Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

Sunday, December 20, 2009

အလင်းပျိုးမယ့် လက်များ…



အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံ ကလေးသူငယ်များအတွက် စာနာမှု ကဗျာ ရွှတ်ပွဲ အတွက် ၂၀ ရက် ဒီဇင်ဘာလ ၂၀၀၉ အင်ယားကန်စောင်း စိမ်းလန်းစို ပြေဥယျာဉ်မှာကျင်းပသွားပါသည်။


ရွတ်ဆိုခဲ့ကြတဲ့ ကဗျာများက

၁။မင်းယွန်းသစ်( သုခကြယ်)
၂။ မောင်ဖုန်းမြင့် ( အနာဂတ်ရှိ/ ဖြစ်တယ်)
၃။ သူရဿဝါ ( အလင်းပျိုးမဲ့လက်များ)
၎။ မိုးလှိုင်ည (ဆူလွယ်နပ်လွယ် သားကောင်)
၅။ နေနှင်းစက်( လက်ကမ်းလို့ကြိုမယ်)
၆။ လူလိန် (ဖြစ်ရပ်မှန်)
ရ။ မင်းယွန်းသစ် ( မြန်နှုန်းမြင့်စိတ်နဲ့ မေ့မေ့ကိုဆက်သွယ်လိုက်ပါတယ်)
၈။ Mirror ( ငါတို့ရဲ့လက်တွေ)
၉။ ဆူးခက်မင်း ( အနာဂတ်မဲ့ လက်များရဲ့မနက်ဖန်)
၁၀။ သူရဿဝါ ( လင်းနေတဲ့အပိုင်းဆို မင်းတို့ပဲလုပ်ထားတာ
မှောင်နေတဲ့အပိုင်းတွေက ငါတို့အပြစ်လို့ရှိပါစေ)
၁၁။ မိုးလှိုင်ည ( မှောင်နေတဲ့အလင်း)
၁၂။ မင်းယွန်းသစ် ( မေ့မေ့ဆီ ရေးတဲ့ စာမျက်နှာမှာ ခြစ်ရာတွေဗရပွနဲ့ ) စတဲ့ကဗျာ တွေကိုရွတ်ဆိုခဲ့ကြပြီ… ကဗျာချစ်သူများပါ ပါဝင်နိုင်တဲ့ ပါဖောင့်မန့်အက် ကဗျာကိုလည်း စုစည်း ရေးစပ် ခဲ့ကြပါတယ်… HIV .. သရုပ်ဖော်.. ပြကွက် တစ်ခုကို ပါဝင်ပြသခဲ့ပါတယ်... ကဗျာများကို..

မအိန္ဒြာ ၊ မင်းယွန်းသစ် ၊ သူရဿဝါ ၊ မောင်ဖုန်းမြင့် ၊ သွယ်လင်းဆက် ၊ မိုးလှိုင်ည ၊ Mirror ၊ အမည်မဲ့ HOE ၊ သိုးထိန်း စတဲ့ ကဗျာ ဆရာများက ပါဝင်ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်...။ ကဗျာကို မြတ်နိုးကြတဲ့ လူငယ်များနဲ့ ဂျာနယ်လစ်များ.. လူမှုရေး လုပ်ငန်းများ စိတ်ပါဝင်စားသည့် လူငယ်များ ပါဝင် တက်ရောက် ခဲ့ပါသည်..။ အဖွင့် သီချင်း အနေနဲ့ တိုချစ်တဲ့ကမ္ဘာ တို့ချစ်တဲ့ကလေးတွေ
သီချင်းကို စုပေါင်း သီဆိုကြပြီး... Michale Lann- Sleeping Child .. သီချင်းနဲ့ ကဗျာရွတ်ပွဲလေးကို အဆုံးသတ် ခဲ့ကြပါတယ်..။
--
အနာဂတ် (ရှိ / ဖြစ်) တယ်

ပေးသမျှယူဆိုလို့
တစ်လောကလုံးစာ ယူလိုက်ရတယ် (ဒုက္ခသက်သက်)
နုပျိုခြင်း တူညီ ၀တ်စုံတွေ ၀တ်လို့

သူတို့ ပျော်ရွှင်နေကြ …
သူတို့မှာ အဖေရှိချင်မှရှိမယ်
သူတို့မှာ အမေရှိချင်မှရှိမယ်
သူတို့မှာ ရီမုကွန်ထရိုးနဲ့မောင်းလို့ရတဲ့ ကား ရှိချင်မှရှိမယ်
သူတို့မှာ ငါးကျပ်တန်ချိုချဉ်ရှိချင်မှရှိမယ်
သူတို့မှာ ညအိပ်ယာဝင်ပုံပြင်ရှိချင်မှရှိမယ်
သူတို့မှာ ဗလာစာအုပ်ကောင်းကောင်းရှိချင်မှရှိမယ်
သူတို့မှာ မနက်ခင်းနို့တစ်ခွက်ရှိချင်မှရှိမယ်
သူတို့လက်ထဲမှာ အနာဂတ်ရှိတယ်

နာကျင်ခြင်းဟာသူတို့ရဲ့လက်ဝဲလက်ယာ လက္ခဏာဖြစ်နေ
မှောင်မိုက်ခြင်းဟာသူတို့ရဲ့ နက္ခတ်ဇာတာဖြစ်နေသလား
ဘယ်လိုပဲဖြစ်ဖြစ် ယူလိုက်ကြ
ဒီမှာ ဂီတရှိတယ်
ကဗျာရှိတယ်
ဘာသာရှိတယ်
သာသနာရှိတယ်
ပြင်မပြီး ပြုမပြီးအဖာတစ်ရာ ကမ္ဘာရှိတယ်

ယူလိုက်ကြတော့
မင်းတို့ဟာ ဒုက္ခကိုပြောင်းပြန်လှန်
ကမ္ဘာကိုတစ်ဖန် ပြန်ကယ်ကြပေါ့
အနာဂတ်ဟာ မင်းတို့လက်ထဲမှာရှိတယ်
ဒါကြောင့်
မင်းတို့ဟာအနာဂတ်ဖြစ်တယ်။ ။

ကြက်သွန်


" အနာဂတ်မဲ့လက်များရဲ့မနက်ဖြန် "

မိဘမေတ္တာ တဲ့
အရောင် အနံ့အရသာ အထိအတွေ့
အာရုံ ငါးပါး ခံစားမှု ကိုငါတို့တွေ တစ်စက်လေးမှ မရခဲ့ကြဘူး
ပူလား..... အေးလား
အဖြူလား အမဲ လားဆိုတာလည်း သိခွင့်မရခဲ့ကြဘူး
ကျွန်တော်တို့ရဲ့ သက်တမ်းလေးမှာ
အဖေအမေဆိုတာသာယာနာပျော်ဖွယ်တေးသွားတစ်ခုလား
ဘီလူးဆိုင်းသံလားနတ်ဆိုင်းသံလား ညည်းချင်းတစ်ပုဒ်လား
ဘာဆိုဘာမှ သိခွင့်မရတဲ့ကျွန်တော်တို့ရဲ့ဘ၀ဟာ
အပွင့်အလင်းလွန်ခဲ့တဲ့လိင်ယဉ်ကျေးမှုတွေကြောင့်
ခန္ဓာကိုယ်အနှံ့အပြားမှာ အိပ်ခ်ျ အိုင်ဗွီ ပိုး ကူးစက်ခံခဲ့ရတယ်
ကျွန်တော်တို့မှာ ခေါ်စရာ အဖေ မရှိခဲ့ဘူး
အဖေ.... ဘယ်မှာလဲ
ကျွန်တော်တို့ ခေါ်ခွင့် မရခဲ့ဘူး
ကျွန်တော်တို့မှာ ခေါ်စရာ အမေ မရှိခဲ့ဘူး
အမေ..... ဘယ်မှာလဲ
အမေဆိုတဲ့ အခေါ်အဝေါ်လေးတောင်
ကျွန်တော်တို့ ခေါ်ခွင့်မရခဲ့ရှာဘူး
ကံကြမ္မာရေ.....

ကျွန်တော်တို့ရဲ့ အနာဂတ်ကိုမှ ဘာကြောင့်များ မဲ့စေရတာလဲ
ကျွန်တော်တို့ကိုမှ ရွေးချယ်ပြီး ဘာကြောင့်များ ထိုးနှက် တိုက်ခိုက်ရတာလဲ
ဘာကြောင့်များ ကျွန်တော်တို့ အိပ်မက်တွေ တွန့်လိမ် ကြွေမွ ကုန်ရတာလဲ
ကျွန်တော်တို့ ဘာများ လွန်ကျူး ခဲ့မိလို့လဲ ဗျာ
ကျွန်တော်တို့ ကူးစက် ခံရတဲ့ အရာက အပေါင်းလက္ခာ ပါတဲ့ အိပ်ခ်ျအိုင်ဗွီတဲ့

အဖေရေ........... အဖေ့ကို
လူမဆန်ခဲ့ဘူး လူ့ ကျင့်ဝတ် နားမလည်ခဲ့ဘူးလို့
ကျွန်တော်တို့မှာ ပြောခွင့် မရှိခဲ့ဘူး
အမေရေ............ မေမေက
လူ့ကျင့်ဝတ် မစောင့်ထိန်း ခဲ့လို့လား
စောင့်ထိန်းရမယ့် စည်းကျော်လွန်ခဲ့တာလား
ကျွန်တော်တို့ တွေးတော ပိုင်ခွင့် မရှိခဲ့ဘူး
ကျွန်တော်တို့ သွေးတွေ ထဲမှာလေ
စီးဆင်းမြဲ စီးဆင်း နေတာက အပေါင်း ထပ်တင်ထားတဲ့ အိပ်ခ်ျ အိုင်ဗွီ ပိုးတဲ့ ။
လူ့ဘ၀ကြီးထဲကို ကျွန်တော် အလင်းမဲ့စွာ ရောက်ရှိခဲ့ပြီ
ကျွန်တော်တို့ ရှေ့ဆက် ရမယ့်လမ်းတွေက မှောင်မှောင်မဲမဲ
လူလို့ ဖြစ်မှာလာပြီးမှ
ရှင်လျှက်နဲ့ သေနေရတဲ့ ဘ၀ကို ကျွန်တော်တို့ မလိုလားစွာ ပိုင်ဆိုင် ခဲ့ရတယ်

အိပ်ခ်ျ အိုင် ဗွီ (HIV)ပိုးဆိုတဲ့ အပေါင်း ထပ်တင်ထားတဲ့ သတ္တ၀ါက
ကျွန်တော်တို့တွေ အပေါ်မှာပဲ ကွက်ကျားမိုး အဖြစ် ရွာချတာနဲ့ တူပါတယ်
ကျွန်တော်တို့တွေ လူဖြစ်ရကျိုး မနပ်ခဲ့ဘူး လူဖြစ်ရကျိုး မနပ်ကြဘူး
လူသား အချင်းချင်း စာနာထောက်ထားမှု ဆိုတာလေး တစ်ခုတည်းနဲ့
ကျွန်တော်တို့ အပြုံးတွေ ရှင်သန်ခဲ့ရတယ်
ကျွန်တော်တို့ရဲ့ ကမ္ဘာငယ်လေး အလင်းမဲ့စွာ ဖွံ့ဖြိုး ခဲ့ရတယ်
ကျွန်တော်တို့ဟာ လူက မွေးတယ် ဆိုတဲ့
အသိအမှတ် ပြုခံရတာလေးက တစ်ချက်က လွဲရင်
ကျွန်တော်တို့ရဲ့ အနာဂတ်က မပီပြင်ဘူး
ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ဘာလဲ
ကျွန်တော်တို့ရဲ့ မနက်ဖြန်က ဘာလဲ
နောက်ဆုံး ကျွန်တော်တို့ရဲ့ ပန်းတိုင်ဆိုတာ သေခြင်း တရားလား ။
ကျွန်တော်တို့ အတွက် အလင်းပျိုးမယ့် လက်များကို မျှော်နေပါတယ် ဗျာ ။

အမည်မဲ့ ( HOE )


မှောင်နေတဲ့ အလင်း

သူငယ်ချင်းရေ...............
ကျွန်တော် ဘာများမှားခဲ့လို့လဲ
မှောင်မိုက်တဲ့ အခန်းကျဉ်းလေးထဲမှာ
အထီးကျန်မှုတွေ တစူတဝေးနဲ့ ရှင်သန်ရတယ်
ကျွန်တော် မသိလိုက်ခင်ပဲ ဒီရန်သူက
ကျွန်တော့် သွေးသားထဲ
လှည့်ပတ် စီးဆင်းနေခဲ့ပြီတဲ့

ဖေဖေ နဲ့ မေမေ ရေ...........
ဒီလို ကျွန်တော့်ရဲ့ တမ်းတမ်းမက်မက်ခေါ်သံကို
မကြားနိုင်တော့တဲ့ အရပ်ဆီ
သူတို့ စွန့် ခွာခဲ့ပြီ

သူငယ်ချင်းရေ.................
ကျွန်တော် မင်းကို မနာကျင်စေရပါဘူးကွယ်
မင်းလက်လေး ငါ့ကိုကမ်းပါ
ကျွန်တော်တို့ အတူ ကစားပါရစေ
မင်းနဲ့ အတူ
ကော်ဖီ တခွက် အတူသောက်ခွင့် ငါ့ကိုပေးပါ
နေ၀င်ချိန်ကို အတူကြည့်ခွင့် ငါ့ကိုပေးပါ
သူငယ်ချင်းရေ.............
နာကျင်မှုတဲ့................
ဒီအရာက ကျွန်တော့် နှလုံးအိမ် မှာလား
ကျွန်တော့် ခန္ဓာကိုယ်မှာလား
စစ်ခနဲ စစ်ခနဲ................
ဒီအရိပ်မဲကြီးက ရိုးခနဲ ရိပ်ခနဲ
ကျွန်တော့် မျက်ရည်တွေဟာလည်း
ပိုးခနဲ ပေါက်ခနဲ
သူငယ်ချင်းရေ...............
ကျွန်တော် ဘာများ မှားခဲ့လို့ လဲ
ကျွန်တော် ဘာများ မှားခဲ့ လို့ လဲ..
ကျွန်တော် ဘာများ................................. ၊၊ ၊၊

ကေး ( D O I )


လက်ကမ်းလို့ကြိုမယ်

ဂရုဏာဒေါသနဲ့
မင်းကို ဖွဖွလေးဆူခဲ့တာကလွဲရင်
အာဃာတ မဆိုဘိ
အမုန်းတရားလေးတောင် မရှိခဲ့..........

ကြင်နာသော စကားနဲ့
အားပေးလို့ ဆိုရင်း
ငါတို့ရဲ့ခွန်အား
မင်းကိုယ်ပေါ်မှာ ထွန်းညှိလို့ ထားမယ်..........

အတူတူသွား အတူတူစား
အတူတူသောက်
တို့တွေက တစ်လမ်းထဲ
အတူတူလျှောက်နေကြတဲ့ လူတွေလေ..........

ဖေးမလို့ကူ
မင်းပြိုလဲရင် ငါက ထူရမှာပေါ့
လူ..... လူသားချင်း
လူသား တရားကို နားလည်ရမယ်..........

အားငယ်စရာ မရှိ
သိမ်ငယ်စရာ မရှိ
အပြစ်ကို အပြစ်မှန်း သိရင်
အဲဒီထဲမှာ စိတ်ထပ် မနှစ်ဖို့ လိုတယ်..........

လောကဓံ တရား
ဘယ်တော့မှ ရှစ်ပါးထက် မပိုပါဘူး
မင်းလည်းလူ ငါလည်းလူ
ကံကြမ္မာကို ကလူ ကျီစယ်လို့ ရတယ်..........

ဘဝဆုံးတိုင်း စိတ်ဓါတ် မဆုံး
စိတ်ဓါတ်ဆုံးမှသာ ဘဝက လုံးလုံးဆုံးတာ
Ryan Wayne White ရဲ့သွေးတစ်စက်
တစ်ကမ္ဘာလုံး ရဲပတောင်း ခတ်ခဲ့တယ်..........

မျှော်လင့်ချက်တွေ ဝေနေသူ အတွက်
အနာဂါတ် ဆိုတာ ဘယ်တော့မှ မသေဘူး
ဒီလို နေ့သစ်ရက်ပျိုမှာ
မင်းကို ငါတို့ လက်ကမ်းလို့ ကြိုမယ်..........

Ryan Wayne White (6/20/1971 - 8/4/1990) ~ အသက် (၁၃)နှစ် အရွယ်တွင် သွေးသွင်းရာမှ HIV ကူစက်ခံရပြီး ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေး ပိုစတာတွင် Poster Child အဖြစ် ရိုက်ကူး ဆောင်ရွက်ရင်း ရင်ဆိုင်မှု ပေါင်းများစွာဖြင့် တစ်ကမ္ဘာလုံးကို သိစေခဲ့သူ။

သွယ်လင်းဆက် ( http://txwelynnset.blogspot.com )


ဆူလွယ်နပ်လွယ်သားကောင်

ခေတ်ကိုက ဆူလွယ် နပ်လွယ်ရယ်...
ဆူလွယ် နပ်လွယ် ဖြစ်ဖို့ပဲ တွေးတော ကြံဆ နေကြရ
ဘာကြောင့်လဲ.. ဘာကြောင့်များလဲလို့
မှတ်မိအောင်
ကိုယ့်ကိုယ်ကို နှစ်ထပ်၊ နှစ်ခါ ထပ်မေးကြည့် နေမိတယ်....။
ဆူလွယ် နပ်လွယ် ခေတ်ထဲမှာ
ကိုယ်တွေကပါ ဆူလွယ် နပ်လွယ် ဖြစ်လို့
ငါတို့မှာ
တစ်ယောက်ထဲ နေရင်းကပဲ
ဟိုဘက် နဲနဲတိုးပါဦး လို့
ကြပ်တည်း နေကြရတာ...

မြေပထ၀ီ အခွံပေါ်မှာ ဘာတွေကို စုပ်ယူဖို့၊
ဘာတွေ ပြောင်းလဲတပ်ဆင်ဖို့ ကြိုးစားနိုင်ဦးမလဲ......
ငါတို့တွေဟာ...
ကွဲလွဲတဲ့ ကိုယ်ပိုင် ချဉ်းကပ်မှုတွေနဲ့
ကိုယ့်ဘ၀ကို ချဉ်းကပ် ကြည့်ခြဲ့ကတယ်
ကိုယ့်ခရီးကိုယ်
ခြေလှမ်းတွေတစ်လှမ်းချင်းရေတွက်လျှောက်ခဲ့ကြတယ်။

ကုန်လွန် ခဲ့တာတွေက
အလကား မဖြစ်ဘူး။
သက္ကရာဇ်ပေါင်း အခု ၂၀ ကျော်။
သို့ပေမယ့်
ခြေထောက်တွေက ခုထိ မခိုင်သေးဘူး ..။
တဘုန်းဘုန်း လဲကျနေတုန်း..
တရုန်းရုန်းနဲ့ ပြန်ထ နေရတုန်း...။

ဘ၀ဆိုတာ ခင်းထားပြီးသား လမ်းတစ်ခု ဖြစ်တယ်..
ကိုယ့်ဘာသာကိုယ် ထွင်ပြီး လျှောက်ရင်းက
အပေါ်ရောက်လိုက်၊ အောက်ရောက်လိုက်လဲ ရှိမယ်..
ပြုခဲ့ဖူးတဲ့ ကောင်းမွေ ဆိုးမွေ အရပေါ့...
အဲ့သလို အမေ ကပြောတော့
ကျမ အသက် ၆၀ မဟုတ်ဘူး အမေ..
အဲ့ဒိလို....အဲ့ဒိလို..နဲ့
ကိုယ့်လမ်းကိုယ် စမ်းတ၀ါးဝါးနဲ့ခင်းနေခဲ့တာ..။

ဆင်းရဲ မွဲတေမှု
ခေါင်းပုံ ဖြတ်မှု၊
မသာမာမှု၊ လူသားမဆန်မှု
အာဏာ တလွဲသုံးမှု
လောင်စာဆီမှု
အိုဇုန်း အလွှာပေါက်တဲ့အမှု
ပူလောင်အိုက်စပ်မှု၊
ဘာမှု၊ ညာမှု... ဟိုအမှု၊ ဒီအမှု
ဘ၀မှာ....
အဲ့ဒါတွေ
ခွဲခြမ်း စိတ်ဖြာ ကြည့်ဖူးပါရဲ့လား
ခွဲခြမ်း စိတ်ဖြာဖို့ရော အခွင့်အရေး တစ်ခု ရရှိဖူးပြီးခဲ့ပြီလား။
အဲ့ဒါတွေ ဘာအဓိပ္ပာယ် လဲဆိုတာ ငါလဲသေချာမသိသေးဘူး။
အဲ့ဒါတွေ ဘယ်လောက် အတိမ်အနက်ရှိလဲ ငါမသိသေးဘူး။
နေသာသလို နေနေလို့တော့ တို့သမိုင်းက တောက်ပြောင်လာမှာ မဟုတ်ဘူး။

အစေ့ကျရာ အပင်ပေါက်တဲ့ ခေတ်ကလဲ ကုန်လွန်ခဲ့ပြီ..
အစေ့ကျရာ အပင်ပေါက်ချင်တဲ့ စိတ်နဲ့
ငါတို့ လိုချင်တပ်မက်တဲ့ အာသီသကို ဖြေဖျောက်ဖို့ရာ..မလွယ်ကူလှဘူးထင်ရဲ့....။

Mirror


ငါတို့ရဲ့လက်တွေ...

ငါတို့မှာ လက်တွေရှိတယ်
လက်တွေဟာ ဘာလုပ်ဖို့လည်း

ငါတို့မှာလက်တွေရှိတယ်
လက်တွေကို ဂရုစိုက်ပါ
လက်တွေကို သန့်သန့်စင်စင်ထားပါ
လက်တွေကို မကြမ်းတမ်းပါစေနဲ့
လက်တွေကို သွေးမစွန်းပါစေနဲ့....

လက်တွေက ကဗျာရေးတယ်
လက်တွေက ပန်းချီဆွဲတယ်
လက်တွေက ဂီတကို တီးခတ်တယ်
လက်တွေက လက်နှက်ကိုင်တယ်
လက်တွေက ပုခက်လွှဲတယ်...

လက်မှတ်ထိုးတဲ့လက်က မြို့ကိုဖျက်သတဲ့လေ
ငါတို့လက်တွေက မြို့ကို မဖျက်မိဖို့
လက်တွေကို ဂရုစိုက်ရမယ်....

လက်တွေက ငါတို့အတွက် အရေးတကြီး
လက်တွေဟာ အနုပညာဆန်ရဲ့
လက်တွေဟာ မေတ္တာ တန်ခိုးတော်ရှိရဲ့

ဒါကြောင့်
လက်တွေနဲ့ မျက်ရည် သုတ်ရမယ်
ငါ့တို့ ပါးပြင်ပေါ်က
တခြားသူတွေရဲ့ ပါးပြင်ပေါ်က
လက်တွေက မျက်ရည်သုတ်ဖို့အတွက် အကောင်းဆုံးပဲ
ငါတို့ ချစ်ကြစို့
လက်တွေနဲ့ ပွေ့ဖက်ထားကြမယ်...
ကမ္ဘာကြီးကို....

မိုးလှိုင်ည


မြန်နှုန်းမြင့် စိတ်နဲ့ပဲ မေမေ့ကို ဆက်သွယ် လိုက်တယ်။

ဟဲလို . .
မေမေလား
ကျနော်နေကောင်းပါတယ်
နှလုံးသားကသာ ခဏ ခဏ ဖျားတာ
နေပူပူ ၊မိုးရွာရွာ သူ့မှာ အကာအကွယ် မပါဘူး မေမေ ။

မေမေရေ . .
ခါးတာတွေ ဆက်တိုက်စားမိတော့
လျှာဖျားတွေတောင် ယားတယ်
မုတ်သုန်မိုး တဖြိုက်နှစ်ဖြိုက်ကျရုံနဲ့
ကန္တာရပင်တွေတောထ
လူအဖြစ်ရရှိခဲ့မှုကြီးက ခါးသက်လှပေါ့မေမေ ။

မေမေရေ. .
ဆင်သေကောင်နား တဝဲလည်လည်ဆိုတဲ့
ပြဇတ်ထဲ
အသဲကွဲသမားအဖြစ် သရုပ်ဆောင်ရတဲ့သားဟာ
အော်စကာလျာထားချက်ထဲ
ထိပ်တန်းစာရင်းကပါတယ်တဲ့ မေမေ ။

မေမေရေ. .
လောကကြမ်းကြမ်းကြီးထဲ
ခလုတ်ကန်သင်းတွေပေါလွန်းလှတယ်
ကျနော့်ကို ငြိသောဆူးများ ဒီထက်ပိုမို ထက်ရှကြပါစေ
ကျနော် ထိမိတဲ့ ခလုတ်တွေ ဒီထက်ပိုမို အလုပ်ရှုပ်နိုင်ကြပါစေ
အိုးကင်းပူထဲ အလှော်ခံနေရသလိုပါပဲ မေမေ
ဘဝဆိုတာကြီးက
အထက်မီး အောက်မီးနဲ့ ဖုတ်ခံနေရတဲ့ ကိတ်မုန့်ကြီးပေါ့ ။

မေမေရေ. .
ရရှိခဲ့တာတွေသိပ်များတော့
ကဗျာတွေတဖွားဖွား ထွက်ကျလာတယ် ။
ဒီနှစ်ထဲမှာ . . . အဆုံးအရှုံးသိပ်များတယ်
ဒီနှစ်ထဲမှာ . . . အချစ်ရေးအဆင်မပြေဘူး
ဒီနှစ်ထဲမှာ . . . ကျနော့်ယာခင်းက အသီးအနှံမဖြစ်ထွန်းဘူး
ဒီနှစ်ထဲမှာ . . . စီးပွားပျက်ကပ်ဆိုက်တယ်
ဒီနှစ်ထဲမှာ . . . အလုပ်လက်မဲ့
ဒီနှစ်ထဲမှာ . . . နစ်နစ်နေတယ်
နှောက်နှစ်တွေဆိုရင် စားပွဲမှာ ဓါးမြှောင်စိုက်
ကဗျာနဲ့ပဲ မိုက်တော့မယ် ။

မေမေရေ . .
အိမ်ပြန်လာရာလမ်းကလေးကတဖြေးဖြေးမှုန်ဝါးသွားတဲ့ ရုပ်ရှင်ပြကွက်လေး
ကျွန်တံဆိပ် တီရှပ်က အသက်ရှုကျပ်တယ် မေမေ ။
ဟုတ်ကဲ့ မေမေ. .
ကျနော်အခု မေတ္တာဧရိယာပြင်ပမှာ ရောက်ရှိနေတာပါ ။ ။

ဖုန်းမြင့်

အပြည့်အစုံသတင်းဖတ်ရန်....

သတိပေး လျှောက်ထားအပ်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Monday, December 14, 2009

ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)ရဲ့ ဓာတ်ပုံစာအုပ်

နိုင်ငံတကာ ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)
မဟာဗောဓိပင်အောက်မှာ ကျင်းပပြီးစီးခဲ့တဲ့ နိုင်ငံတကာ ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)ရဲ့ ဓာတ်ပုံစာအုပ်လေးပါ။ သီတဂူဆရာတော်ကြီးမှ နှစ်ညတိတိ တရားချီးမြင့်ပေးခဲ့ကြောင်းသိရပါသည်။
tipitaka chanting5
http://ashin-htavara.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, December 6, 2009

Linkလေးတွေကို ပြန်ပြီး မျှဝေပေးလိုက်ပါတယ်

မိတ်ဆွေများအားလုံး Linkလေးတွေကို မိတ်ဆွေတယောက်က ပို့ပေးလိုက်တာကို ပြန်ပြီး မျှဝေပေးလိုက်ပါတယ် အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 29, 2009

ကမ္ဘာနှင့်နေ အနီးဆုံး နေရာသို့ ရောက်ရှိမှု ဖြစ်စဉ် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့၌ ဖြစ်ပေါ်မည်

ကမ္ဘာနှင့်နေ အနီးဆုံး နေရာသို့ မိုင်သန်းပေါင်း ၉၁ သန်းခန့် ကွာဝေးကာ ရောက်ရှိမှု ဖြစ်စဉ်လာမည့် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့၌ ဖြစ်ပေါ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဇေယျာကို က ပြောပါသည်။

ကမ္ဘာနှင့်နေသည် ပုံမှန်အားဖြင့် မိုင်သန်းပေါင်း ၉၄ သန်းခန့် ကွာဝေး လေ့ရှိပြီး ယခုကဲ့သို့ ပုံမှန်ထက် အနီးဆုံး နေရာသို့ ရောက်ရှိခြင်းမှာ နှစ်စဉ် ဒီဇင်ဘာလ နှောင်းပိုင်းနှင့် ဇန်န၀ါရီ လဆန်းပိုင်း တို့တွင် ဖြစ်ပေါ်လေ့ ရှိသည့် အပြင် အဝေးဆုံး နေရာ သို့လည်း ဇူလိုင်လ ပတ်ဝန်းကျင်တွင် ရောက်ရှိ တတ်ကြောင်း သိရှိ ရပါသည်။

''နေနဲ့ကမ္ဘာ အနီးဆုံး ရောက်ရှိမယ့်အချိန်မှာ နေကြတ် မှုဖြစ်စဉ် ဖြစ်ပေါ်မယ်ဆိုရင် အရစ်ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ် မှာ ဖြစ်ပါတယ်။ နေကြတ်တာက ပုံစံအမျိုးမျိုးနဲ့ ကြတ် နေကြတဲ့အနက် နေနဲ့ကမ္ဘာ အနီးဆုံးနေရာ ရောက်နေကြ တဲ့အချိန်မှာ အရစ်ကြတ်မှု ပုံစံနဲ့ပဲ ဇန်န၀ါရီလ၁၅ ရက်နေ့မှာကြတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နေအရစ်ကြတ်နေတဲ့ အချိန်မှာ နေရဲ့ အလင်းရောင်ကို ကွင်းပုံစံနဲ့ပဲ မြင်တွေ့ကြ ရမှာဖြစ်ပါတယ်။ ကမ္ဘာနဲ့ နေအနီးဆုံး ရောက်ရှိနေတဲ့ ကာလမှာ အာရှတွင်းမှာ ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေ အနေနဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေ ပေါ်လာနိုင်ပါတယ်။အထူး သဖြင့် ဥရောပတိုက်နဲ့ အမေရိကတိုက် တို့ကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း တွေပါ''ဟု ဦးဇေယျာကိုက ရှင်းပြပါ သည်။

ထို့အပြင် ကမ္ဘာနှင့်နေ အနီးဆုံးကာလသို့ ရောက်ရှိနေ ချိန်တွင် လေထုဖိအားသည် ပြောင်းလဲ လျင်မြန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရပါသည်။

source by : Eleven Media Group

အပြည့်အစုံသတင်းဖတ်ရန်....

ဝါရင့် နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်များ အဖွဲ့ (သခင်သိန်းဖေ ဦးဆောင်သောအဖွဲ့)မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံသို့ ပေးသောစာ

သို့

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်
ရက်စွဲ - ၂၀၀၉၊ နိုဝင်ဘာလ၊ ၂၈ရက်။

အကြောင်းအရာ။        ။မြန်မာနိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးနှင့် ပါတ်သက်သော ကိစ္စ။

(၁) မြန်မာ နိုင်ငံ လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံ ပြည်သူ တစ်ရပ်လုံး စည်းလုံး ညီညွတ် ရေးပြိုကွဲခဲ့ရာမှ အလွန်နာကျည်း မနှစ်မြို့ ဖွယ်ရာ ပြည်တွင်းစစ် ဖြစ်ခဲ့ရာ ယနေ့ မြန်မာနိုင်ငံ အခြေ အနေကို ဓမ္မဒိဌာန် ကျကျ သုံးသပ်ကြည့်ရှုလျှင် အဖက်ဖက်မှယိုးယွင်းနိမ့်ကျလျက်၊ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ အဖြစ်မှ ရုန်းမထွက် နိုင်သေးသည်ကို ထင်ထင်ရှားရှား တွေ့နိုင်မည်

(၂) ယင်းသို့သော အခြေအနေမှ လွတ်မြောက်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်၍ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ "အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး" "အမျိုးသား ညီညွတ်ရေး"ကို အမြန်ဆုံး မဖြစ်မနေ တည်ဆောက်ရန် ဖြစ်သည်ဟု နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေနှင့်လည်း အလေးထားယုံကြည်သည်ကို ၄င်း၏ နိုင်ငံရေး ဦးတည်ချက်(၄) ရပ်တွင် အောက်ပါ အတိုင်း ထင်ထင်ရှားရှား ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ "နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး" ဟု ပါရှိပါသည်။

(၃) ကျနော်တို့ သက်ကြီး ရွယ်အို နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် များကလည်း ကျနော်တို့ ဖြတ်သန်း တွေ့ကြုံ ကိုယ်တိုင် ဆင်နွှဲခဲ့သည့် တိုက်ပွဲသင်ခန်းစာများအရ လွန်ခဲ့သော ၁၉၉၅ခုနှစ် နိုဝင်ဘာလ ၂၄ရက် နေ့စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လိပ်မူ၍ ပန်ကြားစာ တစ်စောင် ပေးပို့ခဲ့ရာ၌ အောက်ပါ အတိုင်း မေတ္တာ ရပ်ခံ ပန်ကြား ခဲ့ပါသည်။

(၁) ရရှိပြီးသော မြန်မာနိုင်ငံလွတ်လပ်ရေး မဆုံးရှုံးစေရေးနှင့် ငြိမ်းချမ်း သာယာသော ဒီမိုကရေစီ ကျသော၊ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံသစ်ကြီး တည်ဆောက်ရေး အတွက်၎င်း၊
(၂) တစ်တိုင်း တစ်ပြည်လုံး ရဟန်းရှင် လူ ပြည်သူ တစ်ရပ်လုံး သွေးစည်းညီညွတ်ရေး အတွက် ဆောင်ရွက်သွားမည်ဟု၎င်း၊
(၃) ယနေ့ မြန်မာနိုင်ငံ လက်ရှိ အခြေအနေမှာ "တစ်မျိုးသားလုံး သွေးစည်း ညီညွတ်ရေး တည်ဆောက်ရန် အလိုအပ်ဆုံး အခြေအနေ ဖြစ်နေပါသည်" ဟု၎င်း ဖော်ပြ ခဲ့ပါသည်။ အလားတူပင် ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၁၇ရက်နေ့စွဲဖြင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးအတွက် အကြံပြု စာတမ်း တစ်စောင်ကို ရေးသားကာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ ၎င်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့၎င်း ပေးပို့ခဲ့ရာ ယင်းစာတမ်း၌ ကျွုန်ုပ် တို့၏ ရည်ရွယ်ချက် ဟူသော ခေါင်းစဉ် အောက်တွင် အောက်ပါ အတိုင်း ဖော်ပြခဲ့ပါသည်။
(၁) အမျိုးသား သွေးစည်း ညီညွတ်ရေး တည်ဆောက်ရန်၊
(၂) လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်ရန်၊
(၃) ငြိမ်းချမ်းသော ဒီမိုကရေစီကျသော ပြည်ထောင်စုကြီး တည်ဆောက်ရန် ဟု ဖော်ပြခဲ့ပါသည်။

ဆက်လက်၍လည်း ကျနော်တို့ စတင် အကြံပြုခဲ့သည့် ၁၉၉၅ခုမှ ယနေ့အထိ ၁၄နှစ် တိုင်တိုင် အဆိုပါ သဘောထား အတိုင်း အကြိမ်ကြိမ် အကြံပေး ပန်ကြား မေတ္တာရပ်ခံခဲ့ပါသည်။ ကျနော်တို့ အကြံပြုခဲ့ချက် များမှာ ရက်ရှည် လများစွာ အကြောင်း အမျိုးမျိုးကြောင့် အကောင်အထည် မဖော် နိုင်ခဲ့သော်လည်း ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့စွဲဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ရေးထိုး၍ ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူ၍ပေးပို့သောစာတွင် "မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ ထားမှုများကို ရုပ်သိမ်းရေး" နှင့် ပတ်သက်၍ ပေးပို့သောစာတွင် အောက်ပါ အတိုင်း ဖော်ပြပါရှိသည်ကို တွေ့ရပါသည်။ အပိုဒ်(၂) "မြန်မာနိုင်ငံ အပေါ် ချမှတ်ခဲ့သော အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားရေး အတွက် ကျွန်မအနေဖြင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း" ဟူ၍၎င်း၊ အပိုဒ်(၃) "နိုင်ငံတော် အတွက် အကျိုးရှိမည့် လုပ်ငန်းများ ကိုလည်း ကျွန်မ အနေဖြင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက် နိုင်လိမ့်မည် ဟု မျှော်လင့်ပါသည်။" ဟုဖော်ပြသည်ကို တွေ့လိုက်ရ ဖတ်လိုက်ရသောအခါ ကျနော်တို့ တိုင်းပြည်တွင် လွတ်လပ်ရေးရပြီးစ အချိန် မှစ၍ နိုင်ငံရေး သဘောထားကွဲလွဲမှုများမှ အခြေခံကာ နယ်ချဲ့သမားတို့ကို အတူ လက်တွဲ၍ အသက်ပေး တိုက်ခိုက်ခဲ့သူများ အချင်းချင်း ဂိုဏ်းဂဏ၀ါဒ၊ အတ္တ ၀ါဒတည်း ဟူသော မာန်မာနတို့၏ လွှမ်းမိုးမှုကို မလွန်ဆန် ခံနိုင်ခဲ့ကြ သဖြင့် အမျိုးသား ခေါင်းဆောင်ကြီးများ (အာဇာနည် ခေါင်းဆောင်ကြီးများ) အသက်ပေး တည်ဆောက်ခဲ့သည့် အမျိုးသား ညီညွတ်ရေး ပြိုကွဲကာ နိုင်ငံတော်၏ အခြေအနေ အဖက်ဖက်မှ ယိုယွင်းမှုများ အားလုံး အဆုံးသတ် တော့မည့် လမ်းစ ပေါ်လာခဲ့ပြီဟု ကျနော်တို့ ယူဆမိပါသည်။

ဗိုလ်ချုပ်မှူးကြီးခင်ဗျား -

ကမ္ဘာကြီး၏ လက်ရှိ အခြေအနေမှာ ဗိုလ်ချုပ်မှူးကြီး သိရှိထားပြီး ဖြစ်သည့် အတိုင်း
  • - နိုင်ငံကြီးငယ် အားလုံး စီးပွားပျက် ကပ်ဒဏ်ကို အလူးအလဲ ခံနေရရာ ယခုတိုင် နလန် မထူနိုင်ကြသေးခြင်း
  • - နိုင်ငံကြီး အချို့တို့၏ လက်နက်ပြိုင်ဆိုင်မှု စစ်အေး တိုက်ပွဲ ပြင်းထန်လာ နေခြင်း၊
  • - အစွန်းရောက် ၀ါဒသမားများ၏ အကြမ်းဖက်မှုအန္တရာယ်တစ်နေ့တခြား ကြီးမား လာခြင်း၊
  • - အနုမြူ အန္တရာယ်၏ ခြိမ်းခြောက်မှုခံနေကြရခြင်း စသည်တို့ကြောင့်
တတိယ ကမ္ဘာစစ်၏ အန္တရာယ်သည် အေးချမ်းစွာ နေလိုသော ကျနော်တို့ ပြည်သူ တစ်ရပ်လုံးအား ခြိမ်းခြောက်လျှက် ရှိသည်ဟု ယူဆ မိပါသည်။ ယင်းကဲ့သို့သော အခြေအနေ အရပ်ရပ်တွင် ဗိုလ်ချုပ်မှူးကြီး ပြောကြားခဲ့သည့် မိန့်ခွန်း အသီးသီး၌ လည်း "အမျိုးသား ညီညွတ်ရေး အရေးကြီးပုံ" ဆိုသည့် စကားရပ် မပြတ် ပါရှိခဲ့ သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၈၉ကြိမ်မြောက် အမျိုးသားနေ့ ကြေညာချက်တွင်လည်း "တိုင်းပြည်နှင့် ပြည်သူ လူထု အကျိုးစီးပွား ကို ဆောင်ရွက် နိုင်ရန် အမျိုးသား ညီညွတ်ရေးကို တည်ဆောက် ကြရမည်" ဟု ဖော်ပြထားပြီး ဥက္ကဌကြီး ထံသို့ ဒေါ်အောင်ဆန်းစုကြည် ပေးစာတွင် "တိုင်းပြည်နှင့် ပြည်သူ လူထု အကျိုးရှိမည့် လုပ်ငန်းများကိုလည်း နိုင်ငံတော် အေးချမ်း သာယာရေး ဖွံ့ဖြိုးရေး ကောင်စီနှင့် အတူ ပူးပေါင်း ဆောင်ရွက် လိုကြောင်း" ဖော်ပြ ထားပါသည်။ ထို့အတူ ပြည်သူ တစ်ရပ်လုံးကလည်း နှစ်ရှည် လများ နိုင်ငံကို ဦးဆောင် ခဲ့ကြသည့် မည်သည့် ခေါင်းဆောင် တစ်ယောက်ကမှ မတည်ဆောက် နိုင်ခဲ့သည့် "အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး" တစ်နည်းအားဖြင့် "အမျိုးသား ညီညွတ်ရေး" တည်ဆောက် နိုင်တော့မည်၊ စစ်မဲ့ဘေး အန္တရာယ် အသွယ်သွယ် တို့မှ၎င်း အကြပ်အတည်း ပေါင်းစုံတို့မှ၎င်း ညီညွတ်ရေး လက်နက်နှင့် ခုခံ ဖြိုခွင်းနိုင်တော့မည်။ ငါတို့ မြန်မာနိုင်ငံ ခေတ်ဆန်း ချိန်ရောက် တော့မည်ဟု ၀မ်းမြောက် ၀မ်းသာ ရှိနေကြပါသည်။ ဤသို့သော ဆန္ဒနှင့် ပြည်သူ့သဘောထားကို ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဦးဆောင်ကာ ပတ်သက်သူ အားလုံးနှင့် ဗုဒ္ဓမြတ်စွာ ဘုရား၏ အဆုံးအမနှင့် အညီ အတိတ်ကို သင်ပုန်းချေ၊ ခန္တီတရား လက်ကိုင်ထား၍ မေတ္တာတရားရှေးရှုကာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး အမျိုးသား ညီညွတ်ရေး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တို့ကို ကြိုးပမ်း ပေးပါရန် နိုင်ငံတော်နှင့် အားလုံးသော ဆင်းရဲ ချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ညီညွတ်ရေးကို အာသာငမ်းငမ်း တောင့်တ နေကြသည့် ပြည်သူများ၏ ကိုယ်စား မေတ္တာ ရပ်ခံလိုပါသည်။

ဗိုလ်ချုပ်မှူးကြီး ခင်ဗျား -
ကျနော် တို့သည် အသက်အရွယ် ကြီးရင့် နေကြပါပြီ။ သေမင်းထံ ခြေတစ်ဖက် လှမ်းနေ သူများလည်း ဖြစ်ပါသည်။ "တို့တစ်တွေ ညီညွတ်ရေး ရခဲ့လျှင်" ဟူသော ခံစားချက်ဖြင့်သာ ဤစာကို ရေးသား ပေးပို့ခြင်း ဖြစ်ပါသည်။ ဥက္ကဌကြီးသည် နိုင်ငံတော်ကို ဦးဆောင်နေသူ တစ်ယောက် အဖြစ် ဂါရ၀တရား "ဂုဏ၀ုတ္တိ" ထား၍ နိုင်ငံ အကျိုး ရှေးရှုကာ မိမိတို့ ဉာဏ်မီ သလောက် ရေးသား တင်ပြ ရခြင်းကို ခွင့်လွှတ်စေ လိုပါသည်။ ဖြစ်ပါသည်။

"ကျန်းမာချမ်းသာကြပါစေ"

(သခင်သိန်းဖေ)
(၀ါရင့်နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များ ကိုယ်စား)

အပြည့်အစုံသတင်းဖတ်ရန်....

သမိုင်းအမှန်ကို သိစေဖို့၊ အပြောနဲ့ လက်တွေ့ ယှဉ်ကြည့်စို့


ဆောင်းပါးရှင် – ဒုဗိုလ်မှူးကြီး အေးမြင့်

မနေ့က တပ်မတော်ခေတ် ၁၉၈၈ ခုနှစ်အထိ ရာထူးအဆင့်များဟာ ကျစ်လစ် သိပ်သည်းမှု ရှိသေးတယ်လို့ ဆိုရပါမယ်။ ဒါပင်လျှင် ၁၉၅၀-၁၉၆၀ ခုနှစ်များကဲ့သို့ မဟုတ်တော့ပါ။ ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများကို လက်ချိုးရေတွက်လို့ ထိုစဉ်က ရခဲ့ပါသေးတယ်။ ဗိုလ်ချုပ် ဒုဗိုလ်ချုပ်ကြီးဆိုတာကြားပင် မကြားခဲ့ဘူးပါ။ ၁၉၈၈ ခုနှစ်အထိ စစ်ဦးစီးချုပ်ရဲ့  အဆင့်ဟာ ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးဆိုတာ ဒုချုပ် (ကြည်း၊ ရေ၊ လေ) တို့သာ ရကြတာပါ။ စစ်တိုင်းမှူး (၉) ယောက်ဟာ ဗိုလ်မှူးချုပ်အဆင့်သာ ရကြပြီး ကစထမှူးနှစ်ဦးနဲ့ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်တို့သာ ဗိုလ်ချုပ်အဆင့်တွေ ရကြတာ ရှိပါတယ်။ ၈၈ နောက်ပိုင်းကာလ ရောက်တော့မှပဲ ဒုဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ မှိုလိုပေါက်အောင် ဖောင်းပွပေါများလာခဲ့သလို စစ်ဦးစီးချုပ်ရဲ့  အဆင့်ဟာလည်း ဗိုလ်ချုပ်မှူးကြီး ရယ်လို့ ဖြစ်လာပါတော့တယ်။ ဒါဟာလည်း စစ်အာဏာရှင်စနစ်ကြီး အဓွန့်ရှည် တည်တံ့ရေးအတွက် စစ်အာဏာရှင် လက်ဟောင်းကြီးများက ရာထူးအဆင့်များ အကြံအဖန် တိုးမြှင့်ပေးကာ သာယာစွဲလမ်းမှု ရှိစေရန် စနစ်တကျ တပည့်မွေး သစ္စာခံ ခိုင်းခဲ့တာလို့ ဆိုရပါမယ်။

မနေ့က တပ်မတော်မှာ ထိပ်ပိုင်းရောက် အရာရှိကြီးများ ၀န်ကြီးဖြစ်လာတဲ့ စစ်ဗိုလ်ကြီး တချို့ သာ မြိုကွက် ဆို့ကွက် (မြေကွက်) ရကြတာ တွေ့ရပါတယ်။ တိုင်းမှူး၊ တပ်မမှူးများပင်လျှင် မတော်မတရား ၊မြိုလို့ ဆို့လို့ မရ ကြသေးပါ။ ၈၈ နောက်မှာမှ စစ်တိုင်းမှူးမျာဟာ နယ်စားပယ်စား စစ်ဘုရင်လေးများ ဘ၀ကို ရောက်ခဲ့ကြရပြီး စားကွက်၊ ဆို့ကွက်တွေ နယ်မြေအလိုက်ရလာကြတာ တွေ့ရပါတယ်။ ဒီနေ့ တပ်မတော်မှာတော့ ခေါင်က စလို့ ပျက်လာတာမို့ တပ်ရင်းမှူး အဆင့်များပင်လျှင် သူ့နည်းသူ့ဟန်နဲ့ စားကွက်၊ မြိုကွက်တွေ ဖန်လာနေလေရဲ့။ စစ်မလိုင်၊ အဲမ်အိုင်တို့ဆိုရင် တပ်ကြပ်ကြီး အဆင့်များပင်လျှင် သိန်းနဲ့ချီကာ မြိုဆို့ခွင့်ရသည် အထိ ပျက်စီးလာခဲ့တာ တွေ့ရပါတယ်။ ဒီနေ့ တပ်မတော်ဟာ မနေ့ကတပ်မတော်လို ကျစ်လစ်ခိုင်မာ သိပ်သည်းမှု မရှိတော့ဘဲ စည်းမဲ့၊ ကမ်းမဲ့၊ အထိန်းအကွပ်မဲ့ ဘ၀ကို တစတစ ရောက်ရှိလာကာ စစ်အာဏာရှင်တွေကြောင့် စစ်တပ်နဲ့ မတူတော့တဲ့ အနေအထားမျိုး တွေ့လာရပါတယ်။

မနေ့က တပ်မတော်မှာ စစ်အာဏာရှင်ခေတ် မဆလရဲ့  အမာခံ မိန့်တော်ခံ စစ်တပ်ဘ၀ ကျရောက်နေပေမဲ့ ဒီနေ့ တပ်မတော်ရဲ့  အနေအထားလောက် စည်းလွတ်ဝါးလွတ် အထိန်းအမဲ့ ကင်းလွတ်နေတဲ့ အခြေအနေမျိုး မရှိခဲ့တာ ကျွန်တော် သတိထားမိပါတယ်။ ကွပ်ကဲမှုအဆင့်ဆင့် Chain of Command ဟာ ဖရိုဖရဲ မနိုင်လှသေးပါ။ သမိုင်းမှန်ကို သိတန်သလောက် သိရှိ နားလည်ကြပါသေးတယ်။ ပြည်သူအပေါ် အထိုက်အလျောက် တန်ဖိုးထား လေးစားရမှန်း သိကြပါသေးတယ်။ တပ်နဲ့ ပြည်သူဟာ အတိုင်းအတာ တခုအထိတော့ ဆက်စပ်မှု ရှိသေးတယ်လို့ ရေးရမှာပဲ၊ ဟိုစဉ်ကလို တသားတည်း တဆက်တည်း မရှိဘူး ဆိုရင်တောင်မှ သိသိသာသာ ကင်းကွာတဲ့ အနေအထားမျိုး မရှိခဲ့တာ အမှန်ပါ။ အထူးသဖြင့် တိုင်းရင်းသား နယ်မြေဒေသတွေမှာ ဒီနေ့ တပ်မတော်လို ထင်ရာစိုင်း ရိုင်းပျလို့ မရခဲ့ဘူး ခင်ဗျ။ ဒေသဆိုင်ရာ တိုင်းရင်းသား သွေးချင်း ပါတီ၊ ကောင်စီဝင် လူကြီးများရဲ့ ၀ိုင်းဝန်းထိန်းကျောင်း ပဲ့ပြင်ပေးမှုက ရှိနေပါသေးတယ်။ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ရမ်းချင်တိုင်း ရမ်း ၊ကြမ်းချင်တိုင်း ကြမ်း လို့ မရပါဘူး။ ပါတီ၊ ကောင်စီတို့က တရားလွန် ဥပဒေမဲ့ ပြုကျင့်မှုတွေ့လျှင် အထက်ကွပ်ကဲမှု အဆင့်ဆင့်ကို တိုင်ကြား အသိပေး အရေးယူခြင်းမျိုး ရှိခဲ့ပါတယ်။

မနေ့က တပ်မတော်ကာလက နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးအေးကိုရဲ့ တပည့်အရင်း ရတခ လက်အောက်ခံ တပ်ရင်းမှူး တစ်ဦးဆိုရင် ဇမိ မြစ်ထဲ အရပ်သား တစ်ဦးကို ပစ်သတ်ခဲ့လို့ ကရင်ပြည်နယ် ဒေသ ပါတီကောင်စီက တိုင်ကြားတာကြောင့် ခုံရုံးဖွဲ့ကာ တပ်က ထုတ်ပြစ်ခြင်း ခံရပါတယ်။ ဖာပွန် အခြေပြု ခလရ-၁၃ က တပ်စိတ်တစိတ်ရဲ့ ဒါးကွင်း၊ လက်ထိုးရွာတို့မှ တိုင်းရင်းသူ ကရင်လုံမပျိုတို့အား မတော်မတရား မုဒိမ်းကျင့်ကာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တရားနည်းလမ်း တကျ အရေးယူကာ တပ်စိတ်မှူးနဲ့ စစ်သည်အချို့ကိုပါ သေဒဏ်ချ အပြစ်ပေးခဲ့တာ မှတ်မိနေပါတယ်။ ခလရ-၁၃ ကိုပါ ထိုဒေသမှ တပ်ရင်းအလိုက် ရွှေ့ပြောင်းပေးခဲ့ဘူးပါတယ်။

၁၉၉၃-၉၄ မာနယ်ပလော စစ်ဆင်ရေး ကာလတုန်းက ဆက်သွယ်ရေး ကြားဖြတ်စက်ပေါ်က တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ်အေးကျော်ရဲ့ ကာယကံမြောက် ကွပ်ကဲမှုအောက် တပ်မှူးငယ်များကို အမိန့်ပေး ညွှန်ကြားနေတာကို ကျွန်တော် ကိုယ်တိုင် နားနဲ့ ဆတ်ဆတ် ကြားခဲ့ဖူးလို့ ရေးရခြင်း ဖြစ်ပါတယ်။ အေးကျော်က သူ့ကွပ်ကဲမှုအောက် စစ်ဆင်ရေး ၀င်နေတဲ့ တပ်ရင်းများကို “ဟေ့ကောင်တွေ၊ ငါ ကရင်မကို (..) လာတာ အနှစ် ၃၀ ရှိပြီ။ မင်းတို့ တွေ့သမျှ ကရင်မ ပျိုပျိုအိုအိုကို ချမ်းသာ မပေးနဲ့၊ အားလုံး (..) ပစ်” ရယ်လို့ စစ်ဆင်ရေး အမိန့်ပေးတာကို ကြားခဲ့ဘူးပါတယ်။ အဲဒီတုန်းက ကျွန်တော်က ABSDF ကို စစ်ပညာသင်ပေးရင်း တောတွင်းမှာ KNLA စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး လောဝါဒီတာဂူးနဲ့အတူ ရှေ့တန်း စစ်ဆင်ရေး ကွပ်ကဲမှုဌာနမှာ ရှိနေစဉ်က နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတာပါ။ ကျွန်တော် အတော့ကို မျက်နှာပူပြီး ဒေါသပါ ဖြစ်မိခဲ့ရပါတယ်။

အေးကျော်ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဗိုလ်သင်တန်းကျောင်း အပါတ်စဉ် (၂၈) မှ ဗိုလ်ဖြစ်ပြီး ဖာပွန် ခလရ – ၁၉ ကို ရောက်ရှိကာ တပ်ခွဲမှူးအထိ စစ်မှုထမ်းခဲ့သူ ဖြစ်ပါတယ်။ ထိုစဉ်က ဖာပွန်သူနဲ့ အိမ်ထောင်ကျခဲ့ပြီး တပ်မ(၆၆) တပ်မမှူးဘ၀နဲ့ ကရင်ပြည်နယ်ကို စစ်ဆင်ရေးဝင်ခဲ့တာပါ။ နောက် တပခ တိုင်းမှူးမှတဆင့် ပြန်ကြားရေးဝန်ကြီးဘ၀ အရောက်မှာ ကင်ဆာရောဂါဖြစ်ပြီး သေချင်းဆိုးနဲ့သေသွား ခဲ့သူပေါ့ဗျာ။ ကျွန်တော်တို့ခေတ် မနေ့က တပ်မတော်က အထက်ကွပ်ကဲမှု အဆင့်ဆင့်က တပ်မှူးကြီးများဟာ အေးကျော်လို မလျော်မကန်၊ မတော်မှန်တဲ့ စစ်မိန့်ပေးမှုများ တခါမှ အောက်သို့ မပေးခဲ့ဘူးပါ။ မပေးကောင်းတဲ့ စစ်မိန့်မျိုးပါ။ ဒီနေ့ တပ်မတော် န၀တ/နအဖတို့ခေတ်မှာမှ ကြားဘူးခဲ့တာပါ။ ဒီလို အခြေအနေမျိုးမှာ ဖင်က လိပ်ခေါင်း ထွက်အောင် ကြွေးကြော်အော်ဟစ်နေတဲ့ “တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး” ဆိုတာဟာ ဘာအဓိပ္ပာယ် ရှိပါတော့မလဲဗျား။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲအောင် စစ်အာဏာရှင်တွေကသာ လုပ်စား နေကြတာ ဖြစ်ပပါတယ်။

ဒီနေ့ တပ်မတော်မှာ အေးကျော်လို စစ်သူတောင်းစား တပ်ဗိုလ်၊ တပ်မှူးများ တချို့ရှိနေလို့သာ န၀တ တဖြစ်လဲ နအဖတို့ရဲ့ ဒီနေ့တပ်မတော်ကို တပ်မတော်ရယ်လို့တောင် ပြည်သူတို့က အသိအမှတ် မပြုကြတာပါ။ မနေ့က တပ်မတော်ရဲ့ အစဉ်အလာနဲ့ ဂုဏ်သိက္ခာတွေဟာ စစ်အာဏာရှင် တွေကြောင့် တစက်ကလေးမှတောင် မရှိတော့တာကို သတိပြုမိပါတယ်။ တပ်မတော်ရဲ့ ကျင့်ဝတ်စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေ ကိုလည်း တိတိပပ ဖောက်ဖျက်နေကြတာ တွေ့ရပါတယ်။

မနေ့က တပ်မတော်က “ပြည်သူသာလျှင် အမိ ပြည်သူသာလျှင် အဖ” လို့ ခံယူခဲ့ကြပါတယ်။ ဒီနေ့ တပ်မတော်ကတော့ “တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင် အဖ” ဆိုပဲဗျ။ အာဏာရှင်တွေက သူတို့ကို မိဘလို သဘောထားခိုင်းပြီး အဘ အမေတို့လို စကားလုံးများနဲ့ အစားထည့်နေပါပြီ။ ဒီနေ့ တပ်မတော်ကတော့ နိုင်ငံရေးအာဏာကို သည်းခြေခိုက် အကြိုက်တွေ့နေပြီး အတင်းအဓမ္မ ဖက်တွယ်ထားလို့ ပြည်သူတို့နဲ့ ကင်းကွာ သွားခဲ့ရပါပြီ။

ဒီနေ့ တပ်မတော်ကတော့ အာဏာရှင်ရဲ့ အပေါင်းအပါ တစ်စုရဲ့ အသုံးချခံ ကိရိယာဘ၀ထဲမှာ ထဲထဲဝင်ဝင် ခံယူသွားရတာ တွေ့ရပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပြန်လည်စောင့်ထိန်းစေဖို့ မကောင်းတဲ့ စစ်အာဏာရှင်တွေကို ရှင်းလင်းဖယ်ရှား သန့်စင် သွားကြပါလို့သာ ဆန္ဒပြု တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

--
Thanks for reading the message,
Although some mails are sent several time.
If you could get something good or bad from this group,
It is the meaning of existing this group.
Best regards.

မျှဝေပေးသူ ကိုမိုးပွင့်အား ကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, November 26, 2009

ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှ ပြည်သူများ၏ တိုင်ကြား စာများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 22, 2009

ဂျပန်နိုင်ငံတွင် နေထိုင်ကြသော ပြည်ထောင်စုမြန်မာ တိုင်းရင်းသားများ သိကောင်းစရာ

About
မျှဝေပေးသူ ကိုလှအေးမောင် အားကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Friday, November 20, 2009

စာပေချစ်မြတ်နိုးသော ပုဂ္ဂိုလ်များထံသို့ တိုက်တွန်းနှိုးဆော်ချက်

U htawara 1

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 15, 2009

ဆူပူမှုဖြင့် ဒီမိုကရေစီရနိုင်တဲ့လေ...

ကိုညိုကြီး ဆီမှ ရယူမျှဝေပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, November 11, 2009

အမျိုးသားနေ့ ရေဒီယို ကမ်းပိန်း

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, November 5, 2009

ကျနော်တို့ ရဲ့ အာဇာနည်တွေပေါ့ဗျာ..ခုထိ ထောင်ထဲမှာပါ။။

Chronology Oct 2009 Eng

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, November 3, 2009

တရုတ် မှ ပေးတဲ့ ကြွပ်ကြွပ် အိတ် အန္တရယ်

သူငယ်ချင်း တစ်ယောက် ရှေ့အပတ်က ကျောက်ပွင့် တစ်ထုပ် ၀ယ်လာတယ်။ ညက ဒီကျောက်ပွင့်တွေကို ဟင်းချို ချက်ခဲ့တယ်။ ဒါပေမယ့် လုံးဝ ထင်မထားတဲ့ အဖြစ် တစ်ခုကို တွေ့လိုက်ရတယ်။ ဒီကျောက်ပွင့် တွေကို ရေဆေး ကြည့်တော့ ကျောက်ပွင့်က ပုံမှန် မဟုတ်ဘူး။ အနံ့ ကတော့ ကျောက်ပွင့် အနံ့ဘဲ။ သေချာ ကြည့်တော့

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

အိုး.....
ပလက်စတစ်တွေ ဖြစ်နေပါရော။ ဒီကျောက်ပွင့်တွေကို တရုတ်ပြည်က ထုတ်လုပ်တာ ဖြစ်ပါတယ်။ အထုပ်ရဲ့ပုံစံ၊ အထုပ်အမည်နဲ့ တစ်ကွ ဖော်ပြလိုက် ပါတယ်။ ပို့ပေးတဲ့ အန်တီကိုလည်း ကျေးဇူးတင်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, October 31, 2009

ယနေ့ထုတ် ကြေးမုံ သတင်းစာ

သံတိုင် နောက်ကွယ်မှ ဘ၀ အမောများ

အပြည့်အစုံသတင်းဖတ်ရန်....

Friday, October 30, 2009

နေပြည်တော်ရှိ စစ်ခေါင်းဆောင် သုံးဦး၏ လုံခြုံရေး တိုးမြှင့်ထား

ညွန့်သက်ထားဦး | အမေရိကန် နိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်ဘဲလ် နှင့် အဖွဲ့ လာရောက် မည့် သီတင်း တစ်ပတ် အလိုက စပြီး နေပြည်တော်တွင် လုံခြုံရေးများ တိုးမြှင့် ထားသည်။ ကာကွယ်ရေး ၀န်ကြီးဌာန နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တို့၏ နေထိုင်ရာ အနီးတစ်ဝိုက်တွင် လက်မရွံ့ ကွန်မန်ဒို တပ်ဖွဲ့များ အများအပြား ချထားသည် ဟု သံချပ်ကာ ယန္တယား တပ်မှ အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။

လုံခြုံရေး အတားအဆီးများ ပိုမိုချထားသည့် နေပြည်တော်
သီတင်း နှစ်ပတ် အတွင်း သီရိလင်္ကာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးလည် ပတ်ရန် အစီအစဉ် ရှိသည့် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှာ ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် သွားရောက် နိုင်ခြင်း မရှိတော့ ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

နေပြည်တော် တွင် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ကိစ္စရပ် များ အတွက် သဘော ကွဲလွဲ မှုများ ဖြစ်ပေါ်နေပြီး ၀ ပြည်အား ထိုးစစ်ဆင်မည့် သဘောထား ရှိသူများ ဘက်မှ အားသာ နေကြောင်း သိရသည်။

နေပြည်တော် တွင် ဂျူနီယာ စစ်ဗိုလ်ချုပ် များအား စစ်ခေါင်းဆောင် များ၏ လုံခြုံရေး အဖွဲ့များက စောင့်ကြည့် မှုများ ရှိနေပြီး အချို့ စစ်ဗိုလ်ချုပ်များ၏ သွားလာမှု များကို ထိန်းချုပ် ကန့်သတ် ထားသည် ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာ နိုင်ငံသို့ သွားရောက် လည်ပတ်စဉ် ရက်များတွင် စစ်ဗိုလ်ချုပ် နှစ် ဒါဇင် ကျော်ခန့် အထူး စီမံထားသော တရား စခန်းတွင် ၀င်ရောက် နေထိုင်ရမည် ဖြစ်ပြီး ထို တရား စခန်း၏ အပြင်ဘက် တွင် ကွန်မန်ဒိုများက စောင့်ကြပ်ကာ အပြင် ထွက်ခွင့် နှင့် မိသားစု နှင့် တွေ့ဆုံခွင့်များ မရှိရဟု သိရသည်။

လာမည့်ရက် အနည်းငယ်အတွင်း အရေးပါသည့် ရာထူးနေရာ အပြောင်းအလဲများ ဖြစ်ပေါ်မည် ဟု လည်းသိရသည်။

သံချပ်ကာ ယန္တယားတပ်မှ အရာရှိ တစ်ဦးက အရေးပါသည့် စစ်လက်နက် ပစ္စည်းများအား နေရာ ရွှေ့ပြောင်း ထားရှိသည်ဟု ပြောသည်။ နေပြည်တော်ရှိ အရပ်ဘက် အစိုးရ အရာရှိ တစ်ဦးကမူ နေပြည်တော် ၏ သက်တမ်းလေး နှစ် အတွင်း ပထမဆုံး အကြိမ် မတည်မငြိမ် ဖြစ်မှုဟု ပြောကြားကာ အခြေအနေ အပြောင်းအလဲ တစ်ခု ဖြစ်ပွား နိုင်ကြောင်း သုံးသပ် ပြောကြားသည်။

source by : FREEDOM NEWS GROUP

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 25, 2009

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများသို့

jac table for demo

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 18, 2009

နေနှစ်လုံးကြားက ပျက်လုလု ကမ္ဘာ..သန်းရွှေရေ ၀အောင်စားထားနှင့်

Everything 2012 Earth Changes Part 1 of 3

Everything 2012 Earth Changes Part 2 of 3

Everything 2012 Earth Changes Part 3 of 3


၂၀၁၂မှာ တကယ်ပဲ ကမ္ဘာပျက်မှာလား ( 2012 Dec 21 is really our Doomsday?)

၂၉ နိုဝင်ဘာ ၂၀၀၈။ YouTube
ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြ ပါဘူး။ ဥပမာ - Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ် လောက်မှာ ရှိတာ၊ ဘယ်တုန်းက များ ရှေးဟောင်း လူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်း အံ့သြော မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ နိုင်တဲ့ အကြောင်းအရာ တစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။
အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့် သွားနိုင်ပါတယ်။ ဒါပေမယ့် NASA နဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။ Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ် ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။ အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။

1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။
သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။ ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲ ရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိ တာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။ ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။ အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။
http://ukalar.blogspot.com/2008/11/blog-post_29.html

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, October 15, 2009

မျိုးဆက်သစ် လူငယ် အစည်းအရုံး မှ လှုပ်ရှားမှု

ရုပ်ပုံ များပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။


ကျနော်တို့ Generation Wave(မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)မှ
အောက်တိုဘာလ ၁၅ ရက်၂၀၀၉ ခုနှစ်တွင် ရန်ကုန်- ပြည် ကားလမ်းတွင် ရှိသော ရွှေတောင်၊ ၀က်ပုတ်၊ အင်းမ၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီကုန်း စသောမြို့  များ၏ အုတ်နံရံများ၊ အုတ်ခုံများ၊ တံတားဘောင် များတွင် FREE-GW စားတန်းအား ဆေးမှုတ်၍ အဖွဲ့ဝင်များနှင့် အခြား နိုင်ငံရေး အကျဉ်းသား များအား ချက်ချင်း လွှတ်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှု များအား ပြုလုပ်ခဲ့ပါသည်။ Generation Wave (မျိုးဆက်သစ် လူငယ် အစည်းအရုံး) အဖွဲ့ ဝင်များအား နအဖ စစ်အာဏာရှင် မှ မတရား ဖမ်းဆီး နှိပ်စက် ထောင်ချခြင်း အပေါ် ကန့်ကွက် ရှုတ်ချကြောင်းနှင့် လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင် နေကြောင်း အသိပေးအပ်ပါသည်။

မျိုးဆက်သစ် လူငယ် အစည်းအရုံး

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, October 14, 2009

မတရား စွပ်စွဲ ထောင်ချခံရခြင်း

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်