Thursday, August 6, 2009

ရာသီရိုင်းတို့ရဲ့ အထဲမှာ

ကောင်းကင်တခွင်လုံး
ညို့ညို့ မှိုင်းမှိုင်း
ရာသီရိုင်းမှာ
တမ်းတ ကြေမွ
ကြွေကျ မျက်ရည်
နေညိုပြီဆို အမေငိုပြီလေ ။

မတ်လ တဆယ့်သုံး အရေးတော်ပုံမှာ
ကျဆုံးခဲ့တဲ့
ရဲဘော်ဖုန်းမော်
ရဲဘော် စိုးနိုင် တို့ရေ
မတ်လ တဆယ့်ခြောက်
တံတားနီ အရေးတော်ပုံမှာ
အသက်ပေးခဲ့ကြတဲ့
ရဲဘော် ရဲမေ အပေါင်းတို့ ရေ

ဇွန် နှစ်ဆယ့်တစ် မြေနီကုန်းမီးပွိုင့်အနီးမှာ
အသက်ပေးသွားတဲ့ (အကသ)က
ညီငယ် ညီမငယ်အပေါင်းတို့ရေ
သြဂုတ်လ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်တွေမှာ
အသက်စွန့်သွားခဲ့ကြတဲ့
ရဟန်းရှင်လူကျောင်းသား ပြည်သူအပေါင်းတို့ရေ
စက်တင်ဘာ တဆယ့်ကိုးရက်နေ့မှာ ကျဆုံးခဲ့တဲု့
ညီမလေး ၀င်းမော်ဉီး ရေ
သွေးအလူးလူ အလိမ်းလိမ်းကြားက
အဲဒီလိုမျိုး စိမ်းကားတဲ့အကြည့်နဲ့ ကြည့်တဲ့အခါ
ငါတို့မှာ ဖြေရှင်းစရာ
ဘာသာဗေဒ ဆွံ့အ ရှားပါး
ငါတို့ ဟာ အသက်ရှင်ခြင်းတရားမှာ
အကြိမ်ကြိမ် သေဆုံးခဲ့ကြ
တို့ခေတ်ကျမှ ညံ့ချက်က ကမ်းကုန်အောင်ပါပဲ ၊

တကယ်တမ်းကျတော့
အတိတ်နဲ့ အနာဂတ် ဆက်စပ်ဖို့ရာ
အလင်းနှစ် သန်းပေါင်းများစွာမလို
နှစ်ဆယ့်တနှစ်ဆိုတဲ့ အချိန်တိုလေးဟာ
မှန်ထဲ ကိုယ့်ဒဏ်ရာ ကိုယ်ပြန်မြင်ရသလိုမျိုး
နာကျည်းမှုတို့  ရှင်ပြန်ထမြောက်ရာ
သွေးညှီနံ့တွေ လွှမ်းခြုံနေတဲ့ လမ်းများထက်မှာ
ငါတို့ အခုအချိန်အထိ ရင်ကွဲပက်လက်
တိုက်ပွဲဆက်ဆဲ ။
ရင်ကွဲပက်လက် တိုက်ပွဲဆက်ဆဲ ။

ရဲရင့်သက်ဇွဲ
(ရှစ်လေးလုံးအရေးတော်ပုံကြီး ၂၁ နှစ်ပြည့်သို့ )

No comments:

Post a Comment