Tuesday, January 20, 2009

ဒုက္ခသည်အစစ်က အတုဖြစ်ပြီး အတုကအစစ်ဖြစ်နေ

Kaowao Newsgroup

ဇန်နဝါရီ ၂၀၊ ၂၀၀၉

ထိုင်းနယ်စပ်၊ မယ်လ မြန်မာဒုက္ခသည်စခန်း၌ ဒုက္ခသည်အဖြစ် သတ်မှတ်နိုင်ရန် သက်ဆိုင်ရာထိုင်းအာဏာများကို တစ်ဦးလျှင် ဘတ်ငွေ တစ်သောင်းကျပ်စီပေး၍ ယနေ့မှစ၍ စတင်စာရင်းပေးသွင်းနေပြီးဖြစ်ကြောင်း စခန်းရှိ ဒုက္ခသည်တစ်ဦးက

ပြောပြပါသည်။

စာရင်းပေးသွင်းနေသူအများစုမှာ ဒုက္ခသည် အစစ်အမှန်များမဟုတ်ကြပဲ အခြားနိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်နိုင်ရန်အတွက် ဒုက္ခသည်အဖြစ်ဟန်ဆောင်၍ စခန်းသို့ရက်ပိုင်းအတွင်း ရောက်ရှိလာကြသူများဖြစ်ကြပြီး တတိယနိုင်ငံသို့ သွားရောက်နိုင်ရေး UNHCR မှ ဒုက္ခသည်အဖြစ် သတ်မှတ်ပေးနိုင်ရန်ဖြစ်သည်။ ပဏာမအနေဖြင့် သက်ဆိုင်ရာထိုင်းအာဏာပိုင်များ အသိအမှတ်ပြုပေးပြီးမှသာ UNHCR က ဒုက္ခသည်အဖြစ် သတ်မှတ်နိုင်ရန် လူတွေ့စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ယ္ခုပထမအရစ်တွင် ဘတ်ငွေ ငါးထောင်ပေးကြရပြီး UNHCR အသိအမှတ်ပြုသောအခါ ကျန်ဘတ်ငွေငါးထောင်ကို ထိုင်းအာဏာပိုင်များထံ ထပ်မံပေးဆောင်ရမည်ဟု အဆိုပါဒုက္ခသည်က ဆက်လက်ပြောကြားပါသည်။

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသအသီးသီးတွင် နအဖ စစ်တပ်ဒဏ်ကို အမှန်တကယ်ခံခဲ့ကြရသူ စခန်းကိုရောက်ရှိ နေကြသူ ဒုက္ခသည်အများစုမှာ ယ္ခုကဲ့သို့ ငွေကြေးမတတ်နိုင်ကြသဖြင့် ထိုင်းအာဏာပိုင်များ အသိအမှတ်မပြုရ သေးသူ သောင်းဂဏန်းကျော်အထိရှိနေပါသည်။

မယ်လဒုက္ခသည်စခန်းသည် မဲဆောက်မြို့မြောက်ဘက် (၆၀) ကီလိုမီတာခန့်ဝေးကွာပြီး ဒုက္ခသည်ဦးရေ ၅ သောင်းဝန်ကျင်ခန့် ရှိရာ UNHCR မှ ဒုက္ခသည်အဖြစ် ၁၃၀၀၀ ကျော်ခန့်သာ အသိအမှတ်ပြုနိုင်ခဲ့သည်။ စာသင်ကျောင်း ၂၆ ကျောင်းရှိပြီး ခလေး ၁၆၀၀၀ ကျော် ပညာသင်ကြားနေကြသည်။ ၁၉၈၄ ခုနှစ်ကစပြီး ဤစခန်းစတင်ဖွင့်လှစ်ခဲ့ရာ အကြီးဆုံးဒုက္ခသည် စခန်းတခုလည်းဖြစ်သည်။ အများစုမှာ ကရင်တိုင်းရင်းသားများ ဖြစ်ကြပြီး မူဆလင်၊ ချင်း နှင့် မွန် တိုင်းရင်းသားတို့ ခိုလှုံနေကြပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်