
ဘုရင့်နောင်ရဲ့ ကျိမ်စာကြောင့် ထိုင်းဘုရားတွေ မှာ ထီးတော်တင်လို့ မရပါဖူးလို့ ဆိုရိုးရှိပါတယ်။
အခု ဧရာဝတီ က နာဂစ် မုန်တိုင်း ကြောင့် ပျက်စီး သွားတဲ့ မြန်မာပြည်ရှိ ဘုန်းတော်ကြီး ကျောင်း များ နှင့် စေတီပုထိုးများ ပြန်လည်ပြုပြင်ရေး အကူအညီ များနှင့် ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက် သွား မည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကဆစ်ဖိရုမ်းက ပြောကြားတယ်လို့  ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားပါတယ်။
ရှေးမြန်မာမင်းတွေ တည်ထားခဲ့တဲ့ ဘုရားတွေကိုမြန်မာ စစ်သားဓါးပြအဖွဲ့ (အဲလေ ယဉ်ယဉ်ကျေးကျေး သုံးက နအဖ အစိုးရပေါ့ဗျာ) ပြန်မတည်နိုင်တာ ရင်နာစရာပါ။ ဘုရား ပျက် ပြင်တာ ကောင်းသောအမှု ပေမဲ့ ဘယ်လို စေတနာနဲ့ ထိုင်းတွေက ပြင်မယ်ဆိုတာ မသိသေးပါဖူး။ ကျနော်တို့  နိုင်ငံက ရှေးဟောင်းဘုရား ရှေးကရိုးရာအမွေ လက်ရာတွေ အများကြိးရှိပါတယ်. ဓါတ်တော် မွေတော်..ကျောက်မြက်ရတနာ ဌာပနာတော်တွေ အများကြိးရှိပါတယ်။။ အလဟသ ပြင်ယောင်ပြပြီးတော့ အစစ်အမှန်တွေ မပျက်စီးစေချင်ပါဖူး။ ရှေးဟောင်း ပစ္စည်းတွေ သမိုင်းဝင် ရတနာတွေ မပျောက် ပျက်စေ ချင်ပါဖူး.
သာသနာတော်ဦးစီးဌာန ကလည်း မရိုးမဖြောင့်လူကောက်တွေ..အင်း..ရွှေခွါပြီး ရွှေမှင်ဆေးသုတ် မှာမြင်ယောင်ပါသေးရဲ့ ။ စိန်ဖူးတော်က စိန်တွေ ရွှေနေသွေးအောင်မင်္ဂလာဆောင်ရင်..သတိုးသမီး စိန်ဆံထိုး ဖြစ်ဦးမယ်ထင်တယ်။ ဒီတခါတော့ စိန်လက်ဝတ်ရတနာ ဌားမဲ့ မိုးကုတ်မြမောင် အမျိုး တွေလည်း ကြောက်ပြီးဌားမိတဲ့ စိန်ပြန်မရဘဲ မျိုးပြူတ်သွားပြီ.. ဘုရားစိန်ဖူးကဘဲ ခိုးစရာရှိတော့ မယ်.အင်း သဲပုံပြီးခိုးရဲရင်ခိုးပေါ့ ။
ဘာလိုလိုနဲ့ မြန်မာ တွေတည်ခဲ့တဲ့ ဘုရားတွေဟာ ယိုးဒယား တကာ တွေ ဖြစ်ကုန်ကြတော့မယ်
နာဂစ် ဘုန်းကြီး ကျောင်းပျက်များ ထိုင်းပြင်မည်
Tuesday, 13 January 2009 19:25 ဇာနည်ဝင်း
နာဂစ် မုန်တိုင်း အတွင်း ပျက်စီး သွားသည့် မြန်မာပြည်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စေတီ ပုထိုးများ ပြန်လည် ပြုပြင်ရေးအကူ အညီ များနှင့် ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက် သွားမည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကဆစ်ဖိရုမ်းက ပြောကြားလိုက် ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။
နာဂစ်မုန်တိုင်းကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် စေတီပုထိုးများ ထောင်နှင့်ချီ၍ ပျက်စီးခဲ့သည် မစ္စတာ ကဆစ်ဖိရုမ်းသည် မြန်မာစစ် အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်သူနှင့် ယမန်နေ့ နံနက်ပိုင်းက တွေ့ဆုံအပြီးတွင် ယင်းသို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က မြန်မာပြည်တွင် နာဂစ်မုန်တိုင်း တိုက်ခိုက်စဉ် ဘုန်းတော်ကြီးကျောင်း အများအပြား ပျက်စီးခဲ့သည်။ ဧရာဝတီ တိုင်းတွင် ပျက်စီးသွားသော ဘုန်းကြီး ကျောင်းပေါင်း ၁၁၆၃ ကျောင်း၊ ပြိုကျသွားသဖြင့် အသစ် ပြန်ဆောက်ရမည့် ကျောင်း ၇၃၆ ကျောင်း ရှိပြီး၊ ရန်ကုန်တိုင်း တွင်လည်း အသစ် ပြန်ဆောက်ရမည့် ကျောင်း ၅၂ ကျောင်း ရှိသည်ဟု သာသာနာရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး ဆောင်ရွက်နေသော အနောက်နိုင်ငံ အကူအညီ ပေးရေးအဖွဲ့များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ ပြုပြင်ရေး အတွက် ကူညီထောက်ပံ့ခြင်း မရှိပေ။ ဤ အခြေအနေတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာပြည်မှ ပျက်စီးသွားသော ဘုန်းကြီး ကျောင်းများနှင့် ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်း ဝန်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝ ကလည်း သတင်းထောက်များနှင့် ယမန်နေ့က တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး အတွက် မြင်တွေ့ လိုသည်ဟု ပြောလိုက်သည်။ အနောက် နိုင်ငံများကဲ့သို့ ပိတ်ဆို့ အရေးယူနည်းကို သုံးမည်မဟုတ်ဟု ဆိုသော်လည်း မည်သို့သော နည်းလမ်းကို အသုံးပြုမည် ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခြင်း မရှိပေ။
ပြည်ပရောက် မြန်မာ အတိုက်အခံ များကလည်း ထိုင်းအစိုးရ သစ်သည် ယခင် အစိုးရများနှင့် မတူဘဲ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ပိုမို ဆောင်ရွက် နိုင်မည်ဟု မျှော်လင့်နေကြသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာ ဌာနတာဝန်ခံ ကိုမင်းနိုင်က “ပြီးခဲ့တဲ့ ထိုင်းအစိုးရတွေ ထက်စာရင် ဒီအစိုးရက မြန်မာပြည် ဒီမိုကရေစီရေးကို ပိုပြီး တိမ်းညွတ် လာမယ်လို့တော့ မျှော်လင့်တယ်။ ဒါက မျှော်လင့်ချက်ပဲ။ တကယ့် လက်တွေ့မှာ ဘယ်လို ချည်းကပ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်” ဟု ဆိုသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ နိုင်ငံခြားရေး တာဝန်ခံ ကိုဇော်မင်း ကလည်း အစိုးရသစ်သည် ယခင် အစိုးရများကဲ့သို့ မျက်နှာ အောက်ချ၍ မြန်မာအစိုးရကို ဆက်ဆံမည် မဟုတ်ကြောင်း၊ သို့သော်လည်း တင်းတင်းမာမာ ဆက်ဆံမည် ဟုလည်း ခန့်မှန်း၍ မရနိုင်ကြောင်း ဧရာဝတီသို့ ပြောပြသည်။
“မစ္စတာ အဖိဆစ် အနေနဲ့ ဒီမိုကရက်တစ် ပါတီက ချမှတ်ထားတဲ့ မူတွေ ပေါ်လစီတွေ အပေါ် အများကြီး ကျော်ပြီးတော့ လုပ်လို့ ရလိမ့်မယ်လို့တော့ ကျနော် မမြင်ဘူး”ဟု ကိုဇော်မင်းက ယူဆသည်။
“သို့သော်လည်း ယခင် ထိုင်းဝန်ကြီးချုပ်တွေလို မြန်မာအစိုးရ ငြိုငြင်အောင် မလုပ်ဘူးဆိုတဲ့ အဆင့်မျိုးထက် နည်းနည်းတော့ ပိုသာမယ်လို့တော့ ယူဆရပါတယ်”ဟု ကိုဇော်မင်းက ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဌ ကိုသံခဲကလည်း ထိုင်းအစိုးရ သစ် နှင့် ပတ်သက်ပြီး မျှော်လင့်ချက်များ ရှိနေသည်။
“အရင် အစိုးရတွေကတော့ စီးပွားရေးကိုပဲ ဦးစားပေးတယ်။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအပေါ်မှာ အခု တက်လာတဲ့ အစိုးရက ပိုပြီး အာရုံစူးစိုက်နိုင်မယ်။ စိတ်ဝင်စားမှု ရှိမယ်။ ဒီမိုကရေစီ ရရှိရေးအတွက် မြင်ချင်တဲ့ စေတနာ၊ အားစိုက်မှုတွေက ပိုပြီးတော့ ကောင်းလာလိမ့်မယ်လို့ မျှော်လင့်နိုင်တယ်” ဟု ကိုသံခဲက ပြောသည်။ Next >
No comments:
Post a Comment