Monday, January 19, 2009

နောက်ကွယ်ကအကြောင်းတရားတွေ...(NUG နဲ့ ဦးမောင်မောင် ဘာလဲ ဘယ်လဲ)

MPU က ၂၀၀၈ ဖေဖော်ဝါရီ ညီလာခံမှာ NCGUB အစိုးရကို တိုးချဲ့မယ်၊ ၂၀၀၈ နှစ်ကုန် ၂၀၀၉ နှစ်ဆန်းမှာ လက်တွေ့တိုးချဲ့မယ် လို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါဖြင့်ရင် ဘာကြောင့် ဦးမောင်မောင် ဂိုဏ်းက ဇန်နဝါရီ ၁ ရက်နေ့မှာ ကြေညာချက်ထုတ်၊ YouTube အင်တာဗျူးတွေလွှင့် လုပ်ရတာလဲ။ အဖြေက တော့ ပြည်ပနိုင်ငံရေးတခုလုံးကို လက်ဝါးကြီးအုပ်ပြီး သူ့ခြေ သူ့လက် လုပ်ချင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် နအဖလိုပဲ ၁၉၉၀ mandate ပစ်ပယ်ရေး ပြောလာတာဖြစ်ပါတယ်။

NCUB ထဲမှာ NUG ကိစ္စလို အထူးအရေးကြီးပေါ်လစီကိစ္စကြီးဟာ ညီလာခံလိုမျိုးကနေ ချမှတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ NCUB သဘာပတိအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ တခုလုံးမျက်နှာစုံညီစည်းဝေးပြီး ဆုံးဖြတ် ထားတာတောင် မရှိဘူးလို့လည်း သိလာရပါတယ်။

ပြည်တွင်းမှာ လူထုတိုက်ပွဲ အရှိန်အဟုန်ကြီးလာရင် လုပ်ဖို့ ရည်မှန်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတဲ့ ကြွေးကြော်သံကို နားမလည်ဘဲ နိုင်ငံရေးနားမလည်တဲ့ (သို့မဟုတ်) မရိုးမသားစိတ်ရှိတဲ့ ဂိုဏ်းအုပ်စုတခုကနေ ထိုင်းနိုင်ငံထဲက 'လွတ်မြောက်နယ်မြေ' မှာ NUG တည်ထောင်ရေး လုပ်ပစ်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ဖက်ဒရယ်အစိုးရ ဖွဲ့ဖို့ဆိုပြီး ထိုင်းနိုင်ငံထဲမှာ မြန်မာအတိုက်အခံတွေရဲ့ လွှတ်တော် ၂ ရပ် စုစု ပေါင်း အမတ်ဦးရေ ၁၀၀ လောက်၊ သမတ ဒုသမတ ဝန်ကြီးချုပ် ဒုဝန်ကြီးချုပ် ဝန်ကြီး ဒုဝန်ကြီး စုစုပေါင်းလူ ၅၀ နီးပါး၊ ဝန်ကြီးဌာနတွေကို ကြီးကြပ် ထိန်းချုပ်ဖို့ဆိုတဲ့ ဝန်ကြီးအဆင့် ကော်မရှင်အဖွဲ့ဝင် ၁၀၀ ကျော်ထားဖို့ စဉ်းစားတဲ့လူတွေ ထောက်ခံတဲ့လူတွေရဲ့ ဦးနှောက်ကို စိတ်ကုဆရာဝန်နဲ့ အမြန်ပြဖို့လိုနေပါပြီ။

Populist politics လို့ခေါ်တဲ့ လူပြိန်းကြိုက် အပေါစားနိုင်ငံရေးကို ကျွမ်းကျင်တဲ့ ဦးမောင်မောင်ဟာ တိုင်း ရင်းသား အခွင့်အရေး အပြည့်ပေးဖို့ဆိုပြီး တိုင်းရင်းသားအကြိုက် ဖက်ဒရယ်အစိုးရ၊ နအဖစစ်အစိုးရကို ကုလ သမဂ္ဂပလက် ဖောင်းပေါ်က မောင်းထုတ်ဖို့ဆိုပြီး ပြည်တွင်းပြည်ပလူထုအကြိုက် Credential challenge ၊ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျော်လွှားနိုင်အောင် သံတမန်ရေး နိုင်ငံရေး စစ်ရေး နည်းလမ်းတွေ ကျင့်သုံး တိုက်ပွဲဝင်မယ်ဆိုပြီး အပြုတ်တိုက်ရေးသမားအကြိုက် NUG အစိုးရ၊ စသဖြင့် တမျိုးပြီးတမျိုး မရိုးရ အောင် အသံ ကောင်းဟစ် လူစုခဲ့ပါတယ်။

တိုက်ပွဲဝင်အစိုးရဖွဲ့ဖို့ဆိုတဲ့ ကြေညာချက်ကို ဟိတ်တလုံးဟန်တလုံးနဲ့ထုတ်ပြီးမှ အနောက်နိုင်ငံတွေ ငြိုငြင် မှာစိုး လို့ အမှားပြင်ဆင်ချက်အဖြစ် စစ်ရေးနည်းလမ်းဆိုတဲ့ စကားလုံးကို ပယ်ဖျက် ပြင်ဆင်ပေးရကတည်းက ဒီအစိုးရ ဟာ ဘာတွေတိုက်ပွဲဝင်ဖို့ ယုံကြည်ရတော့မှာလဲ။

ထောက်ခံစုဝေးမိတဲ့လူတွေထဲမှာတော့ တချို့က သမတအတု၊ ဝန်ကြီးချုပ်အတု၊ ဝန်ကြီးအတု စတဲ့ တကယ် မဟုတ် တဲ့ရာထူးနေရာ အခွင့်အရေးတွေကိုဘဲ အရူးတယောက်လို မျှော်ကိုးပြီးပါတဲ့လူတွေရှိသလို သက်ဆင် လုပ်နည်း အတိုင်း ငွေနဲ့ပေါက်အဝယ်ခံရတာတွေ ရှိတာလည်း အခိုင်အမာကြားနေရပါတယ်။ တကယ့်ကို ရိုးရိုး သားသားနဲ့ နအဖကို အထိနာအောင် ထိုးနှက်နိုင်မယ်လို့ ယုံကြည် စိတ်ကူးယဉ်ပြီး ထောက်ခံပါဝင်ကြတာ တွေလည်း ရှိပါတယ်။ အဓိက ဦးဆောင်ဦးရွက်ပြုနေသူတွေအကြောင်း မသိတာရယ်၊ နိုင်ငံတကာအနေအထား၊ သံတမန်ရေးလုပ်ထုံး လုပ်နည်းစနစ်တွေကို နားမလည်တာရယ်၊ တော်လှန်ရေးကြီး ရှည်ကြာနေတာကို အားမလိုအားမရစိတ်ဖြစ်တာရယ် တွေကြောင့် နားမလည် ပါးမလည်ထောက်ခံမိတာလည်း ရှိပါတယ်။

NCGUB မှာ အားနည်းချက်တွေရှိနေတာ ဘယ်လိုမှမငြင်းနိုင်ပါဘူး။ တဖက်မှာလည်း ယှဉ်ပြိုင်အစိုးရ ဆိုတာမျိုးကို အများကြီးမျှော်လင့်ချက်ထားလို့ မဖြစ်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်အစိုးရတွေ ၃၀ လောက် ရှိပြီး တချို့ယှဉ်ပြိုင်အစိုးရတွေဟာ ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရား၊ ရဲ၊ တရား ရုံးတွေ ခိုင်ခိုင်မာမာ ရှိကြပေမဲ့ ကုလသမဂ္ဂမှာ နေရာယူခွင့်မရကြ၊ အောင်ပွဲမရကြဘူးလို့ NCGUB ကထုတ်တဲ့ ညွန့်ပေါင်းသတင်းလွှာ (အောက်တိုဘာ ၂၀၀၈ ထုတ်) ဆိုတဲ့စာစောင်မှာတွေ့ရပါတယ်။ မယုံလို့ အင်တာနက် မှာ လိုက်လေ့လာကြည့်တော့ လည်း အဲဒီအတိုင်း တကယ်ဟုတ်နေပါတယ်။

စောစောကပြောတဲ့ ညွန့်ပေါင်းသတင်းလွှာဆိုတဲ့ထဲမှာဘဲ ကုလသမဂ္ဂမှာ Credential challenge လုပ်ခဲ့ကြတဲ့ သမိုင်းကို ဖော်ပြထားတာမှာ ဘယ်သူမှစိတ်မဝင်စားတဲ့ ဂျောင်ဂလောင်ထဲက တိုင်းပြည်လေးတွေမှာသာ အောင်မြင်ခဲ့ပြီး အင်အားကြီးနိုင်ငံတွေ စိတ်ဝင်စားမှုရှိလို့ အတိုင်းအတာတခုအထိ အရေးပါနေ တဲ့နိုင်ငံတွေမှာတော့ ရှုပ်ထွေးတဲ့ နောက်ခံအကြောင်းအချက်အမျိုးမျိုး ပတ်သက်နေတာ တွေ့ရပါတယ်။ အပေါ် ယံကြည့် ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ ရိုးရိုးစင်းစင်းမဲခွဲရုံသက်သက်မဟုတ်ပါဘူး။ နောက်ခံအချက်အလက်တွေ သေသေ ချာချာ လေ့လာဖို့လိုပါတယ်။

နအဖကိုဖယ်ဖို့ မဲပေးတဲ့နိုင်ငံတွေက သံရုံးတွေ ရုပ်သိမ်းသွား/နှင်ထုတ်ခံရလို့ ဟာကွက်ဖြစ်သွားတဲ့ လူမှုရေး၊ လူသားချင်းစာနာရေးနယ်ပယ်ကို ဘယ်လိုဖြည့်ဆီးမလဲ၊ တကယ်လို့ နအဖကို ကုလသမဂ္ဂကဖယ်ပြီး လပိုင်း အတွင်း အစိုးရပြုတ်ကျဖို့ အာမခံချက်ရှိရင်တော့ သံရုံးတွေရုပ်သွားလည်း အကြောင်းမဟုတ်ပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက Credential challenge ကိစ္စမှာ တတိယနိုင်ငံတခုခုကနေ ကမကထ လုပ် ဦးတိုက်လျှောက်လွှာတင်စေဖို့ ဦးမောင်မောင်ကိုပြောခဲ့ပါတယ်။ ဒါပေမဲ့ နအဖစစ်အစိုးရ တကယ်ဘဲ ကုလသမဂ္ဂကနေ လွင့်သွားဖို့ထက် NCGUB ကိုပြဿနာရှာဖို့သာ အဓိကထားနေတဲ့ ဦးမောင်မောင်အဖွဲ့က လက်မခံဘဲ NCGUB ကို ဦးတိုက်စိန်ခေါ်ဖို့ အမိန့်ပေး အကြပ်ကိုင်ခဲ့ပါတယ်။ NCGUB က ငြင်းလိုက်တဲ့အခါ နိုင်ငံတကာရေးရာကိုလည်း လေ့လာမှုအားနည်းလှတဲ့အတွက် NCUB အနေနဲ့ တင်လို့ရမရ နားမလည်ဘဲ ကိုယ့်ဟာကိုယ်တင်မယ် ကြုံးဝါးခဲ့ပါ တယ်။ နောက်ဆုံးတင်မရတော့ MPU ဒေါ်စန်းစန်းကို အယုံသွင်း သွေးဆောင်ဖြားယောင်းပြီး တင်ခိုင်းခဲ့ပါတယ်။ အနှစ် ၂၀ လောက် ပြည်ပမှာနေခဲ့ပေမဲ့ နိုင်ငံတကာရေးရာ မသိတော့ ပယ်ချခံရပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယှဉ်ပြိုင်အစိုးရအကြီးအကဲအဖြစ် လက်မှတ်ထိုးတင်ရင်တော့ ကမ္ဘာ့နိုင်ငံတွေ လက်ခံကောင်းလက်ခံပြီး နအဖကို ကုလသမဂ္ဂက ဖယ်နိုင်ပါလိမ့်မယ်။ ဒီလိုမဟုတ်လို့ကတော့ ဒေါက်တာစိန်ဝင်း ဖြစ်ဖြစ်၊ ဒေါ်စန်းစန်းဖြစ်ဖြစ်၊ ဦးမောင်မောင် ဖြစ်ဖြစ် ကုလသမဂ္ဂထဲ တရားဝင်နေရာပေးရလောက်အောင် figure မရှိပါဘူး။ ဒါကို ဒေါက်တာစိန်ဝင်းတို့က ကိုယ့်အနေ အထား ကိုယ် သိ လို့ လက်မှတ်မထိုးတာ ဖြစ်နိုင်ပါတယ်။

ဒီကိစ္စကို မဲဆောက်က နိုင်ငံရေးအဖွဲ့အစည်းတွေကို ရှင်းလင်းချပြပွဲလုပ်တဲ့အခါကျတော့ အမေရိကန်အစိုးရက ယှဉ်ပြိုင်အစိုးရအနေနဲ့ ဦးတိုက်စိန်ခေါ်ရေးကို လိုလားကြောင်း ဗြောင်းဗြန်လုပ် ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အ မေရိကန် နိုင်ငံဟာ အဇ္ဇရေး-ပါလက်စတိုင်းအရေးကြောင့် တတိယနိုင်ငံတခုကနေ ဦးတိုက်စိန်ခေါ်ရေးကို မလို လား ဘဲ ယှဉ်ပြိုင်အစိုးရကသာ ဦးတိုက်စိန်ခေါ်ဖို့ လိုလားတဲ့အကြောင်း လုပ်ဇာတ်ထွင် ရှင်းလင်းပါ သေး တယ်။

တကယ်တော့ အဇ္ဇရေး-ပါလက်စတိုင်းကိစ္စဟာ credential challenge ကိစ္စနဲ့ မပတ်သက်ပါဘူး။ အဇ္ဇရေးကို အာရပ်နိုင်ငံတွေက ကုလသမဂ္ဂက ထုတ်ပစ်ချင်တာဟာ ဗီတိုအာဏာရှိတဲ့ လုံခြုံရေးကောင်စီကိုဖြတ်သန်းပြီးမှ အထွေထွေညီလာခံမှာ မဲ သုံးပုံနှစ်ပုံလိုတဲ့ကိစ္စဖြစ်ပါတယ်။ credential committee လောက်ဘဲဖြတ်သန်းပြီး အထွေထွေညီလာခံမှာ သာမန်အများစုမဲနဲ့ ဆုံးဖြတ်နိုင်လောက်အောင် အဇ္ဇရေးနိုင်ငံထဲမှာ အဇ္ဇရေးအစိုးရကို စိန်ခေါ် နေရာယူမယ့်အင်အားစု မရှိပါဘူး။ ပါလက်စတိုင်းအစိုးရဟာ အဇ္ဇရေးအစိုးရရဲ့ ယှဉ်ပြိုင်အစိုးရ မဟုတ်ဘဲ ပါလက်စတိုင်း နယ်မြေကိုသာ သက်ဆိုင်တဲ့ အစိုးရဖြစ်ပါတယ်။ ပါလက်စတိုင်းအစိုးရဟာ အဇ္ဇရေးနိုင်ငံရဲ့အစိုးရဖြစ်ဖို့ ကြိုးစားနေတာ မဟုတ်ဘဲ ပါလက်စတိုင်းနိုင်ငံရဲ့အစိုးရ ဖြစ်ဖို့ ကြိုးစားနေခြင်း သာဖြစ်ပါတယ်။ ပါလက်စတိုင်းအစိုးရ ကုလသမဂ္ဂမှာ ဝင်ခွင့်ရဖို့ဆိုတာလည်း လုံခြုံရေးကောင်စီ ဗီတိုငါးနိုင်ငံ သဘောတူပြီးမှ အထွေထွေညီလာခံမှာ သုံးပုံနှစ်ပုံမဲနဲ့ ဝင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် credential challenge ကိစ္စကို မဲဆောက်မှာလာရှင်းတဲ့အခါ ဦးမောင်မောင်တို့ဂိုဏ်း ဟာ မဆီမဆိုင်အချက်အလက်တွေနဲ့ လိမ်ညာခဲ့ တာဖြစ်ပါတယ်။

Credential challenge ဟာ ဒေါက်တာစိန်ဝင်း လက်မှတ်ထိုးရင် နိုင်ဖို့သေချာတယ်ပြောပြီး နောက်ပိုင်းကျ တော့ နားလည်တတ်ကျွမ်းတဲ့ နိုင်ငံခြားသားပညာရှင်တွေကိုယ်၌က ဝေဖန်ထောက်ပြကြတာ တွေ့လာရတော့ နိုင်တာ ရှုံးတာ အဓိကမဟုတ်၊ ပါဝင်ယှဉ်ပြိုင်ခြင်းသာအဓိက ဆိုပြီး နိုင်ငံရေးတိုက်ပွဲကို အားကစားပြိုင်ပွဲလိုလို၊ ဘောလုံးပွဲလိုလို လေသံလွှင့်လာပြန်ပါတယ်။

Credential challenge ကိစ္စလုပ်ဖို့ ထိုင်း-အမေရိကန်ခရီးစရိတ်တွေ၊ အမေရိကန်မှာ နေထိုင်လှုပ်ရှားစရိတ်တွေ နည်းနည်းနောနောမဟုတ်ပါဘူး။ ဒါတွေကို ဘယ်ကမှ ထောက်ပံ့တာမဟုတ်ဘူး၊ အိပ်ထဲကစိုက်လုပ်နေရတယ်လို့ ဦးမောင်မောင်က ပြောပါတယ်။ ဒီတော့ကာ စိုက်စရာငွေတွေ ဘယ်ကလာသလဲ၊ အနှစ် ၂၀ အတွင်း ဦးမောင်မောင် ဒီငွေတွေ ဘယ်လို ရလာသလဲ။ FTUB နဲ့ ဦးမောင်မောင် Transparency ဘယ်မှာလဲ။

NCUB, DAB, NDF, FDB, ENC, WLB, SYCB, NYF စတဲ့ "တပ်ပေါင်းစု"တွေ ဘာကြောင့် အကွဲကွဲအပြားပြား ဖြစ်နေရသလဲ။ DAB ထဲမှာ NDF အဖွဲ့ဝင်တွေ ပါနေရက်နဲ့ ဘာကြောင့် NCUB ထပ်လုပ်ရတာလဲ။ လုပ်လိုက်တဲ့ အတွက် ဘာအကျိုးရှိသွားခဲ့လို့လဲ။ DAB နဲ့ NDF အသက်ငွေ့ငွေ့ဘဲရှိနေတာ ဘာကြောင့်လဲ။ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံး တန်းတူရေးကိုတော့ ပြောနေပေမဲ့ ပါတီအဖွဲ့အစည်းအားလုံးတန်းတူရေးကိုတော့ မကျင့်သုံးဘဲ NLD-LA ပါတီကို DAB, NDF တပ်ပေါင်းစုတွေနဲ့ တတန်းတည်း NCUB ရဲ့ဒေါက်တဒေါက် ဘာလို့လုပ်ရ တာလဲ။ ဘာအကျိုးရှိသွားခဲ့လို့လဲ။ တိုင်းရင်းသားတပ်ပေါင်းစုချည်းဘဲ နှစ်ခုဖြစ်နေတာ၊ ဒီမိုကရေစီတပ်ပေါင်းစု နှစ်ခုဖြစ်နေတာ၊ လူငယ်တပ်ပေါင်းစု နှစ်ခုဖြစ်နေတာ ဘာကြောင့်လဲ။ အဖွဲ့အစည်းတခုချင်းစီမှာ အင်အားဘယ် လောက်ရှိသလဲ။ အဖွဲ့အစည်းတခုချင်းစီမှာ ၁၉၈၈-၉၀ ကာလကအင်အားနဲ့ ၂၀၀၈-၂၀၀၉ ကာလအင်အား ဘယ်လိုကွာခြားသလဲ။ အားလုံးကိုယ့်ကိုယ်ကို အမှန်အတိုင်း မလိမ်တမ်း မငြာတမ်း ရဲရဲပြန်ဆန်းစစ်ပါ။ သူများကို လက်ညှိုးငေါက်ငေါက်ထိုးနေချိန်မှာ လက်ချောင်း ၄ ချောင်းက ကိုယ့်ဘက်ပြန်ထိုးနေတာ မမေ့ကြပါနဲ့။ ကိုယ့်ဟာကို အသုံးမကျတာကို ဘယ် ယှဉ်ပြိုင်အစိုးရမှ မကယ်တင်နိုင်ပါဘူး။

သူတို့ပြောတဲ့ တိုက်ပွဲဝင်ရေးတွေ၊ နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေးတိုက်ပွဲတွေ မဖြစ်နိုင်ဘူးဆိုတာ ရိုးရိုးသားသား ဦးနှောက်ရှိသူတိုင်း အေးအေးဆေးဆေး စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဒါဖြင့်ရင် အခုလုပ်ရပ်တွေအားလုံးမှာ မရိုးသားတဲ့ရည်ရွယ်ချက် နောက်ကွယ်မှာရှိနေတာကို မသင်္ကာစရာ မြင်နေရပါတယ်။ 'နေပြည်တော်' ကို နောက်ဖေး ပေါက်ကဝင်နို်င်ဖို့ သန်းရွှေသဘောကျမယ့် အရင်းအနှီး စုဆောင်းပေး နေတာများလား။ စဉ်းစားစရာတွေ ... စဉ်းစားစရာတွေ ....


တိုင်းပြည်တပြည် ပြောင်းလဲဖို့ဆိုတာ ပြည်တွင်းအကြောင်းအချက်က အနည်းဆုံး ၇၅ ရာခိုင်နှုန်းပါပြီး ယှဉ်ပြိုင် အစိုးရ၊ အဝေးရောက် လွှတ်တော်၊ ပြည်ပတပ်ပေါင်းစု၊ ကုလသမဂ္ဂ စတဲ့ ပြည်ပအကြောင်း အချက်တွေက အင်မတန့်ကို မှန်မှန်ကန်ကန်လုပ်ပါမှ အများဆုံး ၂၅ ရာခိုင်နှုန်းလောက်ဘဲ စွမ်းနိုင်ပါတယ်။ စိတ်ကူးလည်း ယဉ်မနေပါနဲ့။ ကိုယ်ကျိုးသမားတွေရဲ့ အလိမ်အညာလည်း မခံမိပါစေနဲ့။

ကွန်အာသာ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်