Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Friday, September 25, 2009

ထမင်းစားတိုင်း သတိရတယ်

ကျော်ခ
မဇ္ဈိမ (ချင်းမိုင်)။ ။ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှ ယခုလ ၁၇ ရက်နေ့တွင် ပြန်လွတ်လာသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တဦးက ထမင်းစားတိုင်း ထောင်တွင်း၌ ကျန်ရစ်ခဲ့သော လုပ်ဖော်ကိုင်ဘက်များကို သတိရနေသည်ဟု ဆိုသည်။

လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် မကွေးတိုင်း ပခုက္ကူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) မြို့နယ်စည်း ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်အေးက မဇ္ဈိမကို ထိုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

သူသည် ၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲနှင့် သံဃာတော်များ မေတ္တာပို့ ဆုတောင်းပွဲတွင် ပါဝင်ခဲ့ပြီးနောက် ထိုနှစ် အောက်တိုဘာလ အတွင်းက ဖမ်းဆီးခံခဲ့ရကာ၊ ဆူပူမှုဖြစ်စေရန် စည်းရုံးလှုံ့ဆော် သည်ဟုဆိုပြီး အာဏာပိုင်များက ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ်ချခဲ့သည်။

လွတ်ရက် စေ့ရန် ၆ လခွဲခန့် အကြာတွင် ယခုလို လွတ်မြောက်လာခြင်း ဖြစ်သည်။

သူ ဖမ်းဆီး ခြင်းခံရသည့် အခြေအနေများနှင့် ထောင်တွင်း အတွေ့အကြုံများကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထား ပါသည်။


အန်ကယ်ရဲ့ ပါတီ တာဝန်တွေကို သိပါရစေခင်ဗျား။

ဟုတ်ကဲ့။ ကျနော်က ပခုက္ကူ အန်အယ်ဒီ မြို့နယ်စည်း ဥက္ကဋ္ဌပါ။ နောက်ပြီး ပခုက္ကူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ပါ။ ၁၉၉၀ ခုနှစ်မှာ ဖြစ်တာပါ။

အန်ကယ်က ကလေးထောင်ကနေ ဘယ်နေ့က လွတ်လာတာလဲခင်ဗျား။ လွတ်မယ် ဆိုတာကိုရော ဘယ်လိုမျိုး စသိလဲ။

လွတ်မယ့်နေ့ ၁၇ ရက်နေ့ ညနေ ၃ နာရီလောက်မှ သိရတာဗျ။ ၁၇ ရက်နေ့ ညနေလွတ်တယ်။ အဲဒီနေ့ ညနေက ကလေးမှာပဲ အိပ်လိုက်တယ်။ ကလေးနဲ့ ပခုက္ကူကလည်း ၆ မိုင် ဝေးတာကိုး။ ၁၉ ရက်နေ့မှ အိမ်ပြန် ရောက်တယ်။

အန်ကယ်ကို ဘယ်လိုပုဒ်မတွေနဲ့ ဖမ်းတာလဲ။ အခုက လွတ်ရက်စေ့လို့ လွတ်လာတာမျိုးလား။

လွတ်ရက်စေ့ဖို့က ၂၀၁၀ သင်္ကြန်ကျမှ ဧပြီလ ၁၂ ရက်နေ့မှလွတ်မှာ။ ၆ လခွဲလောက် ကျန်သေးတာပေါ့။ ၅၀၅ (ခ) က ၂ နှစ်။ ၁၄၃ က ၆ လဆိုတော့။ ခုက ၂ နှစ်လောက် ကျပြီးသွားပြီဆိုတော့။ နောက်ထပ် ၆ လခွဲလောက် ကျန်တာပေါ့။ ၅၀၅ ကတော့ ဆူပူမှုဖြစ်အောင် စည်းရုံးလှုံ့ဆော်ခြင်း။ ၁၄၃ ကတော့ ဆရာတော်တွေနဲ့ စီတန်းလှည့်လည်မှုပေါ့။
ထွက်လာတော့ ဝန်ခံကတိများ လက်မှတ်ထိုးခဲ့ရသေးလား။

၄၀၁ နဲ့ ထိုးခဲ့ရတယ်။ ၄၀၁ ဆိုတာက နောက်တခါ ပြစ်မှု ထပ်ကျူးလွန်လာရင် အခု ကျန်တဲ့ ၆ လက ထပ်ပြန်ဆောင်း ပြီးခံရမယ်။ ဟိုဟာမလုပ်ရ။ ဒါမလုပ်ရဆိုတဲ့ ဝန်ခံကတိ လက်မှတ်မျိုးတော့ မဟုတ်ပါဘူး။

အဲဒီဟာ ထိုးတာ မထိုးတာက ပြဿနာမဟုတ်ဘူး။ အဓိကက အပြင်မှာ ဘာပြောပြော၊ ဘာလုပ်လုပ် လုပ်ချင်တာ လုပ်လို့ ရတယ်လေ။

အန်ကယ်ကို ဘယ်လို လာဖမ်းတယ်ဆိုတာလေး ပြောပြပေးပါလားခင်ဗျား။

၂၀၀၇ အောက်တိုဘာလ ၂ ရက်နေ့ ညသန်းခေါင်ကျော် ၁ နာရီလောက်မှာ လာဖမ်းတာပေါ့။ ဖမ်းတုန်းက ပခုက္ကူမှာ ဖမ်းတယ်။ ပြီးတော့ မြင်းခြံထောင်ကို ပို့တယ်။ ပို့ပြီးတော့ အဲဒီမှာ စစ်ကြောရေး ဝင်စစ်တော့လည်း မြင်းခြံထောင်မှာပဲ စစ်တယ်။ ထောင်ထဲမှာ ခေါ်ပြီးတော့ စစ်တယ်။ မြင်းခြံထောင်မှာ ၁ နှစ်နေရတယ်။ ပြီးတော့ ကလေးထောင်ကို ပို့လိုက်ပြီး ၁ နှစ် ထပ်နေရတယ်။

ဘာကြောင့် အန်ကယ် အဖမ်းခံရတာလဲ။

အဲဒီတုန်းက ဓာတ်ဆီ၊ ဒီဇယ်တွေ တက်တဲ့ အချိန်ပေါ့လေ။ အဲဒီလို တက်တော့ တခြား ကုန်ဈေးနူန်းတွေရော လိုက်တက်တယ်ပေါ့လေ။ အဲဒီတက်သွားတဲ့ ဈေးတွေက ၂ ဆလောက် တက်သွားတယ်။ အဲဒါကြောင့် သင့်တင့် လျောက်ပတ်တဲ့ ဈေးနှုန်းကို ပြန်ချပေးပါဆိုပြီး ကျနော်တို့က ဗိုလ်ချူပ်မှူးကြီးဆီကို တောင်းဆိုတယ်လေ။

နံပါတ် ၁ အချက်ကတော့ အထွေထွေ ကုန်ဈေးနူန်း ကျဆင်းရေး၊ နံပါတ် ၂ က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးခြင်းမှ လွှတ်ပေးပါ ဆိုတာ တချက်။နံပါတ် ၃ အချက်ကတော့ နိုင်ငံမှာ ဖြစ်နေတဲ့ စားဝတ်နေရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖြေရှင်း ပေးပါဆိုပြီးတော့ အဲဒီ ၃ ခု တောင်းတာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိပ်မူပြီးတော့ ရေးတယ်။ ရေးပြီးတော့ ပခုက္ကူ မဝတ (မြို့နယ်ကောင်စီ) ဥက္ကဋ္ဌထံကို ကျနော်ကိုယ်တိုင် လမ်းလျှောက်သွားပြီးတော့ မိတ္တူပို့တယ်။

နောက် ၅ ရက်နေ့ကျတော့ ပခုက္ကူက ဆရာတော်၊ သံဃာတော်တွေ လမ်းမှာထွက်ပြီးတော့ မေတ္တာပို့ထွက်ကြတယ်။ ဆရာတော်တွေ ထွက်တဲ့ကိစ္စ ကျနော်တို့က လှုံ့ဆော်တယ် ဆိုပြီးတော့ ၅၀၅ (ခ) နဲ့ ဆွဲတာ။

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအသောက်တွေကရော ဘယ်လိုရှိလဲခင်ဗျား။

ထောင်ထဲမှာကတော့ဗျာ။ ဟင်းကတော့ ပဲကုလားဟင်းပေါ့။ တပတ် ၂ ခါ အသားဟင်း ပေးတယ်။ အသား ပေးတယ် ဆိုတာကလည်း ကြက်ဥ ပေးတာပါပဲ။ အပြင်မထွက်ရတာတို့၊ လမ်းလျှောက်ရတာတို့တော့ အခက်အခဲ ရှိတာပေါ့။ ကလေးကျတော့ နေရာကျဉ်းတော့ ပိုပြီးခက်ခဲတယ်။ ကလေး ရာသီဥတုကြောင့်လည်း ပိုဆိုးတယ်။ ကျနော်က သွေးတိုး ရှိတယ်။ ဒူးကလည်း မကောင်းဘူးဆိုတော့ ကျန်မာရေးက မကောင်းဘူး။

လွတ်လာတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဘက်တွေထဲက ဘယ်သူတွေ အတူပါလာပြီး၊ ဘယ်သူတွေ ကျန်ခဲ့သေးလဲခင်ဗျား။

ကျန်ခဲ့တာတော့ တော်တော်များများ ကျန်ခဲ့ ပါသေးတယ်။ ၁၆ ယောက်တောင် ကျန်နေခဲ့ သေးတယ်။ လွတ်လာတာ ၇ ယောက်ခင်ဗျ။ လွတ်လာတဲ့အထဲက ပခုက္ကူက ဦးဆန်းပွင့်၊ သူကလည်း ပခုက္ကူမြို့နယ်စည်းပဲ။ နောက် ကလေးမြို့ခံ ၃ ယောက် ပါတယ်။ သူတို့က ဦးဘမင်းရယ်၊ ဦးညိုမြရယ်၊ မိုက်ကယ်ဝင်းကျော်ရယ်။ သုံးခွက ကိုတွတ်ပီ (ခေါ်) ကိုဇော်လင်း ပါတယ်။ ရန်ကုန်က မြန်မာနေရှင်း အယ်ဒီတာ ကိုသက်ဇင် ပါတယ်။ ကျန်နေတာကတော့ ဦဂမ္ဘီရတို့၊ ဦးအုန်းသန်းတို့ (တကိုယ်တော်ဆန္ဒပြသူ) ၁၆ ယောက်တောင် ကျန်ခဲ့သေးတယ်။


အခုလို လွတ်မြောက်လာပြီး ရှေ့ကို ဘာတွေဆက်လုပ်ဖို့ ရှိပါသလဲခင်ဗျား။

အခုဟာက အေးချမ်းသာယာပြီး၊ လွတ်လပ်သွားတဲ့ အနေအထားမျိုး မဟုတ်တော့ ကျနော်တို့က ပြည်သူ့ ဆန္ဒအတိုင်း လုပ်ရတာကိုး။ ပြည်သူ့ကိုယ်စား ပြည်သူတွေလုပ်ချင်တဲ့အတိုင်း ကျနော်တို့က ပြည်သူ့ဆန္ဒအတိုင်း ကျနော်တို့ လုပ်ရတာ ဆိုတော့ ကျနော်တို့မှာ တာဝန်ရှိတာပေါ့။

လွတ်လာတဲ့အတွက်ရော အန်ကယ့်အနေနဲ့ ဝမ်းသာကျေနပ်ရဲ့လား။

ထောင်ထဲကနေပြီး လွတ်လာတာကိုတော့ သဘောကျတယ်ပေါ့ဗျာ။ ဒါပေမဲ့ ဒီလူတွေချည်း လွှတ်ရတာမှ မဟုတ်ဘဲ။ ၇ ယောက်ပဲ လွှတ်တယ်ဆိုတော့၊ အခုဆို ဒေါ်အောင်ဆန်းစုကြည် မပါဘူးဗျာ။ ဒိုင်ယာလော့ လုပ်ကြတော့မယ် ဆိုတော့ ဘယ်လိုလုပ်ကြ မတုန်းဗျာ။ ဦးတင်ဦးနဲ့၊ ကျောင်းသား ခေါင်းဆောင်တွေနဲ့ အခြား အဖွဲ့အစည်းတွေ မပါသေးဘူးဗျာ။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမှ အဆင်ပြေမယ်လို့ ကျနော်ကတော့ အဲလိုသဘောပေါက်တာပဲ။

အထဲမှာ အများကြီး ကျန်ခဲ့သေးတာပဲ။ အပြင် ရောက်ပေမယ့် မပျော်ဘူး။ ထမင်းဝိုင်း ရောက်တာနဲ့ ကျန်ခဲ့တဲ့ သူငယ်ချင်း ရဲဘော်တွေကို ဟင်းပေးချင်တော့ တာပဲဗျာ။ ကျနော်တို့ အနေအထိုင်၊ အစားအသောက် ဆင်းရဲခြင်းက လွတ်သလို သူငယ်ချင်းတွေကိုလည်း လွတ်စေချင်တာကိုး။

အန်ကယ် ထောင်ကျဖူးတာ၊ အချုပ်ကျဖူးတာ ဘယ်နှကြိမ် ရှိသွားပြီလဲ ခင်ဗျား။

ထောင်ကတော့ အခု တခါပဲ ကျတာပါ။ ၉၈ တုန်းက အချုပ် ၂ နှစ် ကျသေးတယ်။ ၉၈ တုန်းက လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံး ခြေချုပ် ဥပဒေနဲ့ တရားစွဲပြီးတော့ သင်္ကာမကင်း ပုဒ်မနဲ့ နေ့စဉ် သွားပြီးတော့ လက်မှတ်ထိုး ရတယ်။

အဲဒီအချိန်မှာ ကျနော်တို့ ဥက္ကဋ္ဌကြီး ဦးတင်ဦးက သွားပြီး လက်မှတ်ထိုးစရာ မလိုဘူးလို့ ပါးစပ်မိန့်နဲ့ ကြေညာလိုက် တော့ သွားမထိုးတော့ဘူး။ ဟိုက မေးတယ်၊ လက်မှတ် လာမထိုးတော့ဘူးလားတဲ့။ မထိုးတော့ဘူးလို့ပြောတော့ မထိုးတော့ရင် ဖမ်းတယ် ဆိုပြီးတော့။ ကိစ္စကတော့ဗျာ၊ နေ့စဉ်လက်မှတ် သွားမထိုးတဲ့ ကိစ္စနဲ့ ဖမ်းတာပေါ့။

အဲဒီတုန်းက ဘယ်မှာ ဖမ်းပြီး ချုပ်ထားတာလဲခင်ဗျား။

ပခုက္ကူမြို့နယ် အခြေစိုက် ၂၃၅ တပ်ထဲမှာ ၂ နှစ် အချုပ်ခံရတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Monday, April 20, 2009

မုံရွာထောင်ထဲက တက္ကသိုလ်ကျောင်းသူ

မနှင်းမေအောင် ခေါ် မနိုဘယ်လ်အေး

ယခုလဆန်းပိုင်းတွင် အီတလီနိုင်ငံ ဗီလာဆန်တာမြို့ (the City of VillaSanta)က မြန်မာပြည်မှ အကျဉ်းသားတဦးကို ဂုဏ်ထူးဆောင်မြို့သားအဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့ ဂုဏ်ပြုခံရသူမှာ မုံရွာထောင်တွင် အကျဉ်းကျနေသူ မနှင်းမေအောင် ဖြစ်သည်။

ဒဂုံတက္ကသိုလ် ကျောင်းသူ၊ ယခုအခါ မုံရွာထောင် အကျဉ်းခန်းတခုတွင် ရောက်နေသူ မနှင်းမေအောင် ခေါ် မနိုဘယ်လ်အေး အကြောင်းကို သိရှိရန် မိုးမခက သူ၏ မိတ်ဆွေ မလဲ့လဲ့နွယ်နှင့် ဆက်သွယ် မေးမြန်းထားပါသည်။

မိုးမခ - သူနဲ့ ဘယ်လို စပြီး တွေ့ခဲ့တာလဲ။

မလဲ့လဲ့နွယ် - ကျမနဲ့ နိုဘယ်လ်က ၁၉၉၈ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့ အောင်သပြေ စစ်ကြောရေး စခန်းမှာ ကတည်းက သိခဲ့ကြတာပါ။ စစ်ကြောရေးစခန်းမှာ နေရပြီး နောက်ပိုင်းမှာလဲ အင်းစိန်ထောင်မှာ တတိုက်ထဲ နေရတယ်။

၁၉၉၉ ခုနှစ်၊ ဧပြီလ၊ ၆ ရက် အင်းစိန်ထောင်ကနေ နယ်ထောင်တွေ ပြောင်းတော့လည်း အတူတူပဲ။ အဲဒီတုန်းက မိန်းကလေး (၅)ယောက်၊ ယောကျာ်းလေးတွေကတော့ အယောက် (၅ဝ) ကျော်လောက် ရှိမယ်နဲ့ တူတယ်။ မကြည်ကြည်ဝင်း (ကြည့်မြင်တိုင်)၊ ဇင်မာအောင် (ယခုထက်ထိ မန္တလေးထောင်တွင် ရှိနေဆဲ)၊ မြတ်စံပယ်မိုး (ယခု နော်ဝေနိုင်ငံ)၊ နိုဘယ်ရယ်၊ ကျမ ရယ်ပေါ့။

မန္တလေးထောင်မှာ (၃)ညလောက်လည်း အိပ်ပြီးရော ကျမနဲ့ မြတ်စံပယ်မိုးက ရွှေဘိုထောင်၊ နိုဘယ်လ်က မြင်းခြံထောင် စသဖြင့် တနေရာစီ အပြောင်းခံလိုက်ရတယ်။ အဲဒီထဲက နိုဘယ်လ်နဲ့ ကွဲသွားခဲ့တယ်။ ဒါပေမဲ့ ၂ဝဝ၅ ခုနှစ်မှာ နိုဘယ်လ် ထောင်က ပြန်လွတ်လာတော့ ကျမတို့ သူငယ်ချင်းတွေ ပြန်ဆုံဖြစ်တယ်။
လွန်ခဲ့သည့် ၁၁ နှစ်မှစတင်၍ အင်းစိန်၊ မန္တလေးအကျဉ်းထောင်တို့တွင် ရောက်ရှိနေသော မဇင်မာအောင်

ထောင်ထဲမှာ နေရတာ နှင်းမေအောင်က စိတ်ဓာတ် မကျဘူးလား၊ ဘယ်လို မြင်သလဲ သူ့ကို။

ထောင်ထဲမှာ နေရတယ်ဆိုတာ ဘယ်လ်လောက်ပဲ စိတ်ဓာတ် မာတယ် ပြောပြော လူတိုင်းကတော့ စိတ်ဓာတ် ကျတတ်ကြတာပဲ။ အစားအသောက်၊ အနေအထိုင်၊ ရေချိုးတာကအစ အဆင်မပြေဘူးလေ။ ဒါပေမဲ့ လူဆိုတာ ခံစားချက်၊ ခံယူချက်နဲ့ ဆိုတော့ ဘယ်လောက်ပဲ ဒုက္ခ အမျိုးမျိုးတွေ ရောက်ပါစေ၊ စိတ်ဓာတ်ကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားကြရတယ်။ အဲဒီအထဲမှာ နိုဘယ်လ်လည်း တယောက် အပါအဝင်ပေါ့။

နိုဘယ်လ်က အပေါင်းအသင်းတွေကို တက်နိုင်သလောက် ကူညီတယ်။ အနစ်နာခံတယ်။ သဘောထား ကြီးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ခံယူချက်ပြင်းတယ်။ စိတ်ဓာတ် မာတယ်။ လူမှုရေး စိတ်ဓာတ်လည်း အပြည့်အဝ ရှိတယ်။ အမေကို ရိုသေတယ်။

နိုင်ငံရေး မလုပ်တော့ဘူး ဆိုပြီး ခံဝန်ချက် လက်မှတ် ထိုးခိုင်းတာမျိုး၊ အာဏာပိုင်တွေက ချည်းကပ်တာမျိုး ရှိသလား။

ထောင်ထဲမှာ (၇)နှစ်ကျော်ကျော် နေရပြီးနောက် လက်မှတ်ထိုးစရာ မလိုဘဲ နအဖ စစ်ထောက်လှမ်းရေးက လွှတ်ပေးလိုက်ပါတယ်။ တကယ်တမ်းကျတော့ လက်မှတ် ထိုးပြီး ထောင်က လွတ်လာတာပဲ ဖြစ်ဖြစ်၊ လက်မှတ် မထိုးဘဲ ထောင်ကနေ လွတ်တာပဲ ဖြစ်ဖြစ် နိုင်ငံရေးမှုနဲ့ ထောင်ကျတဲ့ လူတိုင်းဟာ အနိမ့်ဆုံးတော့ နယ်မြေခံ ထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်တာကို ခံရပါတယ်။ နိုဘယ်လ်ဟာ ထောက်လှမ်းရေးက ဘယ်လ်လောက်ပဲ စောင့်ကြည့် စောင့်ကြည့်၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ နောက်ဆုတ်မသွားဘဲ ထောင်ကနေထွက်ပြီး နောက်ပိုင်းမှာလဲ ကိုမင်းကိုနိုင်တို့ ဦးဆောင်တဲ့ (၈၈) မျိုးဆက် အဖွဲ့နဲ့လည်း ဆက်စပ်ပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု တော်တော် များများမှာ ပါဝင်ခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းနှင့်အတူ တွေ့ရသော မနှင်းမေအောင်

ထောင်မှာ စားရသောက်ရတာ ဘယ်လိုရှိလဲ။

ထောင်ထဲမှာ အစားအသောက်အကြောင်း ပြောရမယ် ဆိုရင်တော့ ပုံစံဟင်း လို့ ခေါ်တဲ့ ပဲဟင်းကျဲကျဲ ဒါမှမဟုတ် ဟင်းနုနယ်ရွက် အရိုင်းတွေကို တုံးပြီး ပြုတ်ထားတဲ့ ဝက်ခေါင်းခါဟင်း (ဝက်တောင် မစားချင်လို့ ခေါင်းခါတဲ့ ဟင်းမို့လို့ ဝက်ခေါင်းခါဟင်းလို့ ခေါ်ပါတယ်။) ပြီးတော့ ဆီမပါဘဲ ကြော်ထားတဲ့ မျှင်ငါးပိ၊ ဒါပဲလေ။ ဆန်ကတော့ လုံးတီးဆန်ပါပဲ။ တခါမှတော့ မမြင်ဖူးဘူး။ ထောင်ထဲရောက်မှ မြင်ဖူး စားဖူးတာ။

နှင်းမေအောင် အိမ်က ထောင်ဝင်စာ ဘယ်လို လာသလဲ၊ ဘာတွေ ပါသလဲ။

အင်းစိန်ထောင်မှာ တုန်းကတော့ နိုဘယ်နဲ့ အန်တီအေး (နိုဘယ်လ်၏မိခင်) တို့ကို ညီမလေး နိုက်တင်ဂေးနဲ့ သူ့ အဖေက တလှည့်စီ ထောင်ဝင်စာ လာတွေ့ပါတယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ ကြာကြာထားလို့ ရတဲ့ ငါးပိကြော်ပေါ့။ သူ့အိမ်က စီးပွားရေး အဆင်မပြေတော့ အိမ်ကလာတွေ့တိုင်း စားစရာတွေ သိပ်တော့ ပါမလာတတ်ဘူး။ ဒါပေမဲ့ သူပါလာသမျှကို ကျမတို့တွေကို ခွဲကျွေးတတ်ပါတယ်။

မလဲ့လဲ့နွယ်ကရော ဘယ်တုန်းက ဘာကြောင့် အကျဉ်းချခံရတာလဲ။

ကျမက ၁၉၉၈ခုနှစ် စက်တင်ဘာမှာ အဖမ်းခံရတယ်။ ၁၉၉၈ခုနှစ်၊ သြဂုတ်လမှာပဲ ထောင်ချောက်အတွင်းမှ အရိုးခံ ခြင်္သေ့များ ရုန်းထွက်ကြလော့ ဆိုတဲ့ လက်ကမ်းစာစောင်ကို စာစီစာရိုက် လုပ်ပေးတယ်။ မိတ္တူ ကူးတယ်။ ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ ကျမတို့ သူငယ်ချင်းတွေ ဖြန့်တယ်။ လိုင်းကားပေါ်ကနေ စာရွက်တွေကျဲချတယ်။

အဲဒီကိစ္စကြောင့်ပဲ ကျမကို ၅ ညပုဒ်မ၊ ၁၇/၂၁ ပုဒ်မနဲ့ ထောင်ဒဏ် (၂၁) ချလိုက်တယ်။ ထောင်ချပြီး သိပ်မကြာခင်မှာပဲ ရွှေဘိုထောင်ကို ပြောင်းလိုက်တယ်။ နအဖ စစ်ထောက်လှမ်းရေးက ကျမ မိဘတွေကို ကျမ ဘယ်မှာရှိမှန်း အကြောင်း မကြားပေးခဲ့လို့ အဖမ်းခံရပြီး (၈)လခွဲလောက်မှ အိမ်နဲ့ တွေ့ခွင့်ရတယ်။

မလဲ့လဲ့နွယ် ဘယ်တုန်းက ပြန်လွတ်လဲ။ ဘယ်လ်ထောင်ကနေ လွတ်တာလဲ။

၎ နှစ် အကြာ (၂ဝဝ၂ခုနှစ်)မှာပဲ ရွှေဘိုထောင်ကနေ ပြန်လွတ်လာပါတယ်။

နှင်းမေအောင်က ဘာဖြစ်လို့ ခဏခဏ အဖမ်းခံရ၊ ထောင်ကျရတာလဲ။

၁၉၉၈ ခုနှစ်မှာ ပြည်သူ့လွှတ်တော် ခေါ်ယူဖို့ နအဖ စစ်အစိုးရကို တောင်းဆိုတဲ့ အနေနဲ့ ရန်ကုန်တက္ကသိုလ် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အတွက်ကြောင့် ပထမအကြိမ် ထောင်ကျတယ်။ အဲဒီတုန်းက သူက (၄၂)နှစ် ကျတယ်။ (၇)နှစ်ကျော်ကျော်မှာ ထောင်ကနေ ပြန်လွတ်တယ်။

ဒုတိယအကြိမ်ကတော့ လူမှားပြီး အဖမ်းခံရတာ။ လူမှားပြီး အဖမ်းခံရပေမဲ့ နအဖ ထောက်လှမ်းရေးက ပြန်မလွှတ်ပေးဘူး။ ဥပဒေလမ်းကြောင်းအရ ပြောမယ်ဆိုရင် စွဲချက် တင်လောက်စရာ ကိစ္စကလည်း မထင်ရှားဘူး၊ မရှိဘူးလေ။ ဒါပေမဲ့ သူ့ကို ကိုမင်းကိုနိုင်တို့ အုပ်စုနဲ့ တွဲလို့ ဆိုပြီး ထောင်ပါ ချလိုက်တာ။

အခု သူ ကျတာ ထောင်ဒဏ် (၁၁)နှစ်လေ။ အင်းစိန်ထောင်ကနေ မုံရွာထောင်ကို ပြောင်းလိုက်ပြီ။ အရင်တခေါက် ထောင်ကျတုန်းကလည်း အဲဒီလိုပဲလေ။ သားအမိနှစ် ယောက်ကို တယောက်နဲ့ တယောက် အဝေးဆုံး ထောင်တွေကို ခွဲပို့လိုက်ကြတယ်။ နိုဘယ်လ် မိသားစုတွေက ထောင်ဝင်စာတွေ့ဖို့ တော်တော်လေး ဒုက္ခ ရောက်ကြရတယ်။ အခုလည်း အဲဒီလိုပဲ။ အန်တီအေးက ကျန်းမာရေးလည်း မကောင်းတော့ ရန်ကုန်နဲ့ အရမ်းဝေးတဲ့ မုံရွာကို ပို့လိုက်တယ် ဆိုတော့ နိုဘယ်လ် မိသားစုတွေ ထပ်ပြီး ဒုက္ခ ရောက်ကြရဦးမှာပဲလေ။
မင်းကိုနိုင်၊ နှင်းမေအောင် နှင့် ကိုကိုကြီး

အခုလို ဂုဏ်ထူးဆောင်မြို့သူအဖြစ် သတ်မှတ်ခံရတာကို ကာယကံရှင် နှင်းမေအောင် သိမယ်ဆိုရင် ကာယကံရှင် သူ့အတွက် ဘာထူးခြားမလဲ၊ ဘာရလဒ်တွေ ဖြစ်မယ်လို့ ထင်သလဲ။

ဒီလို ဂုဏ်ပြုခံရတာကို နိုဘယ်လ်သာ သိမယ်ဆိုရင် ဝမ်းသာမှာ။ သူ့လုပ်ရပ်တွေ အတွက်လည်း ဂုဏ်ယူနေမှာ။ ပြီးတော့ ထောင်ထဲမှာ နေနေရပေမဲ့ ဒီလို အသိအမှတ်ပြုခံရတယ် ဆိုတာ သူ့အတွက် အားဆေး တခွက်ပဲလေ။ အန်တီအေးလည်း နိုဘယ်လ် အတွက် ဂုဏ်ယူ ဝမ်းသာ နေမယ်လို့ ယုံကြည်တယ်။

နှင်းမေအောင် နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား အမှတ်ရစရာ တချို့ကို ပြောပြပါဦး။

၁၉၉၉ ခုနှစ် ထောင်ပြောင်းတုန်းကဆို ကျမတို့ မိန်းကလေး (၅)ယောက်လုံးဟာ ဝမ်းနည်း စိတ်ဓာတ် ကျမနေဘဲ သီချင်းတွေ တလမ်းလုံး အော်ဆိုလာခဲ့ကြတယ်။ နိုဘယ်လ်လည်း ပါတာပေါ့။ အမှတ်ရနေတာကတော့ နိုဘယ်လ်က သီချင်း သိပ်မဆိုတတ်ဘူး။ ဒါပေမဲ့ သူ အမြဲ ဆိုနေကျ သီချင်း တပုဒ်တော့ ကျမ အခုထက်ထိ မှတ်မိနေတုန်းပဲ။ အဲဒီ သီချင်းကတော့ “ကမ္ဘာမကြေဘူး” ဆိုတဲ့ သီချင်းပါပဲ။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, April 7, 2009

ငြိမ်းချမ်းရေးကောင်စီနှင့် သွားရောက်တွေ့ဆုံခဲ့သူ အင်းရှည် ဆရာတော် အရှင်ဦးဝိဇာနနှင့် ကရင်သတင်းစဉ် တွေ့ဆုံ မေးမြန်းခန်း

ဆရာတော် အရှင်ဦးဝိဇာန

- ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ဆရာတော်အနေနဲ့ ကေအဲန်ယူ-ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ က ဗိုလ်ချုပ်ထင်မောင်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ကြားတယ်၊ ဘယ်လိုပုံစံနဲ့ သွားတွေ့ တာပါလဲ၊
ဘုန်းကြီးတွေ့ဖြစ်တာကတော့ ကေအဲန်ယူ-ကေအဲန်အယ်လ် အေငြိမ်းချမ်းရေးကောင်စီက တပ်မဟာမှူးဟောင်း ထင်မောင် နဲ့ ဒီကေဘီအေ (၉၀၇)တပ်ရင်းမှူး ဗိုလ်နှုတ်ခမ်းမွေး ကိုပါပဲ၊ ဒါကလည်း တပ်မဟာမှူး ထင်မောင်က ဘုန်းကြီးကို တွေ့ချင်တယ်ဆိုလို့ သွားတွေ့တဲ့သဘောပဲ၊ မောင်တေး လေးတို့ကတော့ ဘုန်းကြီးကိုလာကြိုတာပေါ့၊ စစ်ဦးစီးချုပ် ကျော်သန်းနဲ့တော့ မတွေ့ဖြစ်ဘူး၊

သူတို့ကိုသွားတွေ့ရင် ဘုန်းကြီးပြန်လာဖို့ ဘယ်ရှိတော့မှာ လဲ၊ သွားတာကတော့ လေးယောက်ပေါ့၊ မောင်တေးလေးရယ်။ ဗိုလ်မဟာရွေရယ်။ ဗိုလ်သဲခီးနဲ့ ဘုန်းကြီးနဲ့ပေါ့၊ ဘုန်းကြီးသွားတာက ထို့ကော်ကိုးကို တော့ မရောက်ပါဘူး၊ ဗိုလ်ချုပ်ထင်မောင်နေတဲ့ ကမ်းနားက အနောက်ဖက်ပိုကျတဲ့ နေရာမှာပဲ၊

- အခုဘုန်းကြီးသွားတာ ဗိုလ်ထင်မောင်နဲ့လည်းတွေ့ခဲ့တယ်ဆိုတော့ သူတို့ငြိမ်းချမ်းရေးကောင် စီရဲ့ အနေအထားက ဘယ်လိုရှိပါသလဲ၊ ကရင်အမျိုးသားအချင်းချင်း ပြန်လည်သင့်မြတ် ရေးအတွက် သူတို့အနေနဲ့ ဘယ်လိုရည်ရွယ်ချက်တွေ။ စိတ်ဆန္ဒတွေရှိပါသလဲ၊
အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဟာ အပြောပါပဲ၊ လက်တွေ့ပိုင်းမှာကျတော့ ကေအဲန်ယူအနေနဲ့ဆိုရင် ဘယ်လောက်လှုပ်ရှားသလဲ ပြန် သုံးသပ်လို့ရပါတယ်၊ ပဒိုအောင်ဆန်းတို့ငြိမ်းချမ်းရေးဟာ ထာဝရငြိမ်းချမ်းရေးတဲ့၊ ပြန်ရောက်တာနဲ့ လက်နက်အပ်ပြီးတော့ သူတို့စီးပွားရေးလုပ်တာပဲ၊ အခုတပ်မဟာမှူးထင်မောင်တို့ဟာ ငြိမ်းချမ်းရေးကောင်စီ စည်းကမ်းချက်တွေပါတယ်၊ ဒီကေဘီအေကျတော့ တိုးတက်သောကရင်ဗုဒဘာသာတပ်မတော်တဲ့၊ ဘာတွေတိုးတက်သလဲဆိုတာ သုံးသပ်လို့ရပါတယ်၊ ဘုန်းကြီးတို့အနေနဲ့ဆိုရင် လက်တည့်စမ်းတဲ့အနေနဲ့ စွန့်စားပြီးတော့ တပ်မဟာမှူးထင်မောင်ထံမှာ ကိုယ်တိုင်သွားတွေ့တယ်ဆိုတာ ပုဂ္ဂိုလ်ရေးအရပဲ၊ အဖွဲ့အစည်းအရမဟုတ်ဘူး၊ အရင်တုန်းက သူတို့ဟာ ဘုန်းကြီးတပည့်တွေပဲ၊ ဘုန်းကြီးကတော့ စွန့်စားခန်းလုပ်ပြီးတော့ သက်သက်စမ်းကြည့်တာပဲ၊ သူတို့ဖိတ်လို့သွားတယ်ဆိုပေမဲ့ ဖောက်ပြန်ရေးသမားဆိုတာ အပြည့်အ၀ ယုံကြည်လို့ဘယ်ရမှာလဲ၊

- ဗိုလ်နှုတ်ခမ်းမွေးနဲ့ တွေ့ဖြစ်တယ်ဆိုတော့ မြိုင်ကြီးငူဆရာတော်နဲ့ကော သွားတွေ့ ဖြစ်ပါသလား၊
သူက ကော့ကရိတ်မှာ လမ်းပြင်နေတယ်လေ၊ နအဖရဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပေါ့၊ အရင်တုန်းကဆိုရင် သာမညဆရာတော်က အ ကုန်ကျခံပြီးတော့ အဲဒီလမ်းတွေကိုပြင်တယ်၊ လူထုတွေအတွက်ကို အကျိုးမျှော်ကိုးတယ်၊ အခုတလမ်းလုံးက လက်ဖြန့်တောင်းပြီးတော့ ဒီကေဘီအေ ရော။ နအဖ။ ငြိမ်းချမ်းရေးတို့က လမ်းသွားလမ်းလာတွေကို စွန့်ကြဲနိုင်သလောက် စွန့်ကြဲ။ လှူနိုင်သလောက်လှူပေါ့၊ မလှူမနေရဆိုတာက ရေသန့်ဗူး တပုလင်းဆိုရင် (၅၀၀)ကျပ်ပေးရတယ်၊ လမ်းကတော့ သင်္ဃန်းညီနောင်ဘက်ကို ပြန်ထိုးပြီးတော့ ကော့ကရိတ်မြို့ဟောင်းကို ပြန်ပတ်မယ်လေ၊ အဲဒီအာ ရှလမ်းမမှာ ကေအဲန်ယူက ဗိုလ်လှမင်းတို့ကလည်း ကန့်လန့်ကန့်လန့်ဖြစ်နေတော့ အခုဗိုလ်နှုတ်ခမ်းမွေးက ဖြစ်အောင်လုပ်မယ်လို့ ပြောတယ်၊

- လာမယ့် ၂၀၁၀မှာ မြန်မာစစ်တပ်ကနေပြီးတော့ ဒီကေဘီအေတွေကို နယ်ကြား စောင့်တပ်အနေနဲ့ ပြန်ပြီးရပ်တည်ခိုင်းမယ်ဆိုတဲ့ အခြေအနေပေါ်မှာ ရော သူတို့ကို ဘာတွေမေးဖြစ်ပါသေးလဲ၊
သူတို့ဟာ နအဖလက်အောက်ခံ။ နအဖလက်ထဲမှာဆိုတော့ နအဖဟာ ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေးကို ပေါင်းစပ်လို့ရလာတဲ့အခါ နယ်စပ် တပ်ရယ်လို့ လက်လွတ်ပြီးတော့ သူတို့ချည်းပဲ မထားဘူး၊ နအဖတွေက ကြားညှပ်ပြီးတော့ အတိအကျ နေသွားမယ်လေ၊ သူတို့လည်း ဒီနှစ်ပေါင်းကြာကြာသက်တမ်းနဲ့ဆိုရင် တော်တော်သဘောပေါက်နေပြီလေ၊ သူတို့သဘောအတိုင်းလည်း လုပ်လို့မရဘူး၊ ပြီးခဲ့တဲ့ ကရင်နှစ်သစ်ကူးတုန်းကဆိုလို့ရှိရင် ဒီကေဘီအေဘက်က ဇွဲကပင်တောင်ခြေရင်းမှာလုပ်မယ်လို့ခွင့်တောင်းတော့ နအဖရဲ့ခွင့်ပြုချက်မရတဲ့အခါကျတော့ အဲဒါတွေလည်း သူတို့မှာ စိတ်မကျေ မချမ်းတွေ ဖြစ်ကြတာပေါ့၊

- ဒီကေဘီအေက ကရင်ပြည်နယ်မှာရှိတဲ့ ကရင်ပြည်သူတွေနဲ့ အနီးကပ်နေရတယ်ဆိုတော့ လူထုအပေါ်မှာရော သူတို့က ကောင်းရာကောင်းကြောင်း အတွက် အခုလက်ရှိအခြေအနေမှာ ဘာတွေလုပ်ပေးနေလဲ၊ နှစ်တွေလည်း ကြာလာပြီးဆိုတော့လေ၊
သူတို့မှာလည်း လူထုတွေကို စေတနာကရှိတာပေါ့၊ သူတို့ရှိတဲ့အင်အားလေးတွေက အကောင်အထည်သိပ်ပြနိုင်တဲ့ အပိုင်းလေးတွေက အဆင့်ဆင့်ရှိတာပေါ့၊ ကေအဲန်ယူတောင်မှ နှစ် (၆၀)ရှိနေပြီး ကရင့်အမျိုးသားအပေါ်မှာ အကောင်အထည်ပြဖို့နဲ့ အကျိုးပြုဖို့ဟာ အတော့်ကို လက်ညိုးထိုး စရာ မရှိလောက်အောင်ဖြစ်နေတယ်၊ သူတို့က (၁၃)နှစ်သက်တမ်းပဲကိုး၊ ပြောရမယ်ဆိုရင် တော်လှန်ရေးသမားပဲဖြစ်ဖြစ်။ နိုင်ငံရေးသမားပဲဖြစ်ဖြစ် ကရင်ရဲ့အလံတော်အောက်မှာ ကရင့်တမျိုးသားလုံးအတွက် သစ္စာပြုလိုက်ပြီး ဒီလိုဖောက်ပြန်တဲ့ပုဂ္ဂိုလ်တွေ။ အဲဒီမှာပြန်ရောက်တဲ့သူတွေဟာ နအဖ လက်အောက်ခံပဲ၊ မြိုင်ကြီးငူဘုန်းကြီးက ဘာပြောလဲဆိုတော့ သူများထမင်းစားတော့ သူများစကားကိုနားထောင်ရတယ်တဲ့၊ ဒီပုံစံပဲသွားနေတာပဲ၊ သူတို့လုပ်တာတွေက ကောင်းတဲ့အပိုင်းလေးတွေလည်းရှိတာပေါ့၊ သူတို့လုပ်တာတွေက နိုင်ငံရေး။ လူမှုရေးနဲ့မဆိုင်တဲ့ အပိုင်းလေးတွေဆိုရင် စေတီတွေ လျှောက်တည်တာတခုပဲ ဘုန်းကြီးတွေ့တယ်၊ တံတားတွေကတော့ နည်းနည်းပါးပါး လက်လှမ်းမှီသလောက် လုပ်တာပေါ့၊ အဲဒါတွေက သူတို့အကျိုး တွေပါပဲ၊

- ကေအဲန်ယူက အစဉ်အလာရှိတဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြရဲ့သား အငယ်ဆုံးကလည်း အဲဒီမှာသွားပြီး ပူးပေါင်းလိုက်တယ်ဆိုတော့ သူတို့နဲ့အတူ ပါသွားတဲ့အပေါ်မှာ ဘုန်းကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ၊
အပေါ်ယံနဲ့ကြည့်မယ်ဆိုရင် ကေအဲန်ယူကလူ ငြိမ်းချမ်းရေးတို့။ ဒီကေဘီအေတို့နဲ့ ပြန်လည်ပူးပေါင်းတယ်လို့ အဲလိုယူဆလို့မရပါဘူး၊ ဘာဖြစ် လို့လဲဆိုတော့ သူတို့ဟာသူတို့ အပယ်ခံဘ၀ကနေ နှုတ်ထွက်ပြီးသားပဲလေ၊ နှုတ်ထွက်ပြီးသားဆိုတော့ ဒီလူတွေက အဖွဲ့အစည်းထဲမှာ လုံးဝမဟုတ် တော့သည့်အတွက်ကြောင့် လွတ်လွတ်လပ်လပ် သူတို့ကြိုက်သလို သူတို့အယူအဆနဲ့သွားတယ်၊ မောင်တေးလေးကတော့ ဘန်ကောက်ကနေပြီးတော့ တပ်မဟာမှူးထင်မောင်တို့ဘာတို့နဲ့ တွေ့ပြီးပြန်လာတော့ နင့်အပြစ်နင်ဝန်ခံလို့ ဘုန်းကြီးကပြောတာပေါ့၊ အဲဒါကြောင့် သူ့အနေနဲ့က သူ့ကိုရာထူးက နေ ထုတ်ပယ်ချင်ရင်ထုတ်ပယ်ပေါ့၊ အကြောင်းရင်းက မိသားစုအိမ်ထောင်ရေးကိစ္စနဲ့ စိတ်ဂယောင်ခြောက်ခြားဖြစ်သွားတော့ လူမှုရေးကနေပြီး နိုင်ငံရေး ထဲကို ကူးစက်သွားတဲ့ရောဂါတခုပေါ့၊ ဗိုလ်ချုပ်မြသားတယောက် နေပြည်တော်ကို ရောက်သွားတာဆိုတာနဲ့ ဗိုလ်ချုပ်ရဲမြင့်တို့။ တပ်မဟာမှူးထင်မောင် ကို လာစွဲဆောင်တဲ့ ပုဂ္ဂိုလ်နှစ်ဦးတို့က သွားတွေ့တာပေါ့၊

- ဖခင်ကလည်း တကယ့်ပုဂ္ဂိုလ် ထိပ်ပိုင်းခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်ခဲ့တယ်၊ အခုလက်ရှိမိခင်ကလည်း ကရင်အမျိုးသမီးအဖွဲ့အစည်းရဲ့ ဥက္ကဌ လည်း ဖြစ်နေတယ်၊ မိသားစုရဲ့ဂုဏ်။ တော်လှန်ရေးဂုဏ်သိက္ခာတွေကို ထိခိုက်မှုရှိတယ်လို့ ဘုန်းကြီးအနေနဲ့ မြင်ပါသလား၊
ဗမာပြည် ကွန်မြူနစ်ပါတီတုန်းကဆို ဖအေကသားကိုတောင်မှ ပြန်သတ်တာပဲ၊ အဖွဲ့အစည်းတွေမှာလည်း အပေးအယူတွေက မမျှတတာ တွေလည်း အများကြီးရှိတယ်လေ၊ တည့်တည့်ပြောရမယ်ဆိုလို့ရှိရင် ပုဂ္ဂိုလ်ရေးအရ အများကြီးပါတာပေါ့၊ အားနည်းချက်အားသာချက်တွေကို ပြန် လည်သုံးသပ်ဖို့ ကေအဲန်ယူမှာ အများကြီးတာဝန်ရှိတယ်၊ ငြိမ်းချမ်းရေးကောင်စီအနေနဲ့လည်း ပိုပြီးတော့ တာဝန်ရှိတယ်၊ အခုမောင်တေးလေးက ငြိမ်း ချမ်းရေးကောင်စီမှာ ပြန်ရောက်သွားတယ်ဆိုတော့ သူ့ကို တပ်မဟာ(၆) ဖလူးကျေးရွာရဲ့ အနောက်တောင်ထောင့်ဘက်က စိုက်စားပျိုးစားလို့ ကောင်း တဲ့နေရာမှာချထားပြီးတော့ လိုအပ်တဲ့ အကူအညီကားတွေက နအဖက ပံ့ပိုးပေးမယ်လို့ အဲလိုပဲ မောင်တေးလေးကတော့ ဘုန်းကြီးကို ပြောခဲ့တယ်၊ သတင်းတွေက ပုံမှန်ယူလို့မရသေးဘူး၊ အခု အုန်းဖန်မြို့နယ်ရဲ့နယ်စပ် အနောက်ဘက်နည်းနည်းမှာ ပြန်ထားမယ်လို့ ကြားတယ်၊

- အဲဒီဘက်ခြမ်းမှာ ဒီကေဘီအေ (၉၀၇)တပ်နယ်မြေလည်းဖြစ်တယ်ဆိုတော့ ငြိမ်းချမ်းရေးကောင်စီတွေကလည်း ခွဲပြီးတာဝန်ယူကြမယ်ဆိုရင် ကရင် ပြည်နယ်ထဲက ကေပီအက်ဖ်တို့ ဒီကေဘီအေတို့ ငြိမ်းချမ်းရေးကောင်စီတို့ နယ်မြေအနေအထားတွေ ကန့်သတ်ချက်တွေဟာ သူတို့အချင်းချင်းထဲမှာ ပဌိပက္ခများ ဖြစ်မလာနိုင်ဘူးလား၊
ဖြစ်စရာအကြောင်းရှိတယ်လေ၊ စီးပွားရေးနဲ့ပတ်သက်လို့ ပြေလည်တဲ့သူတွေနဲ့ မပြေလည်တဲ့သူတွေနဲ့၊ နယ်မြေပြသနာနဲ့ ပုဂ္ဂိုလ်ရေးပြသနာတွေရှိလာခဲ့ရင် အဖွဲ့အစည်းတခုရဲ့ပြသနာ ပြန်ဖြစ်တာပေါ့၊ တဲ့တိုးပြောရမယ်ဆိုရင် ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ဥပမာပြောရမယ်ဆိုရင် အ ရက်မူးသမားတွေဟာ ပြင်လို့ရတယ်၊ ငွေမူးသမားတွေဟာ လက်တွေ့ပိုင်းမှာဆိုရင် ပြင်လို့သိပ်မရဘူး၊ အခုသူတို့ဟာ ငွေမူးသမားတွေ၊ အဲဒါကြောင့် လွယ်သယောင်ယောင်နဲ့ခက်တယ်၊ သူတို့ရည်ရွယ်ချက်တွေက ကောင်းတဲ့အပိုင်းတွေရှိသလို မကောင်းတဲ့အပိုင်းတွေလည်း ရှိတာပေါ့၊ အဲဒါက ထင်ရှား နေတာပဲ၊ အတွေ့အအကြုံနဲ့ ပြန်သုံးသပ်လိုက်ရင်၊ သူတို့လုပ်တာတွေက လူထုအပေါ်မှာသိပ်ပြီး အကျိုးသက်ရောက်မှုမရှိဘူးလေ၊

- ကေအဲန်ယူက ပဒိုမန်းရှာဆုံးပြီးတဲ့နောက်ပိုင်း ဘုန်းကြီးဆီမှာ နအဖဘက်ကလူတွေ လာသွားတယ်လို့ သိရတယ်၊ အဲဒီအခြေအနေကို နည်းနည်း လောက် ရှင်းပြပေးပါလား၊
ဗိုလ်ချုပ်ရဲမြင့်တို့အဖွဲ့ပေါ့လေ၊ ဗိုလ်ထင်မောင်တို့ကို လာစည်းရုံးတဲ့အဖွဲ့ပေါ့၊ သုံးကြိမ်လေးကြိမ် ၀န်းကျင်လောက်ပဲရှိမယ်လေ၊ နေ့ရက် အတိ အကျတော့ ဘုန်းကြီးလည်း မမှတ်မိဘူး၊ တလှည့်စီလာပြီး ဘုန်းကြီးကိုလာတွေ့တယ်၊ သူတို့ကတော့ ဘုန်းကြီးကို မြန်မာပြည်ဘက်မှာ အေးအေးချမ်း ချမ်း ပြန်သီတင်းသုံးပါ၊ ဘာညာပေါ့၊ အမြဲတမ်းဘုန်းကြီးကို ပြောခြောက်တာက ဒီကေဘီအေထဲက ဖိုးကတုံးတယောက်ရှိတယ်လေ၊ ပဒိုမန်းရှာပြီးရင် ဘုန်းကြီးအလှည့်ပဲတဲ့ သူပြောတယ်၊ သူများခြောက်တိုင်းလည်း ကြောက်လို့မရဘူးလေ၊ ဘုန်းကြီးက အမြဲတမ်း ကားနဲ့သွားလည်း တံခါးဖွင့်တာပဲ၊ ကျောင်းမှာနေလည်း တံခါးဖွင့်တာပဲ၊

- ဘုန်းကြီးအနေနဲ့ကလည်း ရှေ့မှီနောက်မှီ ပုဂ္ဂုလ်တပါးဖြစ်နေတယ်ဆိုတော့ အခုနောက် ဆုံးသွားတဲ့ခရီးစဉ်အပေါ်မှာရော ကရင်တွေရဲ့ကံကြမာကို ဘယ်လိုမျိုး သုံးသပ်မိပါသလဲ၊
ငြိမ်းချမ်းမှုကိုလိုချင်ရင် (၁)ပွင့်လင်းရမယ်၊ (၂)ယုံကြည်မှုကိုတည်ဆောက်ရမယ်၊ (၃)ခွင့်လွတ်ခြင်းဆိုတဲ့ ဒီအချက်သုံးချက်က အဓိကပဲ၊ ငြိမ်း ချမ်းရေးကောင်စီ။ ဒီကေဘီအေနှင့် ကေအဲန်ယူတို့ဟာ ဒီအချက်သုံးချက်ကို ကျင့်သုံးလိုက်ရင် ကရင်ပဲ သွေးက စကားပြောလာမှာပေါ့၊ ဒီသွေးဟာ ကရင့် သွေး၊ ဒီအတ္တခဲလေးတွေကို ဟိုကလည်းဒီကိုအထင်သေး ဒီကလည်းဟိုကိုအထင်သေးနဲ့ ယောင်ချာချာလည်နေတယ်၊ ဒီငြိမ်းချမ်းရေးရဖို့အတွက်က ကေအဲန်ယူအပေါ်မှာလည်း အများကြီးမူတည်တယ်၊ ကရင်အချင်းချင်းတွေဟာ နားလည်မှုလွဲတာတွေ အများကြီးပဲ၊ ဒီကေဘီအေတို့။ ငြိမ်းချမ်းရေးတို့ရဲ့ သွေးဆောင်မှုဟာ တကယ်ပြန်လာခဲ့လို့ရှိရင် ကေအဲန်ယူဟာ ကေအဲန်ယူပဲ၊ တပ်မဟာမှူးထင်မောင်က ဘာပြောလဲဆိုတော့ သူလုပ်နေတဲ့အလုပ်ဟာ ကေအဲန်ယူရဲ့ ငြိမ်းချမ်းရေးကောင်စီတဲ့၊ အဲဒီအယူအဆလေးတွေနဲ့ပဲ အားလုံးဟာ အချိန်ကုန်နေတာပေါ့၊

အပြည့်အစုံသတင်းဖတ်ရန်....

Friday, April 3, 2009

လူထုနှင့် အန်အယ်လ်ဒီ အခြေအနေ ဦးဝင်းတင်နှင့် တွေ့ဆုံမေးမြန်းခန်း


NEJ/မင်းနိုင်သူ / ဧပြီလ(၃) ရက်၊ ၂၀၀၉

(ပြီးခဲ့သည့် လွတ်လပ်ရေးနေ့တွင် အန်အယ်လ်ဒီမှ ကြေညာချက်အမှတ် (၁/၀၁/၀၉) ကို ထုတ်ပြန်ကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်သူ့လွှတ်တော် အမြန်ဆုံးခေါ်ယူ ဖွဲ့စည်းပေးရန်၊ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ၈၈ မျိုးဆက်ကျောင်းသားများပြန်လွှတ်ပေးရန် စသည့်တောင်းဆိုချက်များပါသည့် တောင်းဆိုချက် (၇) ရပ်ကို ထုတ်ပြန်ခဲ့ပြီး လူထုကိုလည်း ပူးပေါင်းပါဝင်ကြရန် ပန်ကြားခဲ့သည်။

ယင်းသို့ထုတ်ပြန်ပြီး နှစ်လတာအတွင်း မည်သည့်အတိုင်းအတာအထိ သက်ရောက်မှုရှိနေပြီဆိုသည်ကို ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူက အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။)

မေး။ ။ ဇန်န၀ါရီ (၄) ရက်က အန်အယ်လ်ဒီပါတီဘက်ကနေ ကြေညာချက်အမှတ် ၁/၂၀၀၉ ကိုထုတ်ပြန်ပြီး အချက် (၇) ချက် တောင်းဆိုခဲ့ပါတယ်ခင်ဗျ။ ဒီတောင်းဆိုမှုတွေကိုလည်း လူထုကို ထောက်ခံဖို့ မေတ္တာရပ်ခံထားတာလည်း ရှိပါတယ်။ လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေလည်း စခဲ့ပါတယ်။ အခု ဒီတောင်းဆိုမှုဟာ နှစ်လရှိခဲ့ပြီဆိုတော့ လူထုရဲ့ ထောက်ခံမှုက ဘယ်လိုရှိပါသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ အဲဒါလုပ်တုန်းပဲဗျ။ မမှန်သေးဘူးဗျ။ တချို့ဟာတွေက မပို့နိုင်သေးဘူး။ ကျနော်တို့် CEC ကို တက်မလာသေးဘူး။ လူငယ်တွေက လုပ်နေတာဗျ။ နယ်တွေမှာတော့ တော်တော်များများတော့လုပ်ကြတယ်။ တချို့နယ်တွေမှာဆိုရင် ငါးထောင်လောက်စုမယ်ဆိုပြီး လုပ်တဲ့ဟာတွေရှိတယ်။ ဆိုတော့ အဲဒါတော့ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ ကျနော်တို့ကောင်းကောင်းတော့မသိဘူးဗျ။ ဒါကို လူငယ်ကို လုံးဝလွှဲထားလိုက်တာကိုး။ လူငယ်ရဲ့ movement လိုဖြစ်နေတာပေါ့။ သူတို့ဆီမှာပဲ စာရင်းအင်းတွေရှိတယ်။

မေး။ ။ ကျနော်တို့ကြားသိရသလောက်ပေါ့လေ။ တချို့နယ်တွေမှာတော့လည်း ဒီလက်မှတ်ရေးထိုးလှုပ်ရှားမှုတွေကို မသိကြဘူး။ မြို့နယ်ထဲမှာလည်း မကြားမိပါဘူးဆိုပြီး ပြောနေကြတာတွေရှိပါတယ်။ ဆိုတော့ လုပ်နိုင်မှုအတိုင်း အတာ ဘယ်လောက်ထိရှိပါသလဲခင်ဗျ။

ဖြေ။ ။ အဲဒါ လုပ်တော့လုပ်နေကြပါတယ်။ အဖွဲ့အစည်းထဲမှာ တချို့လူတွေက သိပ်ပြီးမလုပ်ချင်တဲ့ဟာတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ထပ်ပြီးတော့ မေးတော့ မေးပါမယ်ဦးဗျာ။ အခုဟာက လူငယ် movement အနေနဲ့ လူငယ်တွေကို လွှဲပေးထားတာကိုး။ CEC ကို သူတို့က မတင်သေးဘူးလေ။ ကျနော်တော်ထင်တယ်ဗျာ။ အခုကိစ္စကတော့ တချို့နယ်တွေမှာလည်း စိုးရိမ်စိတ်တွေ ရှိနေကြတယ်ဗျ။ ဒါကြောင့် ခင်များတို့မေးလိုက်တဲ့ လူတချို့က လှီးလွဲပြီး ပြောလိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူငယ်ကတော့ လုပ်တော့လုပ်နေတယ် ဗျ။ တချို့နေရာတွေမှာတော့ တော်တော်ထက်ထက်သန်သန်လုပ်တယ်ပေါ့ဗျာ။ တချို့နေရာတွေမှာတော့ လျော့တယ်ပေါ့။ ဒီလိုလည်း ရှိမှာပေါ့။

မေး။ ။ ဟုတ်ကဲ့ ။ ဒီလိုလက်မှတ်ကောက်ယူမှုတွေ လုပ်ပြီးတဲ့အခါမှာ ဒီဟာတွေကို အန်အယ်လ်ဒီဘက်က ဘယ်လိုစီမံသွားမှာပါလဲ ခင်ဗျ။

ဖြေ။ ။ နောက်ဆုံးမှာ ကုလသမဂ္ဂကို ပို့မယ်လို့ ရည်ရွယ်ထားတယ်ခင်ဗျ။ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ဆိုတာ ခဏခဏတောင်းဆိုခဲ့တဲ့ဟာ။ နိုင်ငံအတော်များများကလည်း တောင်းဆိုနေတဲ့ဟာ။ ဆိုတော့ ဒီကိစ္စကတော့ရှိနေမှာပဲဗျ။ ဒီကိစ္စဟာ အခုမှစတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ဘူး။ လူငယ်တွေလည်း လုပ်ငန်းရှိအောင်၊ လူငယ်လှုပ်ရှားမှုတွေလည်း လုပ်ပါစေဆိုပြီး ကျနော်တို့က တိုက်တွန်းလိုက်တာ။ တကယ်တော့ ကျနော်ထင်တယ်။ ပြည်တွင်းမှာလည်း ဒီကိစ္စလုပ်ရတာ အခက်အခဲရှိတယ်။ နယ်တွေမှာလည်းဗျာ လူထုကို ခြိမ်းခြောက်မှုတွေ၊ ကန့်သတ်မှုတွေ၊ အကျပ်ကိုင်မှုတွေက တော်တော်များတယ်ဗျာ။ တော်တော်ကို ပြင်းထန်တယ်ဗျာ။ အခုလို ရွေးကောက်ပွဲနီးလာချိန်မှာ သူတို့ဟာသူတို့လုပ်ပါစေ။ အစိုးရက ကြားနေမယ်ဆိုတာမျိုး ဆိုရင်တော့ တမျိုးဗျ။ အခုဟာ သူတို့ကိုယ်တိုင်ကနေပြီးတော့ (၂၅) ရာခိုင်နှုန်း ယူထားရုံတင်မကသေးဘူး ပြိုင်ဘက်ပုံစံမျိုးလုပ်နေတော့။ ပြည်တွင်းမှာ အကျပ်အတည်းတွေက ပိုများလာတယ်ဗျ။ ဗိုလ်သန်းရွှေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ခြိမ်းခြောက်တာ။ နိုင်ငံရေးသမားတွေကို ခြိမ်းခြောက်တာ။ အပြတ်ပြောတဲ့ပုံစံမျိုးတွေ ပြောလာတဲ့အခါကျတော့ လူထုကြားထဲမှာ တော်တော်ကို ခက်တဲ့ အနေထားမျိုးတွေ ဖြစ်တယ်။ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ နောက်ပိုင်း သူတို့ကပါဝင်ပတ်သက်ရတော့မယ့် လူတွေမဟုတ်ဘူးဗျ။ မပါဝင်မပတ်သက်ရင် တမျိုးပေါ့။ အခုဟာ သူတို့က (၂၅) ရာခိုင်နှုန်းယူထားတဲ့အပြင် ပါဝင်ပတ်သက်တဲ့လူ။ အခု သူတို့ပါတီတွေ ထောင်ကြမယ်ဗျာ။ နောက်တခါသူတို့ရဲ့ တသီးပုဂ္ဂလအင်အားတွေကို စုနေတယ်ဗျာ။ ဆိုတဲ့အခါကျတော့ နိုင်ငံရေးကို ဘက်ပေါင်းစုံကနေ ထိုးနေတာဗျ။ အဲဒါတွေအတွက်လည်း လှုပ်ရှားမှုတွေအတော်များများ သူတို့က လုပ်တယ်ဗျ။ ကျနော့်အထင်တော့ တပြည်လုံးအတိုင်းအတာနဲ့ အကြီးအကျယ်လုပ်ဖို့ဆိုတာထက် တိုင်းနဲ့ ပြည်နယ်တွေမှာ group လိုက် group လိုက် ပါတီတွေထောင်ဖို့ လုပ်မယ်။ အဲဒီပါတီလေးတွေက တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ စည်းရုံးနိုင်အောင် လုပ်မယ်။ နောက်တခုကတော့ တသီးပုဂ္ဂလတွေကို စည်းရုံးပြီးတော့ တသီးပုဂ္ဂလတွေကို ပါတီဝင်ခိုင်းတာတွေလုပ်မယ်။ ဟိုတနေ့ကကြားလိုက်ပါတယ် UMFCCI က လုပ်ငန်းရှင်တွေကို နိုင်ငံရေးနဲ့ ပါဝင်ပတ်သက်ခြင်းမပြုရဆိုတဲ့ စည်းမျဉ်းတွေ၊ constitution တွေကိုလည်း သူတို့ ပြင်လိုက်ပြီဗျ။ အဲဒီလို တသီးပုဂ္ဂလတွေကို လုပ်ခြင်းအားဖြင့်ပေါ့ဗျာ။ စီးပွားရေးသမားတွေ၊ ရပ်မိရပ်ဖတွေကို အတိုက်အခံအင်အားစုဘက် ယိုင်မသွားအောင် သူတို့က သိမ်းကျုံးသွင်းနေတာဗျ။ ဆိုတော့ ကျနော်ပြောချင်တာက ပြည်တွင်းမှာ တော်တော်ကို ကျပ်တည်းတယ်ဗျ။ စောစောက လက်မှတ်ထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် နယ်တွေမှာလည်း ခြိမ်းခြောက်မှု တွေရှိတယ်။ ဒါတွေကိုသူတို့မကြိုက်ဘူး။ ဒီလက်မှတ်ထိုးတဲ့ campaign မျိုးကို သူတို့က တော်တော်ကို မကြိုက်တာပါ။ နယ်တွေမှာလည်း အကျပ်အတည်းကြားက လုပ်နေကြပါတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ အာဏာပိုင်တွေဘက်က ဒီလိုဖိနှိပ်မှုတွေကလည်း ရှိနေတယ်ပေါ့လေ။ တဘက်မှာကလည်း ကျနော်တို့ ကြားသိရသလောက်က လူထုစီးပွားကျဆင်းလာနေပါတယ်။ လူထုကြားထဲမှာ အစိုးရအပေါ် မကျေနပ်ချက်တွေကလည်း များနေပါတယ်။ ဒီလိုအချိန်မှာ အန်အယ်လ်ဒီဘက်က လူထုအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ဦးဆောင်မှုတွေ ပေးနိုင်မလဲခင်ဗျ။

ဖြေ။ ။ ဒီလိုရှိတယ်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သာမန်အားဖြင့် ပြောမယ်ဆိုရင် ဒီလိုအချိန်မျိုး လူထုအတွင်းမှာ မကျေနပ်မှုတွေ များနေချိန်မျိုးမှာ နိုင်ငံရေးအဖွဲ့အစည်းတခုဟာ လှုံ့ဆော်၊ လှုပ်ရှားတဲ့ ပုံစံမျိုးနဲ့ သွားဖို့ ကောင်းတယ် ပေါ့ဗျာ။ သို့သော် ဖြစ်နေတာက အန်အယ်လ်ဒီအနေနဲ့က အဲလိုလုပ်လို့က ရနိုင်တဲ့ အနေအထားမှာ မရှိဘူးဗျ။ လူထုမှာ ပိုပြီးတော့ ဒုက္ခရောက်မယ်။ အဖွဲ့အနေနဲ့ တော်တော်လှုပ်ရှားရတာခက်ပါတယ်။ အန်အယ်လ်ဒီမှာရှိတဲ့ ခေါင်းဆောင်ပိုင်းကလည်း policy-making approach လို့ ခေါ်တာပေါ့ဗျာ။ ဒီပုံစံနဲ့ ကုလသမဂ္ဂကိုပြောမယ်။ အခါအားလျော်စွာပေါ်ပေါက်လာတဲ့ နေ့တွေမှာ တောင်းဆိုချက်တွေထုတ်တာ။ ဒီလိုဟာတွေပဲများနေတယ်။ တကယ့်ကို activity ဖြစ်တဲ့ လူထုကြားထဲ တိုးဝင်ပြီးတော့ လူထုကို လှုံ့ဆော်လှုပ်ရှားတဲ့ approach မျိုးက တော်တော်ကို အားနည်းတယ်ဗျာ။ ကျနော့်သဘောကတော့ အဲလိုလှုပ်ရှားရတာ ၀ါသနာပါလည်းပါတယ်။ လုပ်လည်းလုပ်ချင်တယ်ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ နောက်ထပ်အချိန်သိပ်မရှိဘူး။ ကျနော်တို့မှာ policy-making ပုံစံနဲ့ ဆက်သွားဖို့ဆိုတာလည်း ကုန်နေပြီဗျ။ လက်ကုန်နှိုက် ပြီးပြီ။ ဘာမှ သိပ်မထူးခြားဘူး။ ဥပမာဆိုပါတော့ အခါအားလျော်စွာပေါ်လာတဲ့ အမေရိကန်ရဲ့ change လိုဟာမျိုး အဲလိုဟာမျိုးလောက်ပဲကြည့်ပြီး တော့ ကျနော်တို့က တိုက်တွန်းဖို့ လှုံ့ဆော်ဖို့ ဒီလောက်ပဲရှိတယ်။ ဒီလို တိုက်တွန်းနေရုံနဲ့ အခါအားလျော်စွာ တောင်းဆိုချက်တွေထုတ်နေရုံနဲ့တော့ သိပ်မထူးဘူးလို့ ကျနော့်သဘောအရတော့ မြင်တယ်ပေါ့ဗျာ။ သို့သော် ခက်တာက အဖွဲ့အစည်းရဲ့ ပုံသဏ္ဌာန်ဆိုတာက အဖွဲ့အစည်းမှာ အများရဲ့ဆန္ဒကို လွန်ဆန်လို့မရဘူးလေ။ အများနဲ့ ညှိနှိုင်းပြီးလုပ်ကြရတာလေ။ ကျနော်တို့ကတော့ တိုက်တွန်းနေတယ်။ နည်းနည်းတော့ ကျနော်တို့ရဲ့ လုပ်ငန်းတွေ က dynamic ဖြစ်ဖို့ကောင်းတယ်။ dynamic ဖြစ်ဖို့ တိုက်တွန်းနေပေမယ့်လို့ ကျနော်ကိုယ်တိုင်ကလည်း အသက် (၈၀) ဖြစ်နေတဲ့အခါကျတော့ ကျနော်ကိုယ်တိုင်ကလည်းပဲ သိပ်ထက်ထက်သန်သန်ကြီး ဦးဆောင်နိုင်တဲ့ အနေအ ထားမှာမရှိတာတော့ အမှန်ပဲဗျ။ သို့သော် ကျနော်လူကြီးတွေကိုလည်း တိုက်တွန်းနေတဲ့အခါမှာ သူတို့ကလည်း သူတို့ဘက်ကနေ ကျနော်တို့မသိတဲ့ နှစ်ပေါင်းနှစ်ဆယ်လောက် ကာလ အတွေ့အကြုံတွေ ဘာတွေပြောပြတယ်ပေါ့ ဗျာ။ ဆိုတော့ကာ သူတို့ကလည်း ဒီသူတို့တွေ့ကြုံထားရတဲ့ အတွေ့အကြုံခွင်ထဲက မထွက်ချင်ဘူး။ ကျနော်တို့က လည်း ဘယ်လိုဖြစ်လဲဆိုတော့ တိုက်ပွဲခွင်ထဲ ၀င်ချင်တယ်ပေါ့ဗျာ။ အဲလို အနေအထားမှာရှိတယ်ဗျ။ အဲဒါကို အစိုးရကနေ အမှန်အတိုင်းပြောရရင် ကျနော်တို့ကို လွှတ်လိုက်တာဟာ ကျနော်ထင်တယ် အန်အယ်လ်ဒီဘက်မှာ အကွဲအပြဲဖြစ်အောင် လုပ်ချင်တဲ့ သဘောရှိပုံပေါ်တယ်ဗျ။ စေတနာလေးရှိပုံပေါ်တယ်။ ဒါမို့ ကျနော်တို့က စိတ်ထိန်းရတယ်။ တတ်နိုင်သမျှ စိတ်ထိန်းပြီးတော့ ဒီလူကြီးတွေပေါ့ဗျာ။ သူတို့မှာလည်း အတွေ့အကြုံရှိပါတယ်။ သူတို့အတွေ့အကြုံတွေကလည်း အဖိုးတန်တယ်လို့လည်း ပြောနိုင်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်လောက် အခက်အခဲ တွေကြားက ရပ်ခဲ့ကြရတာကိုး။ သူတို့တွေ စဉ်းစားနိုင်သလို ကျနော်တို့လည်း စဉ်းစားနိုင်ပါတယ်။ ကျနော်တို့လည်း စစ်ဗိုလ်မှ မဟုတ်ဘဲကိုး။ ကျနော်တို့လည်း သတင်းစာမှာလုပ်လာခဲ့တဲ့အတွက် နိုင်ငံရေးအနုစိတ်ကိစ္စများမှာ စဉ်းစားနိုင်တဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ သို့သော် တဘက်မှာလည်း တိုင်းပြည်မှာ ဒီလိုငြိမ်ခံနေလို့တော့ မဖြစ်ဘူးဆိုပြီးတော့လည်း ကျနော်တို့က ယူဆတယ်ပေါ့ဗျာ။ အခုလက်ရှိ အန်အယ်လ်ဒီရဲ့ အနေအထားက လုပ်ဖို့ကောင်းတာက အခုခင်များတို့ မေးသလိုပေါ့ဗျာ။ လူထုကို ဦးဆောင်နိုင်ဖို့လိုတယ်။ လှုံ့ဆော်နိုင်ဖို့လိုတယ် ဆိုတာမျိုးတွေ လုပ်ဖို့ကောင်းတယ်။ အန်အယ်လ်ဒီဟာ တစုံတရာဦးဆောင်မှုပေးနိုင်ရမယ်။ ဒါကတပိုင်း။ တပိုင်းကလည်း နိုင်ငံရေးအနုစိတ်ကလေးတွေပေါ့ဗျာ။ အမေရိကန်ရဲ့ ပုံသဏ္ဌာန်။ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အရွေ့အလျား၊ အီးယူရဲ့ အယူအဆ ဒီလိုဟာတွေနဲ့ ဆက်စပ်ပြီး သံခင်းတမန်ခင်း ပုံသဏ္ဌာန်မျိုးနဲ့ ဦးဆောင်ဖို့ ဆိုတဲ့ဟာလည်းရှိတယ်။ အဲဒီနှစ်ခုကြားထဲမှာ ကျနော်တို့ ဘာလုပ်မလဲဆိုတဲ့အနေအထား ဖြစ်နေတာ ပေါ့ဗျာ။ ကောင်းပြီ ကျနော်တို့ ဦးဆောင်ပြီဟေ့ တခုခုလုပ်ကြပြီဟေ့ဆိုလည်း ကျနော်တို့ အောက်ခြေအဖွဲ့အစည်းက အားနည်းနေတယ်ဗျ။ တပြည်လုံးအခြေအနေ ခြုံကြည့်တဲ့အခါကျတော့ ကျနော်တို့က အောက်ခြေတွေမရှိဘူးဗျ။ အခုဟာ ခေါင်းပိုင်းတင် ရှိပြီးတော့ ခေါင်းပိုင်းမှတကယ့်ခေါင်းပိုင်း၊ တနေ့မှ ရုံးထဲမှာ လူငါးဆယ်လောက် ၀င်ထွက်သွားလာနေကြတာပေါ့ဗျာ။ ဆိုတဲ့အခါကျတော့ လူထုကို ဦးဆောင်မှုပေးတယ်ဆိုတာ ရှင်းရှင်းပြောရရင် အောက်ခြေအဖွဲ့တွေရှိမှသာ စည်းရုံးပြီးသားဖြစ်မှသာ လုပ်နိုင်တဲ့ အနေအထားကိုးဗျ။ ရန်ကုန်မြို့ တခုတည်းတင် CEC တချို့လေးတင် ထအော်နေလို့ မရဘူးလေ။ ကျနော်တို့မှာလည်း အဲလိုမျိုး ချိန်ရတာမျိုးလေးတွေ ရှိတယ်ဗျ။ သို့သော် တခုရှိတာက ကျနော်တို့ကလည်း တိုက်တွန်းထားတာပဲဗျာ။ လူထုကိုယ်တိုင်က အလုပ်လုပ်ကြပါ။ ကျနော်တို့ကလည်း လူထုကို အားကိုးတယ်ဆိုပြီး ထုတ်ပြောတဲ့ဟာတွေ ရှိပါတယ်။ ဆိုတော့ ဒီအခြေအနေဟာ တကယ့်ကို ဆိုးတာလည်း အမှန်ပဲဗျာ။ စီးပွားရေးဟာ တကယ့်ကို ဆိုးတဲ့ အခြေအနေမှာ ရောက်နေတာလည်း အမှန်ပဲဗျ။ အခုဟာက center point ကိုရောက်နေတယ်။ အခြားဘက်များကူးလာရင်တော့ အုံကြွဖို့ဆိုတာ ဖြစ်နိုင်တယ်။ သို့သော် အုံကြွဖို့ဆိုတာ ဦးဆောင်မှုကဏ္ဍပါရမယ်ဗျ။
http://www.khitpyaingnews.org/interviews/April_09/3-4-09.php

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, March 26, 2009

ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား(အင်တာဗျူး)

ကိုဝိုင်း
ချင်းမိုင် (မဇ္ဈိမ)။ ။ ယနေ့ မြန်မာ့တပ်မတော်သည် တပ်မတော် ဖခင်ကြီးဟု ခေါ်ဝေါ်ဂုဏ်ပြုခြင်း ခံခဲ့ရသူ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် “ပြည်သူ့အကျိုးပြု၊ ပြည်သူ့အကျိုးဆောင်” တပ်မတော်မဟုတ်ဘဲ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေသည့် တပ်မတော်သာ ဖြစ်နေကြောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက မဇ္ဈိမကို ယနေ့ ပြောသည်။

တပ်မတော်သည် အနာဂတ်မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရမည်ဆိုသည့် လက်ရှိ တပ်မတော် အကြီးအကဲများ၏ အကြံအစည်ကိုလည်း သူက သဘောမတူကြောင်း ပြောဆိုသည်။

၂ဝဝ၉ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် ၆၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သဖြင့်၊ ယနေ့ခေတ် လူငယ်လူရွယ်များ ဖက်ဆစ်တော်လှန်ရေးနေ့ ပေါ်ပေါက်လာပုံကို တစေ့တစောင်း လေ့လာသိရှိနိုင်စေရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောထံ ဆက်သွယ်မေးမြန်းရာတွင် သူက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၇ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တပ်မတော်နှင့် နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား ပြည်သူများ ညီညွတ်စွာ လက်တွဲ၍ ဖက်ဆစ်ဂျပန်တို့အား စစ်ကြေညာခဲ့သည့် သမိုင်းဝင် နေ့တနေ့ဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်ကမူ ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ကာ စစ်အင်အားစု ပြရုပ်အဖြစ် ဆင်ယင်ကျင်းပလေ့ရှိခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးနေ့ သမိုင်းနှင့် ပတ်သက်၍လည်းကောင်း၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို မည်သို့သော ရည်ရွယ်ချက်များဖြင့် ထူထောင်ခဲ့သည်ကိုလည်းကောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ပြောဆိုချက်များကို တင်ပြလိုက်ပါသည်။

ဖက်ဆစ်ဂျပန်တွေကို တော်လှန်တဲ့ ရက်ကို မတ်လ ၂၇ ရက်နေ့အဖြစ် သတ်မှတ်ရပုံ အဖြစ်အပျက်တွေကို ဒီနေ့ခေတ် လူငယ် လူရွယ်တွေ သိရအောင် ပြန်ပြောပြပေးပါလားခင်ဗျာ။

ဂျပန်ကိုတော်လှန်ဖို့ ဖွဲ့ထားတဲ့ တော်လှန်ရေးကောင်စီက ဗိုလ်ချုပ်အောင်ဆန်းကို တော်လှန်ဖို့၊ ရက်သတ်မှတ်ဖို့ တာဝန်ပေးထားလို့ ဗိုလ်ချုပ်က အားလုံး အဆင်သင့်ဖြစ်မယ့် ၁၉၄၅ ခုနှစ် ဧပြီလ ၂ ရက်နေ့၊ ည ၇ နာရီကို သတ်မှတ်ထားပါတယ်။

အဲဒီအတောအတွင်းမှာပဲ စစ်ရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တချို့တပ်မှူးတွေက မိမိတို့ရဲ့ အိမ်ထောင်တွေကို ဟိုပို့ ဒီပို့၊ ဟိုရွှေ့ ဒီရွှေ့တွေ လုပ်လာပါတယ်။ ဒီတော့ ရန်ကုန်မြို့နဲ့ ပဲခူးမြို့ လူထုအတွင်းမှာ ဗမာ့တပ်မတော်က ဂျပန်တွေကို တော်လှန်တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းအစအနတွေ ထွက်လာပါတယ်။

အဲဒီသတင်းကို ကျနော်တို့တတွေရတော့ တိုင်း ၄ စစ်ကော်မတီ အစည်းအဝေးကို ချက်ချင်း ခေါ်ယူလိုက်ပါတယ်။ အဲဒီသူတွေကတော့ သခင်ချစ်၊ ဗိုလ်သိန်းတင်၊ ဗိုလ်ဗတင်၊ ဗိုလ်အောင်ရွှေ (ယခု NLD ဥက္ကဋ္ဌ) နဲ့ ကျနော်တို့ ဖြစ်ကြပါတယ်။ အဲဒီ အစည်းအဝေးက တော်လှန်မယ့်ရက် ဧပြီ ၂ ရက်မတိုင်ခင် သတင်းပေါက်ကြားနိုင်တယ်လို့ ယူဆပြီး၊ သတင်းပေါက်ရင် ဂျပန်က လက်ဦးမှုရသွားရင် ဂျပန်တော်လှန်ရေးကြီး တခုလုံး ထိခိုက်သွားမှာကို စိုးရိမ်မိကြပါတယ်။

ဒီလို သတင်းပေါက်ကြားရင် ဂျပန်တွေက ဗမာ့တပ်မတော် စစ်ရေးခေါင်းဆောင်တွေကို ချက်ချင်း ဖမ်းတာ၊ ဗမာတပ်တွေကို လက်နက်ဖြုတ်တာတွေ လုပ်နိုင်ပါတယ်။ ဂျပန်ရဲ့ သေနင်္ဂဗျူဟာ အရန်တပ်ဖွဲ့ဟာလည်း ရန်ကုန်နားက “အင်းတိုင်” မှာ တပ်စွဲထားလို့ ပဋ္ဌမဆုံးခံရမယ့် ဗမာ့တပ်တွေဟာ ရန်ကုန်၊ ပဲခူး တဝိုက်က ကျနော်တို့ တပ်ဖွဲ့ပဲ ဖြစ်ဖို့များပါတယ်။

ဒါကြောင့် တော်လှန်မယ့်ရက်ကို ဧပြီ ၂ ရက်ထက် စောပြီး ဗိုလ်ချုပ်နဲ့ ကျန်တပ်ဖွဲ့ အသီးသီးဆီ သတင်းအစောဆုံး ရောက်နိုင်တဲ့ရက် မတ်လ ၂၇ ရက်၊ ည ၇ နာရီမှာ စတင်ဖို့ ဆုံးဖြတ်ပြီး စစ်တိုင်း အသီးသီးဆီ ဆက်သားတွေ လွှတ်ပြီး ရက်အပြောင်းအရွှေ့ကို အကြောင်းကြားတာမှာ အားလုံး အချိန်မီ ရောက်သွားကြလို့ ဂျပန်တော်လှန်ရေးကြီးကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့၊ ည ၇ နာရီမှာ တပြည်လုံးမှာ ကျနော်တို့က လက်ဦးမှု ရှိစွာနဲ့ အောင်မြင်စွာ စတင်ခဲ့ကြပါတယ်။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့၊ ည ၇ နာရီအချိန်မှာ ကျနော်က ပဲခူးမြို့တွင်းက စစ်ရေးပြကွင်းအတွင်းမှာ တပ်အားလုံး တပ်ထွက်ဖို့ တန်းစီစုဝေးစေပြီး အခုအချိန်ကစလို့ ဗမာပြည်သူများနဲ့ ဗမာ့တပ်မတော် တရပ်လုံးက ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်ကြပြီလို့ ကျနော်က ကြေညာပြီး ဗိုလ်ချုပ်ရဲ့ ဂျပန်စစ်တပ်အပေါ် စစ်ကြေညာစာတန်းကို ဖတ်ပြပါတယ်။ ပြီးနောက် နဂို ကြိုတင် စီစဉ်ထားတဲ့ နေရာဒေသအသီးသီးကို လူစုခွဲ ချီတက်ကြပါတော့တယ်။

ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို စဖွဲ့ခဲ့တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုရှိပါသလဲခင်ဗျာ။

၁၃ဝဝ ပြည့် ကျောင်းသားအရေးတော်ပုံကြီးကို နယ်ချဲ့အင်္ဂလိပ်တို့က အကြမ်းဖက် ဖြိုခွဲလိုက်ပြီးနောက် အဲဒီခေတ် ဗမာအမျိုးသားနိုင်ငံရေး ခေါင်းဆောင်များအကြား ဗမာ့လွတ်လပ်ရေးကို လက်နက်နဲ့ တိုက်ခိုက်မှ ရတော့မယ်ဆိုတာ သဘောပေါက်လာကြပါတယ်။ အဲဒီအတွက် ဗမာအမျိုးသား လက်နက်ကိုင်တပ် ထူထောင်ဖို့ ဗိုလ်ချုပ် အပါအဝင် ခေါင်းဆောင်များက စဉ်းစားပြီး၊ နိုင်ငံခြား အကူအညီရှာဖို့ ဗိုလ်ချုပ် ပြည်ပသို့ ထွက်ခဲ့တာပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို ထူထောင်စဉ်က ထားခဲ့တဲ့ သဘောထား ၄ ရပ်ရှိပါတယ်။ အဲဒါတွေကတော့ -

၁။ နိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော်

၂။ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့ တပ်မတော်

၃။ နိုင်ငံရေးမှာ ဝင်မစွက်တဲ့ တပ်မတော်နဲ့

၎။ တိုင်းပြည်နဲ့ ပြည်သူ့အကျိုးလိုလားတဲ့ တပ်မတော် ဆိုတာတို့ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးရင်လည်း နိုင်ငံကို ကာကွယ်ဖို့အတွက် ခေတ်မီတဲ့ တပ်မတော်တရပ်ကို ထူထောင်နိုင်ဖို့ မျှော်မှန်းခဲ့ပါတယ်။

တိုင်းပြည်တပြည်မှာ တပ်မတော်တရပ်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက် အရေးကြီးပါသလဲ။ ဘာကြောင့် အရေးကြီးတယ်လို့ ယူဆပါသလဲ ခင်ဗျာ။

တိုင်းပြည်တိုင်းမှာ တပ်မတော်ဟာ ရှိရမှာပါ။ အဲဒီတပ်မတော်ဟာ တိုင်းပြည်ရဲ့ ကာကွယ်ရေးကို တာဝန်ယူရမှာဖြစ်ပြီး ပြည်သူ့အကျိုးကိုလည်း သည်ပိုးဆောင်ရွက်တဲ့ တပ်မတော်ဖြစ်ရပါမယ်။ အထက်မှာ ပြောထားတဲ့ သဘောထား ၄ ရပ်ဟာ ပြည်သူ့တပ်မတော်တရပ်ရဲ့ ကြန်အင်လက္ခဏာတွေ ဖြစ်ပါတယ်။

ဒီကနေ့ စစ်အာဏာရှင် အဆက်ဆက်လက်အောက်က တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းတည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ တူပါသလား။ ကွာခြားချက် တစုံတရာ ရှိပါသလားခင်ဗျာ။

ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ အခု စစ်အာဏာရှင်စနစ်ကို ကာကွယ်နေတဲ့ တပ်မတော် ဘာကွာခြားသလဲဆိုတာကို တိုတိုနဲ့ ရှင်းရှင်းပြောရရင် ပြည်သူတွေပေါ်မှာ ထားတဲ့ သဘောထားမှာ ကွာခြားတာပါ။

ဗိုလ်ချုပ်ဟာ နယ်ချဲ့ဗြိတိသျှတို့လက်အောက်က ဗမာပြည်သူတွေ လွတ်မြောက်ပြီး ချမ်းသာကြွယ်ဝအောင် လက်နက်ကိုင် တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ ပြည်သူ့အကျိုးပြု၊ ပြည်သူ့အကျိုးဆောင် တပ်မတော်ဖြစ်ရေးကို ရည်ရွယ်ခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကျဆုံးသွားပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးလည်း ပြိုကွဲသွားတဲ့အောက်မှာ ပြည်တွင်းစစ်ကြီး ဖြစ်လာပါတယ်။ ဗိုလ်နေဝင်းဟာ ဒါကို အခွင့်ကောင်းယူပြီး တပ်မတော်ကို ပြည်တွင်းစစ်ထဲ နှစ်မြှုပ်လိုက်ပြီး၊ တပ်ကို တလက်ကိုင် ကြေးစားတပ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ပြီးတော့ စစ်အာဏာရှင်စနစ် တည်ထောင်လိုက်ပါတော့တယ်။ သူတို့ကတော့ ပြည်သူကို ရန်သူ သဘောထားပါတယ်။ ကျေးလက်ဒေသတွေ၊ လူမျိုးစုဒေသတွေမှာ ရက်စက်ရုံမက အခု မြို့ပေါ်က လူထုတွေကိုရော အခုနောက်ဆုံး သံဃာတော်တွေကိုပါ ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေကို တွေ့နေရပါပြီ။ အဲဒီလို ကွာခြားတာပါ။

အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဟာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်ရမယ်ဆိုတဲ့ အယူအဆအပေါ် ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။

အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဟာ ဦးဆောင်မှုအခန်းက ပါဝင်မယ်ဆိုတာကို ကျနော် လုံးဝ သဘောမတူပါဘူး။

ဒါဟာ နအဖ စစ်တပ်က တိုင်းပြည်နဲ့ လူထု ဘာပဲဖြစ်နေနေ မိမိတို့ အာဏာ လက်မလွှတ်ရရေးဘဲ စဉ်းစားပြီး၊ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆက်အသက်ဆက်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဒုက္ခအဖုံဖုံဟာ ဒီစစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံပါတယ်။ ကျနော်ဟာ တိုင်းပြည်ကို ဒီလောက် ဒုက္ခပေးနေတဲ့ ဒီစစ်အာဏာရှင်စနစ်ကို နည်းသဏ္ဍာန်မျိုးစုံနဲ့ တိုက်ပွဲဝင်ခဲ့သူပါ။ ဒီစနစ် မကျမဆုံးမချင်း ကျနော် အသက်ရှင်နေသရွေ့ ဆက်တိုက်သွားဦးမှာ ဖြစ်ပါတယ်။ ဒါဟာ ကျနော့်ရဲ့ သဘောထားပါ။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, February 21, 2009

ဒေါက်တာစင်သီယာမောင်အား မယ်တော်ဆေးခန်း အနှစ် ၂၀ ပြည့်နှင့်စပ်လျဉ်း ၍ မေးမြန်းခြင်း

STYMgtw23

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်