က ပြောသည်။

၄၄ ယောက်မြောက် အမေရိကန်သမတ ဖြစ်လာသည့် ကင်ညာနိုင်ငံသားလူမဲ ဖခင်နှင့် အမေရိကန် လူဖြူမိခင် တို့မှ မွေးဖွားခဲ့သော အိုဘားမား၏ မိန့်ခွန်းထဲတွင် "ခြစားမှုတွေ၊ လိမ်ညာမှုတွေ၊ အတိုက်အခံတွေကို အသံတိတ်အောင်လုပ်ပြီး အာဏာကို ရယူဖက်တွယ်ထားတဲ့ လူတွေကို ပြောချင်ပါတယ်။ ခင်ဗျားတို့ဟာ မှားယွင်းတဲ့ သမိုင်းစာမျက်နှာဘက်ခြမ်းမှာ ရှိနေတယ်ဆိုတာပဲ…" စသည့် ပြောစကားများကြောင့် ပိတ်ပင်ရခြင်း ဖြစ်ဖွယ် ရှိသည်ဟု ဆိုသည်ကို သတင်းသမားများက တညီတညွတ်တည်း ပြောကြသည်။

အလားတူ ကျမ်းသစ္စာ ကျိမ်ဆိုပွဲမှ အိုဘားမား၏ ဓာတ်ပုံများကိုလည်း မျက်နှာဖုံးတွင် ဖော်ပြခွင့် မရခဲ့သူလည်း ရှိခဲ့သည်။

"ကျနော်တို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ မရဘူးဗျ။ အထဲက စာမျက်နှာမှာပဲ ထည့်လို့ရတယ်" ဟု ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

အိုဘားမား၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ရန်ကုန်မြို့ပေါ်တွင် ဂြိုလ်တု စလောင်းမှတဆင့် တိုက်ရိုက် ကြည့်ရှုခဲ့ကြသူ များခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်