Tuesday, June 16, 2009

နအဖ၏ပြောဆိုချက်များ အခြေအမြစ်မရှိဟု ကေအန်ယူ ပြန်လည်တုံ့ပြန်


Summary




NEJ / ၁၅ ဇွန် ၂၀၀၉
line


နအဖနှင့်ဒီကေဘီအေ ထိုးစစ်များကြောင့် ကရင်ရွာသားများ ထိုင်းဘက်ထွက်ပြေးနေရသဖြင့် ထိုးစစ် ချက်ချင်းရပ်ရန် ယခုလ (၁၁) ရက်၌ ဥရောပသမဂ္ဂ (အီးယူ) ၏ တောင်းဆိုမှုကို မြန်မာဘက်က ပယ်ချလိုက်မှုနှင့် ပတ်သက်၍ နအဖ၏ပြောဆိုချက်များသည် လိမ်လည်ပြောဆိုမှုများသာ ဖြစ်သည်ဟု ကေအန်ယူက ပြောသည်။

အီးယူ၏တောင်းဆိုမှုကို မြန်မာနိုင်ငံခြားရေးဌာနမှ ပယ်ချခဲ့ပြီး သောင်းကျန်းသူများထံမှ ရရှိသည့်သတင်းကို အခြေခံပြီး ထုတ်ပြန်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ် သကဘောက “အီးယူက ထုတ်တဲ့ ကြေညာချက်ဟာ သူပုန်ဆီက ရတဲ့ သတင်းဖြစ်တယ်လို့ နအဖပြောတာ လုံးဝမဟုတ်ဘူး။ အခု တပ်မဟာ (၇) မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ဒီကေဘီကေနဲ့ နအဖစစ်တပ် ခလရ -၈၁၊ ခမရ -၂၀၁၊ ၂၀၂၊ ၂၀၃၊ ၂၀၅၊ ၂၁၀ တပ်တွေ ပူးပေါင်းပါဝင် တိုက်ခိုက်နေတာ ဖြစ်တယ်ဆိုတာကို ထွက်ပြေးလာတဲ့ ရွာသားတွေဆီမှာ လွတ်လပ်တဲ့ သတင်းထောက်တွေ၊ ပညာရှင်တွေ၊ ကိုယ်တိုင်သွားရောက် သတင်းယူတာဖြစ်တယ်။ နိုင်ငံတကာသံရုံး အချို့ ကလည်း ပါတယ်။ အဲ့တာကို အီးယူက အခြေခံပြီး ထုတ်တာပါ။ နအဖရဲ့ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိ လိမ်လည်ပြောဆိုတာပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသအတွင်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ သည် ကေအန်ယူနှင့် ဒီကေဘီအေတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသာဖြစ်ပြီး မြန်မာစစ်တပ်မှ တစုံတရာ ပါဝင်ပတ်သက်ခြင်း မရှိဟု နအဖ နိုင်ငံခြားရေးဌာနမှ ပြောကြားခဲ့ပြီး ထိုင်းဘက် ထွက်ပြေးလာသူများသည် ရွာသားများမဟုတ်ဘဲ ကေအန်ယူအဖွဲ့၏ ဆွေမျိုးသားချင်းများသာ ဖြစ်သည်ဟု ပြောသည်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့(ဒီကေဘီအေ) မှ အရာရှိငယ်တဦးက “တပ်မဟာ (၇) မှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ထိပ်တိုက်တက်ရတာက ဒီကေဘီအေ အဖွဲ့တွေပဲ။ ဗမာစစ်တပ်က အနောက်ကနေ ၀န်းရံပြီး လက်နက်ကြီးနဲ့ ကူပစ်ပေးတယ်။ (၈၁) မမ မော်တာကို ဗမာစစ်တပ်ကပဲ ပစ်ပေးတယ်။ ဒီကေဘီအေက ပစ်ခွင့်မရှိဘူး။ မင်းတို့ပစ်ရင် ထိုင်းဘက် ကျနိုင်တယ်ဆိုပြီး ပေးမပစ်ဘူး။ သူတို့ပစ်တော့လည်း ထိုင်းဘက် ကျတာတွေ အများကြီးရှိတယ်။ ဒီကေဘီအေ အဖွဲ့ကိုင်ရတာ အကြီးဆုံးဟာ (၆၀) မမ မော်တာပဲ။ ဒီကိစ္စ အားလုံး ဗမာစစ်တပ်ခိုင်းသလို လုပ်နေရတာပါ။ ကျနော်ဒီလောက်ပဲ ပြောလို့ရမယ်” ဟု ပြောသည်။

ရက်သတ္တ (၂) ပတ်ကြာမြင့်ခဲ့ပြီးဖြစ်သည့် တပ်မဟာ (၇) ဒေသ ထိုးစစ်ကြောင့် ဒေသတွင်း ကရင်ရွာသား (၄,၀၀၀) ခန့်ကို စစ်ပြေးဒုက္ခ သည်များအဖြစ် လူသားချင်စာနာထောက်ထားသည့်အနေဖြင့် ထိုင်းဘက်ခြမ်းတွင် ယာယီလက်ခံ ထားပြီး နယ်မြေ အေးချမ်းသွားပါက ၎င်းတို့အား နေရပ်သို့ ပြန်ပို့မည်ဟု ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထနွန်စာ အဖိလာ့ယိုထင်က ပြောသည်။

ဖြစ်ပွားနေသည့် တိုက်ပွဲများဂယက်ကြောင့် ထိုင်းနိုင်ငံဘက်သို့ မြန်မာစစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ထိုင်းဘက်ခြမ်း မဲ့စလေ ကျေးရွာသို့ မကြာခဏ ကျရောက်ခဲ့သဖြင့် လွန်ခဲ့သည့် စနေနေ့က ထိုင်းအမှတ် (၃) စစ်တိုင်းမှူး လာရောက်ပြီး နယ်စပ်အ ခြေအနေကို စစ်ဆေးကာ စာသင်ကျောင်းကို ပိတ်ပြီး ထိုင်းနိုင်ငံသားများနှင့် မြန်မာစစ်ပြေးဒုက္ခသည် (၂,၀၀၀) ခန့်ကို ဘေးလွှတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်။

မြန်မာဒုက္ခသည်များ၏အခြေအနေမှန်ကို သိရှိရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နှင့်အဖွဲ့သည် ယနေ့နံနက်က ဒုက္ခသည်များရှိရာ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်သို့ သွားရောက်ကြည့်ရှုခဲ့သည်။ http://www.khitpyaingnews.org/news/june_09/15-6-09a.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်