Thursday, January 29, 2009

ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ တရုတ်ပြည်သို့ သယ်ယူရေးနှင့် ပတ်သက်၍ ရခိုင်ပြည် အမျိုးသားကောင်စီမှ သဘောထားထုတ်ပြန်

1/28/2009

မောင်ရမ္မာ (နိရဉ္စရာ) ရခိုင်ပြည် အမျိုးသားကောင်စီမှ ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သယ်ယူရန်အတွက် ပိုက်လိုင်းတည်ဆောက်ရေးကို ဆန့်ကျင်ကန့်ကွက်သောအနေဖြင့် ဇန္န၀ါရီလ ၂၇

ရက်နေ့စွဲဖြင့် ကြေငြာချက်တစောင် ထုန်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရန် နအဖ စစ်အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးခြင်းသည် စစ်အာဏာရှင် နအဖကို ဗမာပြည်တွင် သက်ဆိုးရှည်ရေးအား ထောက်ခံပေးရာကျသည်သာမက စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် တိုက်ပွဲဝင်နေကြသော ဗမာပြည်သူတရပ်လုံးနှင့် ဒီမိုကရေစီကို ချစ်မြတ်နိုးသော ကမ္ဘာပြည်သူတရပ်လုံးအား မထီမဲမြင် လုပ်နေခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

၎င်းအပြင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဓါတ်ငွေ့သယ်ယူရေးအတွက် အပြည်ပြည်ဆိုင်ရာ ဆန့်ကျင်ကန့်ကွက်သည့်နေ့တွင် ရခိုင်ပြည်သူများအနေဖြင့် မိမိတို့၏စွမ်းရည်သတ္တိများကို ယုံကြည်၍ မိမိတို့၏ တိုင်းပြည် သယံဇာတများကို ကာကွယ်နိုင်စေရန် ရခိုင်ပြည်၏ အတွင်းအပြင်ရောက်ရှိနေကြသော ရခိုင်ပြည်သူများသည် စုပေါင်းညီညွတ်၍ တိုင်းရင်းသားညီအစ်ကိုများနှင့် လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်းဖေါ်ပြထားသည်။

အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် ရခိုင်ပြည်သူများထံမှ သိမ်းပိုက်ထားသော လယ်မြေများကို ပြန်လည်ပေးအပ်ရန်၊ ရခိုင်ပြည်သူ၏ သဘောထားမပါဘဲ သယံဇာတများကို ထုခွဲရောင်းချနေမှုအား ချက်ချင်းရပ်တန့်ပေးရန်၊ ရခိုင်မြေပေါ်တွင် စစ်တပ်များ အဆမတန်တိုးချဲ့နေမှုအား ချက်ချင်းရပ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ချင်း လွတ်ပေးရန်လည်း တောင်ဆိုထားသည်။

ရခိုင်ပြည်အမျိုးသားကောင်စီမှာ ရခိုင်အမျိုးသားပါတီ အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းပြီး ဖွဲ့စည်းထားသော ရခိုင်အမျိုးသားကိုယ်စားပြု အဖွဲ့အစည်းကြီးတခုဖြစ်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်