Tuesday, January 6, 2009

ကလေးစစ်သားတဦး ရန်ကုန် မိဘများထံပြန်ရောက်

မြင့်မိုးဇော်/ ၆ ဇန်န၀ါရီ ၂၀၀၉

airport
မြန်မာစစ်တပ်မှ အဓမ္မ စစ်တပ်ထဲခေါ်သွားခြင်းခံရသည့် ကလေးစစ်သားတဦး ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာရှိ မိဘများထံ မကြာခင်က ပြန်လည်ရောက်ရှိလာသည်။

အဆိုပါကလေး၏အမည်မှာ မောင်သီဟဦးဖြစ်ပြီး မနှစ် ဇူလိုင်လကုန်တွင် မိဘများနှင့်စိတ်ဆိုးကာ နေအိမ်မှထွက်သွားပြီး စစ်သားအဖြစ်သို့ အဓမ္မစုဆောင်းခံခဲ့ရခြင်းဖြစ်သည်ဟု မောင်သီဟဦး မိဘများထံ ပြန်လည်ရောက်ရှိရန်အတွက်

ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။ မောင်သီဟဦးနှင့်အတူ တပြိုင်တည်း စစ်တပ်က အဓမ္မ စစ်တပ်ထဲခေါ်သွားခြင်းခံရသည့်ူ ရဲလင်းထက်မှာလည်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ၏ အကူအညီဖြင့် မကြာခင်က မိဘများထံ ပြန်ရောက်လာသည်။

မောင်သီဟဦး မိဘများနှင့်စိတ်ဆိုးပြီး နေအိမ်မှဆင်းသွားပြီး ရက်ပေါင်း (၂၀) ခန့်ကြာမှ မိဘများက မောင်သီဟဦးအား စစ်တပ်မှတပ်ကြပ်ကြီးတဦးက ခေါ်ဆောင်သွားကြောင်း မောင်သီဟဦးနှင့်အတူ လိုက်ပါသွားသူ ကလေးငယ်တဦးက မိဘများထံ လာရောက်ပြောကြားသည့်အတွက် မိဘများအနေဖြင့် သိရှိရကြောင်း အဆိုပါလိုက်ပါကူညီဆောင်ရွက်ပေးခဲ့သူက ရှင်းပြသည်။

“ကျနော်တို့ကို ရန်ကုန်ဘူတာကြီးကနေ ရထားနဲ့ တပ်ကြပ်ကြီး ခင်မောင်ဆင့်က မွန်ပြည်နယ်၊ သထုံမြို့၊ ကျိုက်ကော် အမှတ် (၉) စစ်လေ့ကျင့်ရေးကျောင်းသို့ ခေါ်ဆောင်ပြီး စစ်သင်တန်းများကို တက်ရောက်စေခဲ့တယ်။ ရောက်ရောက်ခြင်း နောက်နေ့မှာ ကျနော်တို့ကို အရပ်တိုင်းပါတယ်။ ကျနော့်အနေနဲ့ အသက်မပြည့် သေးကြောင်း ပြောပေမယ့် အသက်မလိုဘူး၊ အရပ် (၅) ပေ ကျော်ရင်ရပြီဆိုပြီးတော့ တာဝန်ရှိသူတဦးက ပြောကြားကာ စစ်သင်တန်းကို တက်ရောက်စေခဲ့ပါတယ်” ဟု မိဘရပ်ထံပြန်လည်ရောက်ရှိလာသူ မောင်သီဟဦးက ပြောသည်။

၎င်းက ဆက်လက်၍ “အဲဒီလိုသင်တန်းတက်နေစဉ် ကာလအတွင်းမှာလည်း မိဘတွေနဲ့ အဆက်အသွယ် လုပ်ခွင့်မပေးခဲ့ပါဘူး။ ကျနော့်အနေနဲ့ကလည်း မိဘတွေနဲ့စိတ်ဆိုးပြီး အိမ်ကဆင်းလာတဲ့အချိန်မှာ ယခုလို နေစရာနေရာ ရမယ်ဆိုပြီးတော့ စစ်တပ်ကို ၀င်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အနေကြာလာတာနဲ့အမျှ ကျနော် စစ်တပ်ထဲမှာ မပျော်တော့ဘူး။ နောက်တော့ တပ်ကထွက်ခွင့်ရတော့မယ်လို့ကြားတော့ ကျနော်ပျော်ပါတယ်။ မိဘတွေကိုလည်း ပြန်မြင်ချင်ပါတယ်” ဟု ပြောသည်။

မောင်သီဟဦး ရောက်ရှိရာ အမှတ် (၉) စစ်လေ့ကျင့်ရေးကျောင်းတွင်လည်း အသက် (၁၈) နှစ် မပြည့်သေးသူ၊ အရွယ်မရောက်သေးသူ ကလေးစစ်သား အများအပြားရှိနေကြောင်းကိုလည်း မောင်သီဟဦးက ဆက်လက် ပြောသည်။

“သင်တန်းတက်နေစဉ် ကာလတလျှောက်လုံး မိဘများနှင့် ဆက်သွယ်ခွင့်လုံးဝမပေးဘဲ တပ်မှထွက်ခွင့်ကျလာမှ မိဘများကို အကြောင်းကြားပေးခဲ့ပါတယ်။ သင်တန်းတက်နေစဉ်ကာလအတွင်း ကျနော့်လို သင်တန်းတက်နေတဲ့ ကလေးတွေလည်းရှိပြီး သူတို့အနေနဲ့ တချို့က အိမ်ပြန်ချင်သူတွေရှိကြောင်း၊ ပြန်ခွင့်မရတဲ့အခါမှာ ပြန်ပြီး ထွက်ပြေးတာတွေလည်းရှိတယ်” ဟု မောင်သီဟဦးက ရှင်းပြသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်