Sunday, June 14, 2009

မရှိလို့ လုပ်စားပါတယ်ဆိုလည်း..မိုးမည်းက လိုက်ရွာတဲ့ မြန်မာအိမ်ဖော်ဘဝ

အသက်အန္တရာယ်မှ အိမ်ဖော်အလုပ်သမား အမျိုးသမီးတစ်ဦး လွတ်မြောက်
Saturday, 13 June 2009 14:54

အိမ်ရှင်မှ အဓမ္မ ပြုကျင့်ရန် ကြံစည်အားထုတ်မှုကို အိမ်ရှင်၏ဇနီးဖြစ်သူအား ပြန်ပြောပြမိသဖြင့် သေနတ်ပြပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် အိမ်ဖော်အလုပ်သမား တစ်ဦးထွက်ပြေး လွတ်မြောက်လာခဲ့သည်။

ဘန်ကောက်မြို့၊ ဖလန်ဆောင် ထနုန် (၂၈ /၁၇) လမ်းရှိ ထိုင်းလေတပ် အငြိမ်းစား အရာရှိတဦး၏ အိမ်တွင် လေးလကြာ အိမ်ဖော်အလုပ် လုပ်ကိုင်နေသူ မြန်မာနိုင်ငံ၊ ပဲခူးတိုင်းမှ အသက် (၃၅)နှစ်အရွယ် မအေးဆိုသူ အား အသက်(၇၀)ကျော် အိမ်ရှင် အငြိမ်းစား အရာရှိက အဓမ္မ ပြုကျင့်ရန် ဇွန်လ (၁၁)ရက်နေ့ညက ကြံစည် အားထုတ်ခဲ့သည်။

ထိုလုပ်ရပ်အား အိမ်ရှင်၏ ဇနီးကို တိုင်တန်းပြောဆိုခဲ့ရာ အငြိမ်းစား အရာရှိက မအေး အား သေနတ်ပြ၍ ၄င်းအား ပစ်သတ်၊ အလောင်းဖျောက်ပစ်မည်ဟု ပြောဆိုခဲ့သည်။

မအေးက ၎င်းကြုံတွေ့ခဲ့ရပုံကို အခုလိုပြောပြသည်။

“ကျမကို ညဘက်တီဗွီကြည့်ပြီး အဲဒီနေရာမှာ ဖက်တယ်၊ နမ်းတယ်၊ ပြီးတော့ ဟိုကိုင်၊ ဒီကိုင်လုပ်ဖို့ ကြိုးစားတယ်။ ကျမလည်း ရုန်းထွက် တယ်။ အဖိုးကြီးကိုတွန်းလှဲပြီး ကျမအိပ်တဲ့အခန်းထဲကို ထွက်ပြေးလာခဲ့တယ်။ ကျမအခန်းထဲက လော့ချထားတယ်။ ပြီးတော့ ပေါင်ရင်း လောက်ရောက်အောင် ရှည်တဲ့ ခြေအိပ်နဲ့ အတွင်းကနေ တံခါးကို ကြိုးချည်ထားတယ်။ သူကအခန်းကို သော့တွေနဲ့ဖွင့်တယ်။ မရဘူး။ ကျမကို တံခါးဖွင့်ပေးဖို့ ပြောတယ်။ ကျမက အလုပ်မရှိတော့ဘူး၊ မထွက်တော့ဘူးလို့ ပြောတယ်။ သူက အဖွားကြီးကို ပြန်မပြောနဲ့လို့ ပြောတယ်”

အဆိုပါညက အိမ်ရှင်အဖွားကြီးမှာ အပြင်ကို ရောက်ရှိနေသည်။ အဖိုးကြီးမှာ သော့ကို အလွယ်တကူဖွင့်၍ မရသဖြင့် လက်လျှော့၍ ပြန် သွားခဲ့သည်။

“ကျမလည်း မိုးလင်းတော့ အဖွားကြီးကို ပြောလိုက်တယ်။ အလုပ်မလုပ်ချင်တော့ဘူး။ ထွက်တော့မယ်လို့ပေါ့။ အဖွားကြီးက သူ ယောက်ျားကို သွားပြောတယ်နဲ့တူပါတယ်။ အဖွားကြီး မနက်ဖက် အပြင်သွားတော့ ကျမကို အခန်းထဲမှာနေဖို့ ပြောခဲ့တယ်။ အိမ်မှာ ခွေးကြီး (၂) ကောင်ရှိတယ်။ ခွေးဟောင်သံကြားလို့ ကျမ ထွက်ကြည်တော့ သူက ကျမကို သေနတ်ကိုပြပြီးတော့ နင့်ကိုသတ်ပြီး အလောင်းဖျောက်ပစ်လို့ရတယ်။ ဘာညာဆိုတော့ ကျမလည်း ကြောက်တယ်လေ။ မနေရဲတော့ဘူး။ အသိတစ်ယောက်ကနေ ဒီအလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့ကို ဆက်သွယ် အကူအညီ တောင်းခဲ့တာပါ။ အခု ကျမ သူငယ်ချင်းအခန်းကို ရောက်သွား ခဲ့ပါပြီ”ဟု ပြောသည်။

အိမ်ရှင်က အဓ္ဓပြုကျင့်ခံရရန်နှင့် သတ်ပစ်မည်ဟုပြောဆိုခဲ့သဖြင့် ကြောက်ရွံ့ထိတ်လန့်နေသည့် မအေးကို လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ အမျိုးသမီးရေးရာနှင့် စည်းရုံးရေးမှူး ဒေါ်သက်သက်ဦး က “အသင်းတာဝန်ခံ ဦးကျော်သောင်းနဲ့ ကျမတို့က မအေးကို ပြောတာပေါ့နော် အကြံပေးတာပေါ့။ ဘယ်လိုထွက်လာ၊ ကျမတို့ ဘယ်ကစောင့်မယ်ပေါ့။ ကျမတို့ဆီမှာ နေလို့ရတယ်။ စက်ချုပ်သင်ပေးပြီး အလုပ်ရှာပေးမယ် ပြောပြတယ်။ ဒါပေမယ့် သူက သူ့သူငယ်ချင်းရှိရာ လုဘူလီကို သွားချင်တယ်လို့ ပြောတာကြောင့် ကျမတို့ တက်စီ (အငှားကား)နဲ့ပဲ ပို့ပေးလိုက်တယ်။ မနေ့ကပါ။ ဘာပဲပြောပြော မြန်မာအလုပ်သမား တစ်ယောက်ရဲ့ အရှက်နဲ့ အသက်အန္တရာယ်က လွတ်မြောက်အောင် ကူညီဆောင်ရွက်ပေးနိုင်လိုက်လို့ ၀မ်းမြောက်ပါတယ်။ မြန်မာအမျိုးသမီးငယ်တွေအနေနဲ့ အိမ်ဖေါ်အလုပ်ကို မလုပ်စေချင်ဘူး။ အရမ်းအန္တရာယ်များပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့်ဇွန်လ(၇)ရက်နေ့ ည(၁၁)နာရီအချိန်က ဘန်ကောက်မြို့ ဘန်ကပိအရပ် လဖလောင်း(၁၀၁)လမ်းရှိ ဂါးဒင်းထ၀ိအိမ်ဂေဟာ အမှတ်(၄၃၇၆)တွင် အသက်(၁၇)နှစ်အရွယ်ရှိ မတင်ဆိုသော မြန်မာအိမ်ဖော် အလုပ်သမားတစ်ဦး နားထင်တွင် သေနတ်ဒါဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းစာ ဒေလီနယူးတွင် ဖော်ပြခဲ့သည်။ သို့သော် အဆိုပါအမှုမှာ အမှုမှန် ဖေါ်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထိုင်းနိုင်ငံ နေရာအနှံ့တွင် အိမ်ဖေါ်အလုပ် လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများစွာရှိပြီး ၎င်းတို့မှာ ပြင်ပနှင့် ဆက်သွယ်ခွင့်မရပဲ အိမ်ရှင်များ၏ အနိုင်အထက် ပြုမူခြင်း အမျိုးမျိုးကို ခံနေရဆဲဖြစ်သည်။

http://ghre.org/mm/index.php?option=com_content&view=article&id=323:2009-06-13-07-55-59&catid=1:latest-news&Itemid=54

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်