Tuesday, June 16, 2009

ဘာကြောင့် မြန်မာတွေ ပြည်ပရောက်နေကြတာလည်း

KHRG:Abuse, Poverty and Migration: Investigating migrants’ motivations to leave home in Burma

Abuse, Poverty and Migration: Investigating migrants' motivations to leave home in Burma




NEJ / ၁၆ ဇွန် ၂၀၀၉
အိမ်နီးချင်းနိုင်ငံများသို့ သန်းနှင့်ချီရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ လူမှုစောင့်ရှောက်ရေး အခွင့်အရေးများကို နိုင်ငံတကာက အာရုံစိုက်မှုရရှိနိုင်ရန် ရည်ရွယ်၍ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က မတော်မတရားပြုခြင်း၊ ဆင်းရဲခြင်းနှင့်ရွှေ့ပြောင်းခြင်းဆိုင်ရာ (Abuse, Poverty and Migration) အစီရင်ခံစာတစောင်ကို ယနေ့စတင်ဖြန့်ဝေသည်။
စာမျက်နှာ (၅၈) မျက်နှာပါ ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ (KHRG) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နော်စက်တင် ဘာဖောက “မြန်မာနိုင်ငံသားတွေ ဘာဖြစ်လို့ သူများနိုင်ငံမှာ အလုပ်သွားလုပ်ရတာလဲ။ မြန်မာပြည်က ထွက်လာရတဲ့အကြောင်းရင်းကို သုတေသနလုပ်ထားပြီး ဒီအစီရင်ခံစာကို ထုတ်ဝေရတာဖြစ်တယ်။ ဒီစာအုပ်ရဲ့ သုတေသနပြုချက်အရ ဘန်ကောက်တခုတည်းမှာပဲ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) သန်းကနေ (၃) သန်းအထိ ရှိတယ်။ သူတို့ထွက်လာရတဲ့ အဓိကအကြောင်းရင်း ကတော့ မြန်မာပြည် မှာ မတရား ခေါင်းပုံဖြတ်ခံရတယ်။ ဥပမာ ပေါ်တာထမ်းရတယ်၊ မထမ်းနိုင်ရင် ပိုက်ဆံ ဘယ်လောက်ပေးရမယ်ဆိုပြီး ခြောက်လှန့်ငွေညှစ်တာတွေ၊ ပစ္စည်းတွေ အဓမ္မသိမ်းယူတာတွေ၊ မတော်မတရားပြုတာ ခံရတာတွေကြောင့် မြန်မာပြည်ကထွက်ပြေးလာ ရတဲ့ အကြောင်းတွေကို ဖော်ပြထားတာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ အစီရင်ခံစာတွင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ တရုတ်နှင့် စင်ကာပူ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား (၃) သန်းခွဲခန့်ရှိပြီး မြန်မာနိုင်ငံလူဦးရေ၏ (၇) ရာခိုင်နှုန်း ရှိသည်ဟု ဖော်ပြထားကြောင်း ၎င်းက ပြောသည်။

မိမိအိုးအိမ်ကို စွန့်ခွာပြီး တိုင်းတပါးသို့ ထွက်ခွာလာသည့် အကြောင်းရင်းများအနက် ဆင်းရဲနွမ်းပါးခြင်း၊ အသက်မွေး ၀မ်းကြောင်းမှု လုံခြုံ စိတ်ချရမှုမရှိခြင်းနှင့် ငွေကြေးပြဿနာများကြောင့် ဖြစ်သည်ဟုလည်း အစီရင်ခံစာ အချက်အလက်များနှင့်ပတ်သက်၍ နော်စက်တင်ဘာဖောက ပြောသည်။

၎င်းက “ဒီအစီရင်ခံစာပါတဲ့ အချက်အလက်တွေက လူ (၁၅၀) ကို တွေ့ဆုံမေးမြန်းထားတာဖြစ်တယ်။ အဲ့ဒီထဲက (၇၅) ရာခိုင်နှုန်းက နေပြီးတော့ သူတို့ရဲ့ မတော်မတရား အပြုခံရတဲ့ ဘ၀အတွေ့အကြုံတွေကို ပြောပြတာဖြစ်တယ်။ ဒါကြောင့် အတိအကျ ပြောနိုင်တာပါ။ မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးစေခိုင်းမှုဟာ အခုဆိုရင် ပိုပြီးတော့တောင် များလာတယ်။ ဒီလဆန်းမှာ ဘားအံခရိုင် ပိုင်ကျုံမြို့နယ်က လူတွေ ထိုင်းဘက် ထွက်ပြေးလာတာကို ဆက်စပ် ကြည့်လို့ရပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ အစီရင်ခံစာထုတ်ပြန်ရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှပြည်ပသို့ရောက်နေကြသည့် မြန်မာနိုင်ငံသားများသည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများထံမှ တစုံတရာ အကူအညီပေးမှု မရရှိသည့်အတွက် ဖြစ်ကြောင်း၊ ၎င်းတို့ကို မည်သည့်လူမှု စောင့်ရှောက်ရေးအဖွဲ့များကမှ အကာအကွယ် စောင့်ရှောက်မှု ပေးနိုင်သည့် အသိုင်းအ၀ိုင်းထဲသို့ ထည့်သွင်းပေးနိုင်ခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

မတရားပြုမှုများနှင့် ပြည်နှင်ဒဏ်ပေးမှုများကို ကြုံတွေ့ရသဖြင့် အဆိုပါ လူများကို အကူအညီနှင့် အကာအကွယ်များ ပေးနိုင်မည့် လူမှု စောင့်ရှောက်ရေး အခွင့်အရေးတရပ် ပေါ်ပေါက်လာရေးနှင့် ၎င်းတို့ကို အာရုံစိုက်ခံရမှု ရရှိလာစေရေး အတွက် ယခုအစီရင်ခံစာကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း နော်စက်တင်ဘာဖောက ပြောသည်။

နိုင်ငံတကာက သိရှိနိုင်ရန်အတွက် အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာကို အလိုရှိသူများအနေဖြင့် KHRG အဖွဲ့၏ အီးမေးလ်လိပ်စာ khrg@khrg.org ဖြင့် ဆက်သွယ်တောင်းယူနိုင်သည်။

အစီရင်ခံစာ ဖြန့်ချိသည့် သတင်းစာရှင်းလင်းပွဲကို KHRG အဖွဲ့က ယနေ့နံနက် (၁၀) နာရီတွင် ဘန်ကောက်မြို့ရှိ နိုင်ငံတကာ သတင်း ထောက်များအသင်းတွင် ကျင်းပပြုလုပ်သည်။ http://www.khitpyaingnews.org/news/june_09/16-6-09a.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်