Monday, January 5, 2009

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတို့ နှစ်ခြမ်းခွဲခြားလိုက်ပြီး တိုက်ခိုက်မှုများပိုမိုပြင်းထန်လာ

ဂါဇာဒေသသို့ အစ္စရေး၏ ထိုးစစ်ဆင်နွှဲမှုများ ပိုမိုပီပြင် ပြင်းထန်လာသည်နှင့်အမျှ ပါလက်စတိုင်းတို့ သေဆုံးခဲ့သည့်ဦးရေမှာ (၅၀၀)ကျော်အထိ တိုးပွားလာနေပြီဖြစ်သည်။ ထိုအချိန်တွင် အစ္စရေးအနေနှင့် နိုင်ငံတကာမှ အသုံးပြုရန် တားမြစ်ထား ဖော့စ်ဖရပ်စ်မီးစုန်း လက်နက်များ အသုံးချခဲ့ကြောင်း စွပ်စွဲမှုများ ပေါ်ပေါက်လာခဲ့သည်။ ဖော့စ်ဖရပ်စ်မီးစုန်းများ ပမာဏများပြားစွာ လေကြောင်းမှ ကြဲချခြင်းဖြင့် အဆောက်အအုံများနှင့် သက်ရှိများကို ပိုမိုကြာမြင့်စွာ လောင်ကျွမ်းနိုင်သလို ငြှိမ်းသတ်ရန် ခက်ခဲတတ်ကြောင်း ပညာရှင်များကဆိုသည်။ အစ္စရေးတပ်မတော်သည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ ပြောက်ကျားများကို (၂၀၀၆)ခုနှစ်အတွင်း နှိမ်နင်းခဲ့ရာတွင် အဆိုပါလက်နက်များ အသုံးချခဲ့ကြောင်း ၀န်ခံထားဖူးပြီး ယခုတဖန် သုံးစွဲနေမှု ရှိမရှိကိုမူ သတင်းထုတ်ပြန်မှု မပြုလုပ်ခဲ့ပေ။ ယခုအခါ စစ်ပွဲအတွင်းသို့ အစ္စရေးကြည်းတပ်ပါ ပူးပေါင်းဆင်နွှဲလာခဲ့ပြီး ဂါဇာဒေသကို နှစ်ပိုင်းကွဲသွားအောင် အလယ်မှထိုးဖောက် တပ်စွဲလိုက်ကြောင်း သိရှိရသည်။




(ဖော့စ်ဖရပ်စ်မီးစုန်များ ကြဲချတိုက်ခိုက်စဉ်)

ရေတပ်နှင့် လေတပ်မှ ဗုံးမိုးများ ရွာချပေးနေစဉ်တွင် အစ္စရေးတင့်ကားများသည် ဂါဇာစီးတီးနှင့် အချက်အခြာကျသော အရှေ့-အနောက် လမ်းမကြီးတလျှောက် တပ်စွဲထားပြီး မျက်မြင်များက အစ္စရေးတင့်ကား အစင်း(၄၀)ခန့်တို့သည် တောင်ပိုင်းခန်ယူနိစ်သို့ အလျင်အမြန် ချီတက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။ မြေပြင်ထိုးစစ် စတင်ချိန်မှာပင် ပါလက်စတိုင်းဘက်မှ အယောက်(၇၀)မျှ အနည်းဆုံး သေဆုံးခဲ့ကြောင်း ဂါဇာအာဏာပိုင်များက ၀န်ခံခဲ့ပြီး အစ္စရေးဘက်မှ (၁)ဦးသေဆုံးခဲ့သည်။ အမေရိကန် အိမ်ဖြူတော်ကမူ အစ္စရေး၏ မြေပြင်ထိုးစစ်ကို ကာကွယ်ပြောကြားခဲ့ပြီး အစ္စရေးသို့ ဟားမတ်စ်တို့ ပစ်ခတ်နေသည့် ဒုံးကျည်စခန်းများကို လေကြောင်းမှ ဖြိုခွင်းရုံနှင့် မလုံလောက်နိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ရှီမွန်ပီရက်စ်က အပစ်အခတ် ရပ်စဲရေးကို လက်မခံနိုင်ကြောင်းနှင့် ဟားမတ်စ်တို့ကို ဖြိုခွဲပြီးမှသာ စစ်ပွဲကို ရပ်တန့်သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောဆိုထားသည်။



(တင့်ကားတစ်စီးမှ အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်စဉ်)

လက်ရှိအချိန်တွင် မျက်နှာချင်းဆိုင် စစ်ပွဲများ အရှိန်အဟုန် ပြင်းထန်လာနေပြီး အစ္စရေးစစ်ကြောင်းများက ဂါဇာဒေသတွင်း အပြင်းအထန် ထိုးဖောက်လာနေဆဲဖြစ်ကာ တချိန်က ၎င်းတို့သိမ်းပိုက်ပြီးမှ ပါလက်စတိုင်းထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ဒေသများကို သိမ်းပိုက်နိုင်ရန် အရှိန်မြှင့် ကြိုးပမ်းလျက်ရှိသည်။ ဒီဇင်ဘာလ (၄)ရက်နေ့တွင် အစ္စရေးတောင်ပိုင်း အက်ရှ်ကောလ်သို့ ဟားမတ်စ်တို့၏ ဒုံးကျည်စင်းရေ အနည်းဆုံး (၃၂)ခုမျှ ကျရောက်ပေါက်ကွဲခဲ့ပြီး အစ္စရေးအရပ်သား (၂)ဦးမျှ အသေးစား ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။ အစ္စရေးနိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာနကမူ ၎င်းတို့နိုင်ငံအပေါ် ရန်စကျူးကျော်မှုများ ရှိနေသမျှ ကာလပါတ်လုံး အရှေ့အလယ်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးကို အာမခံနိုင်မည်မဟုတ်ကြောင်း သတိပေး ပြောဆိုသွားသည်။

http://www.planet.com.mm/news/read.cfm/id/11549

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်