အမေရိကန်တွင် လေယာဉ်တစ်စင်း စက်ချွတ်ယွင်းခဲ့သဖြင့် ရေခဲနေသော မြစ်အတွင်းသို့ အရေးပေါ် ထိုးဆင်းခဲ့ရသည်။ ဇန်န၀ါရီလ (၁၅)ရက်နေ့က ဖြစ်ပွားခဲ့သည့် လေယာဉ် မတော်တဆဖြစ်စဉ်အတွင်း လေယာဉ်မှူးမှာ အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ပြီးနောက် သူရဲကောင်းဖြစ်ခဲ့သလို အံ့သြစရာ ကောင်းလောက်အောင်ပင် လေယာဉ်ပေါ်ပါ လူ(၁၅၀)လုံး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
(လေယာဉ်မှူး ချက်စလီ ဘီ ဆူလီဘာ)
Air bus 320အမျိုးအစား ခရီးသည်တင် လေယာဉ်ကြီးသည် အင်ဂျင်အတွင်း ငှက်တစ်ကောင် ၀င်ရောက်သွားမှုကြောင့် ဆိုးဆိုးရွားရွား ယိမ်းထိုးပြီး လေယာဉ်မှူးက ယခုကဲ့သို့ နယူးယော့ခ်မြို့ ဟတ်ဒ်ဆန်မြစ်ထဲ ဆင်းခဲ့ခြင်းဖြစ်သည်။ ခရီးသည်များက ကယ်လီဖိုးနီးယားနယ်သား လေယာဉ်မှူး ချက်စလီ ဘီ ဆူလီဘာဂျာအား အလွန်ကျေးဇူးတင်မိကြောင်း သတင်းထောက်များထံ ပြောကြားခဲ့သည်။ ချက်စလီသည် အမေရိကန် လေတပ်မတော်၏ လေသူရဲဟောင်း တစ်ဦးလည်းဖြစ်သည်။ မြစ်အတွင်း လေယာဉ်ကြီး ပေါလောပေါ်နေစဉ်မှာပင် ကယ်ဆင်ရေးရေယာဉ်များ ချက်ချင်းရောက်ရှိလာပြီး လေယာဉ်ပေါ်မှ အမှုထမ်း(၅)ဦး၏ ပူးပေါင်းကူညီမှုဖြင့် ခရီးသည်များကို ရွှေ့ပြောင်းကယ်ဆယ်ခဲ့ကြသည်။
(ရေခဲနေသည့်မြစ်အတွင်းမှ လေယာဉ်)
လေယာဉ်အင်ဂျင် ချွတ်ယွင်းသွားကြောင်း သိသည်နှင့် အင်ဂျင်မီးမလောင်အောင် စက်ပိတ်ကာ လေယာဉ်ကို ရေပြင်နှင့် ရှပ်ပြေးဆင်းသက်ရန် ဆုံးဖြတ်ခဲ့ကြောင်း လေယာဉ်မှူး ချက်စလီက နောက်ပိုင်းတွင် ပြန်လည်ပြောပြခဲ့ပြီး ယခုကဲ့သို့ လုပ်နိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ်ပင် မယုံကြောင်းလည်း ၎င်းက ၀န်ခံခဲ့သည်။ ချက်စလီသည် လေယာဉ်အား လူနေထူထပ်သော မက်ဟမ်တန်အရပ်သို့ ထိုးဆင်းနေမှုမှ မနည်းလွတ်အောင် ပဲ့ထိန်းပြီး မြစ်ထဲဆင်းခဲ့ခြင်းဟု ရှင်းပြခဲ့သည်။ ကယ်ဆယ်ရေးသဘောင်္သည် လေယာဉ်ဆီသို့ ချက်ချင်းလိုလို ရောက်ရှိလာပြီး သားသည်မိခင်တစ်ဦးကို အရင်ဆုံး ခေါ်ယူကြောင်း၊ ထို့နောက်တွင် ကလေးနှင့် အမျိုးသမီးများကို ဆက်လက်ခေါ်ယူခဲ့ကြောင်း လေယာဉ်မှ လွတ်မြောက်လာသည့် ခရီးသည်များက ပြန်လည်ပြောကြားခဲ့သည်။
(ခရီးသည်များအား ကယ်ဆယ်နေစဉ်)
ခရီးသည်အချို့မှာ အအေးဒဏ်နှင့် ထိတ်လန့်မှုကြောင့် ချောက်ခြားနေသော်လည်း ဆိုးရွားသည့် ထိခိုက်မှုမျိုး မရှိခဲ့ကြောင်း သူနာပြုများကဆိုသည်။ အင်ဂျင်ထဲ ငှက်ဝင်ခြင်းကြောင့် ဖြစ်ပေါ်ရသော လေယာဉ်ပျက်ကျမှုများကြောင့် ကမ္ဘာပေါ်တွင် (၁၉၈၈)မှစပြီး သေဆုံးသူဦးရေ (၂၀၀)ကျော်အထိ ရှိလာခဲ့ကြောင်း သိရသည်။ သမိုင်းတလျှောက် အဆိုးရွားဆုံး ငှက်ကြောင့် သေကြေခဲ့ရသည့် ပမာဏသည် (၁၉၆၀)ပြည့်နှစ် အရှေ့ပိုင်း လေကြောင်းလိုင်း လေယာဉ်တစ်စင်း ပျက်ကျစဉ်ကဖြစ်ပြီး လူ(၃၇၅)ဦး သေဆုံးခဲ့ရသည်။ နယူးယော့ခ်မြို့တော်ဝန် မိုက်ကယ်လ်ဘလွန်းဘာ့ဂ်က ယခုကဲ့သို့ ခရီးသည်များစွာ သေဘေးမှ လွတ်မြောက်လာမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း၊ ထို့ထက်ပို၍ လေယာဉ်မှူး ချက်စလီကို ကျေးဇူးတင်မိကြောင်း ချီးကျူးပြောဆိုသွားခဲ့သည်။
(ရေအောက်သို့ နစ်မြုပ်စပြုနေသည့် လေယာဉ်)
http://www.planet.com.mm/news/index.cfm/linkpage/desc/id/11644
No comments:
Post a Comment