ပညာသင်စရိတ် ရရန်အတွက် အလုပ်လုပ်နေသည့် အမျိုးသမီးငယ်တဦး ခေါင်းဖြတ်အသတ်ခံရ
Saturday, 13 June 2009 18:41
Saturday, 13 June 2009 18:41
[Ma Thanda Tin]
မြန်မာနိုင်ငံတောင်ဖက်စွန်း ကော့သောင်မြို့အနီး ရတနာကျွန်းဟိုတယ်တွင် တက္ကသိုလ် ပညာသင်စရိတ် ရရန်အတွက် အလုပ်လုပ်ကိုင်နေသော ၀န်ထမ်းအမျိုးသမီးငယ်တဦးကို ဟိုတယ်လက်ထောက်မန်နေဂျာမှ ခေါင်းဖြတ် သတ်ဖြတ်ပြီး ရေထဲမျှောကာ အလောင်းဖျောက်ဖျက်ခဲ့သည့် အမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လူသတ်သမား သန်းမောင်ဟိုတယ်တွင် လက်ထောက်မန်နေဂျာရာထူးဖြင့် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှ လာရောက်အလုပ် လုပ်ကိုင် နေသူ အသက်(၃၄)နှစ်အရွယ် သန်းမောင်ဆိုသူသည် ထိုဟိုတယ်မှ ကွန်ပြူတာစာရင်းကိုင်နှင့် ဧည့်ကြို တာဝန် ထမ်းဆောင်နေသော အသက်(၁၉)နှစ်အရွယ် မသန္တာတင်အား ယခုနှစ် ဧပြီလ (၁၉)ရက်နေ့ ည(၁)ခန့်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မသန္တာတင်နှင့် နီးစပ်သူတဦးက ပြောသည်။
ယခုအခါသန်းမောင်သည် ကော့သောင်မြို့တဖက်ကမ်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေပြီး မသန္တာတင် မှာ နှုတ်ကြမ်းသောကြောင့် သူကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျွန်းမှလူများကို ဒုက္ခမပေးရန်နှင့် ကျွန်း သို့ ရဲများလာရောက် စစ်ဆေးနေသည်ကို သိရကြောင်း မသန္တာတင်၏ အမေအား ဖုန်းဆက် ပြောကြားခဲ့သည် ဟု နီးစပ်သူများက ပြောပြသည်။
“သန်းမောင်ဟာ မသန္တာတင်ရဲ့အမေ ဒေါ်ဝေတို့နဲ့ ရင်းနှီးပါတယ်။ သူကပဲ မသန္တာတင်ကို အလုပ်သွင်းပေးထား တာ။ ပြီးတော့ လက်ထပ်ခွင့်လည်း တောင်းတယ်။ မသန္တာတင်က ပညာသင်ချင်သေးလို့ အခုထိရည်းစား တောင် မထားဘူး။ အခုလည်း လာမယ့် သြဂုတ်လဆိုရင် မြိတ်တက္ကသိုလ်မှာ ဥပဒေဘာသာနဲ့ ကျောင်းတက် ခွင့်ရ ထားလို့ ကျောင်းစရိတ် ရအောင် ဒီဟိုတယ်မှာ တလကို ကျပ်ငွေငါးသောင်းနဲ့ ၀င်လုပ်နေတာ” ဟုပြော သည်။
ယခင်က နွားကြီးနွားလေးဟု ခေါ်သော မြန်မာနိုင်ငံပိုင် ရတနာကျွန်းကို စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့မှ လုပ်ငန်း ရှင်များက ငှားရမ်းပြီး ရတနာကျွန်းဟိုတယ်ကို တည်ဆောက်ကာ ၂၀၀၈ခုနှစ် က ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ဟိုတယ်တွင် ၀န်ထမ်းပေါင်း တရာကျော်ရှိပြီး ရာထူးအဆင့်အလိုက် ၀န်ထမ်းအိမ်ယာများ ဆောက်လုပ် ပေးထားသည်။ သေဆုံးသူ နေထိုင်ရာ အဆောင်တွင် အခန်းပေါင်း ၂၂ ခန်းရှိပြီး တခန်းနှင့် တခန်းနံရံ တချပ်သာ ခြား သည်။
ဧပြီလ ၁၉ ရက်နေ့က သတ်ဖြတ်သည်ဟု သိရသော်လည်း ၂၂ ရက်နေ့တွင် ခွင့်ယူသွားခဲ့သည်ဟု မိဘများကို အကြောင်းကြားခဲ့သည်။ မိဘများမှ စုံစမ်းမေးမြန်းရာ ကော့သောင်တွင် မရှိသဖြင့် ဟိုတယ်သို့ သွာရောက် ကြည့်ရှု မှသာ အသတ်ခံရသည်ကို သိရခြင်းဖြစ်သည်။
“သန္တာတင် နေတဲ့အခန်းကို ဒေါ်ဝေတို့ ၀င်ကြည့်တော့ အသုံးအဆောင်တွေ အကုန်လုံးရှိနေတယ်။ ပြုတ်ကျ နေတဲ့ နားကပ်ရော၊ ဖုန်းရော၊ လက်ပတ်နာရီ၊ မှတ်ပုံတင် အကုန်လုံးရှိနေတယ်။ သန္တာတင် အသတ်ခံရပြီဆို တာ သိရပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ ခြင်ထောင်မှာ ဓားဒဏ်ရာ ငါးချက်နဲ့ အောက်နားမှာ သွေးကွက်တွေ အများကြီးတွေ့တယ်” ဟု နီးစပ်သူများက ဆက်ပြောပြသည်။
ကြိုးများဖြင့် ရစ်ပတ်ပြီး ခေါင်းပြတ်နေသော အလောင်းနှင့် ခေါင်းပြတ်တခုကို ကော့သောင်မြို့၊ ဆယ်မိုင်ရွာ (တာညုံပါဒ ကျေးရွာ)နားတွင် တွေ့ရကြောင်းနှင့် ထိုအလောင်းမှာ မသန္တာတင်၏ အလောင်းဖြစ်ကြောင်း မိခင်ဖြစ်သူမှ အတည်ပြုသည်ဟု သိရသည်။
လူသတ်မှုဖြစ်သည့် ကာလတွင် ရတနာကျွန်း၌ လုံခြုံရေး တာဝန်ကျသူမှာ ရဲတပ်သား မောင်ယဉ်သွေးဖြစ်ပြီး အမှုကို စခန်းမှူး ရဲအုပ်အေးကြိုင်နှင့် ဒုရဲအုပ် အမှုစစ် မောင်မောင်လွင်တို့ ကိုင်တွယ်ကြောင်း သိရသည်။ သို့သော် ယခုအထိ အမှုမှန်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
အမည်မဖော်လိုသူရဲဝန်ထမ်းတဦးမှ “ဒေါ်ဝေတို့ တွေ့တဲ့အလောင်းကို ဆရာဝန်ကြီးနဲ့ စခန်းမှူးတို့ သွားကြည့် ကြပါတယ်။ တရာခံလို့ ယူဆရတဲ့သူကလည်း ဟိုဘက်ကမ်းထွက်ပြေးသွားပြီ။ ကျနော်တို့လည်း ပေါ်ပေါက်ချင် တာပေါ့။ အခုက အတိအကျ ဘာမှလုပ်မရဘူး ဖြစ်နေတယ်။ အသတ်ခံရတာကတော့ ဟုတ်ပါတယ်”ဟု ပြောသည်။ http://ghre.org/mm/index.php?option=com_content&view=article&id=324:2009-06-13-11-46-42&catid=1:latest-news&Itemid=54
No comments:
Post a Comment