ဂါဇာအရှုပ်အထွေးအတွင်းသို့ အိုစမာဘင်လာဒင် ပါဝင်လာခြင်းမှာ အရှေ့အလယ်ပိုင်း၏ ငြိမ်းချမ်းမှု ရရှိရေးကို ပိုမိုဝေးကွာသွားစေဖွယ်ရှိသည်။ (၂၀၀၈)ခုနှစ်၊ မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇန်န၀ါရီလ (၁၄)ရက်နေ့က အိုစမာဘင်လာဒင် ပေးပို့လိုက်သော (၂၂)မိနစ်ကြာ အသံသွင်းတိပ်ခွေများမှာ အာရပ်နိုင်ငံများမှ အစိုးရများထံ ရောက်ရှိလာခဲ့ပြီး အခွေထဲတွင် ကမ္ဘာ့အကြီးကျယ်ဆုံး အကြမ်းဖက် ခေါင်းဆောင်က အာရပ်များအားလုံး စည်းလုံးညီညွတ်စွာဖြင့် အစ္စရေးနိုင်ငံကို မြင့်မြတ်သော ဘာသာရေးစစ်ပွဲတစ်ရပ် ပူးပေါင်းဆင်နွှဲကြရန် တိုက်တွန်းလိုက်သည်။ အမေရိကန်၏ ကုန်သွယ်မှု ဗဟိုဌာန အဆောက်အအုံ အမြွှာမျှော်စင်များကို လေယာဉ်များ အပိုင်စီးပြီး အကြမ်းဖက်ဖြိုချခဲ့သည့် အယ်လ်ကေးဒါး ခေါင်းဆောင်ကြီးသည် အနောက်အုပ်စုများအတွက် ရန်သူတော် ဖြစ်နေသော်လည်း အာရပ်များအတွက်မူ ယခုတိုင် သူရဲကောင်းကြီးသဖွယ် သတ်မှတ်ခံထားရဆဲဖြစ်သည်။ တိပ်ခွေအတွင်း ဘင်လာဒင်က အာရပ်များသည် ညီအစ်ကိုချင်း သွေးစည်းကာ အစ္စရေးသို့ စစ်မျက်နှာများဖွင့်သင့်ကြောင်း၊ ပါလက်စတိုင်းကို ကယ်တင်ရန် အာရပ်များအားလုံး နိုးကြားသင့်ပြီဖြစ်ကြောင်း၊ ဂျူးစစ်သားများအားလုံး၏ အရိုးများကို ဂါဇာသင်္ချိုင်းများတွင် မြှုပ်နှံပစ်ရန် တိုက်ပွဲဝင်သင့်ပြီဖြစ်ကြောင်း နှိုးဆော်ခဲ့သည်။
(အပြင်းအထန်တိုက်ခိုက်နေသည့်မြင်ကွင်း)
ထိုအတောအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း အရပ်သား (၆၇၃)ဦးအပါအ၀င် အနည်းဆုံး လူ(၁၀၀၀)ကျော်ထိမှာ သေဆုံးခဲ့ပြီးဖြစ်သည်။ ထို့အပြင် အစ္စရေးတို့၏ တပ်ဦးသည် ဂါဇာစီးတီးမြို့တော်ထိ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်သောကြောင့် ဟားမတ်စ်တို့ဘက်မှလည်း (၁၀)ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူနိုင်ရန် တောင်းဆိုလာပြီဖြစ်သည်။ အမည်မဖော်လိုသူ ဟားမတ်စ်ခေါင်းဆောင်တစ်ဦးက အီဂျစ်အစိုးရအနေနှင့် အဆိုပါ သဘောတူညီချက် ရရှိနိုင်ရန် အကူအညီပေးသွားမည်ဟု မျှော်လင့်ထားကြောင်း သတင်းထောက်များထံ ပြောကြားသွားသည်။ အစ္စရေးအစိုးရသည် ဂါဇာမြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် သုံးသပ်ဆင်ခြင်မှုများ ပြုလုပ်နေသော်လည်း လက်ဘနွန်ဘက်မှ ဟစ်ဇ်ဘိုလာ ပြောက်ကျားများကပါ အစ္စရေးမြို့များသို့ ဒုံးကျည်များဖြင့် ပစ်ခတ်လာမှုကြောင့် အခြေအနေကို စောင့်ကြည့်နေရသည်။ ယခုအခါတွင်မူ အယ်လ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင်ပါ အာရပ်များဘက်မှ သွေးထိုးမြှောက်ပင့်ပေးခဲ့ခြင်းကြောင့် ဂါဇာအရေးသည် ဘာသာရေးစစ်ပွဲများအသွင် ကူးပြောင်းသွားမည်ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ ငြိမ်းချမ်းရေးလိုလားသော အစိုးရများက စိုးရိမ်လျက်ရှိကြသည်။
(စစ်ပွဲကြားမှ သနားစရာကလေးငယ်များ)
ဇန်နဝါရီ(၁၅)ရက်နေ့ နေ့လည်းပိုင်း နောက်ဆုံးရသတင်း
အစ္စရေး မြေပြင်တပ်များ ဂါဇာစီးတီးသို့ တပ်ဖြန့်ဝင်ရောက်နေပြီဖြစ်သော ဇန်န၀ါရီလ (၁၅)ရက်နေ့၊ နေ့လည်ပိုင်းတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အစ္စရေးခေါင်းဆောင်များကို အပစ်အခတ် ရပ်စဲရေးအတွက် အပြင်းအထန် ဖိအားပေးခဲ့ပြီး အစ္စရေးဘက်မှလည်း (၁၀)ရက်ကြာ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူရန် စဉ်းစားနေပြီဟု သိရသည်။ ယခုအခါတွင် အစ္စရေးစစ်ကြောင်းများသည် ဂါဇာစီးတီး မြို့တော်ကို ၀န်းရံထားပြီးဖြစ်သလို တိုက်ခိုက်ရေးရဟတ်ယာဉ်များကလည်း မြို့တွင်းမှ ပစ်မှတ်များကို သည်းသည်းမည်းမည်း ပစ်ခတ်နေဆဲဖြစ်ကြောင်း ထိုဒေသတွင် တာဝန်ထမ်းဆောင်နေသည့် စစ်သတင်းထောက်များက ပြောကြားခဲ့သည်။ အီဂျစ်အစိုးရသည် အပစ်အခတ် ရပ်စဲရေးအတွက် အတက်ကြွဆုံး ပါဝင်ဆွေးနွေးခဲ့ပြီး ယခုအခါ အစ္စရေးစစ်သည် (၁၄)ဦးနှင့် ပါလက်စတိုင်းဦးရေ အနည်းဆုံး (၁၀၀၀)ကျော်မျှ သေဆုံးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
No comments:
Post a Comment