Saturday, May 23, 2009

အမေကောင်းသမီး မို့  ပန်းကောင်းပန်တယ်...


မွေးဖွားရာဒေသ။ ။မြောင်းမြမြို့၊ ဧရာဝတီတိုင်း
နေထိုင်ရာဒေသ။ ။ ရန်ကုန်
ရာထူးအလုပ်အကိုင် ။ ။၁၉၄၇ မှ ၁၉၅၂ လွှတ်တော်အမတ်
၁၉၅၀ မြန်မာအမျိုးသမီးများအသင်းဥက္ကဌ ၁၉၆၀ အိန္ဒိယနိုင်ငံ နှင့် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်
လူသိများခြင်းမှာ မြန်မာ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီးဖြစ်သည်
ကိုးကွယ်သည့် ဘာသာ။ ။ ဗုဒ္ဓဘာသာ

မြန်မာနိုင်ငံရဲ့ စံပြအမျိုးကောင်းသမီး အမေကြည် ခေါ် ဒေါ်ခင်ကြည်
မေစန္ဒာစိုးညွန့် ၊ ၂၀၀၈ ဒီဇင်ဘာ ၂၇ ရက်

ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်တစ်ဦးရဲ့  ပါရမီဖြည့်ဖက်၊ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တစ်ဦး ကို မွေးထုတ်ပေးခဲ့တဲ့ အမေကြည် ခေါ် ဒေါ်ခင်ကြည်ဟာ မြန်မာနိုင်ငံ အတွက် ကျေးဇူးရှင်တစ်ဦးဖြစ်ပါတယ်။

မြန်မာပြည်ကို ချစ်မြတ်နိုးပြီး မြန်မာပြည်သူပြည်သားများအတွက် အဆုံးစွန် စွန့် လွှတ်အနစ်နာ ခံခဲ့တဲ့၊ ခံနေဆဲဖြစ်တဲ့၊ အမျိုးသားခေါင်းဆောင် နှစ်ဦးမှာ တစ်ဦးက ခင်ပွန်း၊ တစ်ဦးက သမီးဖြစ်နေခြင်းများဟာ ဒေါ်ခင်ကြည်ရဲ့  အိမ်ထောင်ရှင်မကောင်း၊ မိခင်ကောင်းတစ်ဦး ဖြစ်ကြောင်းတန်ဖိုးများကို ဖေါ်ပြနေပါတယ်။

ရင်းနှီးချစ်ခင်သူများက လေးစားချစ်ခင်စွာဖြင့် အမြတ်တနိုး “အမေကြည်” လို့  ခေါ်ခံရတဲ့ ဒေါ်ခင်ကြည်ဟာ သူနာပြုဆရာမ တစ်ဦးဖြစ်သည့် အားလျော်စွာ စိတ်နေသဘောထား ပြည့်ဝမှု၊ ကြင်နာမှု၊ စိတ်ရှည်သည်းညည်းခံမှုများဖြင့် အလွန်ပြည့်ဝသူတစ်ဦးဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တိုင်းပြည်နှင့် ပြည်သူလူထုရဲ့  အကျိုးကို သယ်ပိုးရာမှာလည်း အများကြီး ကူညီမှုပေးခဲ့တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ဦးဖြစ်ပါတယ်။ တိုင်းပြည်ရဲ့  စံပြ အတုယူစရာ ကောင်းတဲ့ အမျိုးကောင်းသမီး တစ်ဦးဖြစ်ပြီး မာန်မာနကင်းစင်သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်လုပ်ကြံခံရပြီး ကျဆုံးသွားတဲ့နောက် သားကြီး အောင်ဆန်းဦး၊ သမီးငယ် အောင်ဆန်းစုကြည် တို့ နဲ့ အတူ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ အထူးသဖြင့် ဗိုလ်နေ၀င်းရဲ့  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်မှာ ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့  လုပ်ဖေါ်ကိုင်ဘက် ရဲဘော်ရဲဘက်တွေရဲ့ ကူညီစောင့်ရှောက်မှုများ ကြောင့်သာ ဒေါ်ခင်ကြည့် ဘ၀မှာ ဆိုးရွားတဲ့ အဖြစ်များ မကြုံတွေ့ ခဲ့ရခြင်ျးြဖစ်ပါတယ်။ ဗိုလ်နေ၀င်း လက်ထက်မှာ ဒေါ်ခင်ကြည် ပြည်တွင်းမှ ထွက်ခွာခဲ့ရပြီး အိန္ဒိယနိုင်ငံတွင် အိန္ဒိယနှင့် နီပေါနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒေါ်ခင်ကြည်က ဒေါ်အောင်ဆန်းစုကြည်ကို ရင်အုပ်မကွာထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ အဓိက ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒေါ်ခင်ကြည် မြန်မာပြည် ပြန်ရောက်ပြီး တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်မှာ သစ်ပင်ပန်းမာန်များ စိုက်ပျိုးခြင်း၊ ရဟန်းသံဃာများကို အပတ်စဉ် စွမ်းလောင်းခြင်းများဖြင့် ဘ၀ကို အေးချမ်းစွာ ကျော်ဖြတ်ခဲ့ပါတယ်။ မနက်တိုင်း ဘုရားရှိခိုးခြင်း ကျေးငှက်များကို အစာ ကျွေးခြင်းများကိုလည်း မပျက်မကွက် လုပ်ဆောင်လေ့ရှိပြီး ဒေါ်ခင်ကြည် ကွယ်လွန် သွားပြီးနောက် ဒီအမွေကို ဆက်ခံထားသူကတော့ အဲဒီအိမ်တွင်ပဲ ယခုအကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ပါတယ်။

မဆလ လက်ထက်မှာ အထီးကျန်ဖြစ်အောင် လုပ်ထားခြင်းများနှင့် သားသမီးနှစ်ယောက် စလုံးက ပြည်ပတိုင်းပြည်များသို့  သွားရောက် ပညာသင်ကြားနေခြင်း များက ဒေါ်ခင်ကြည်ရဲ့  အနှစ်နှစ်ဆယ်နီးပါး ဘ၀ကို တစ်ဦးတည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ ဒေါ်ခင်ကြည်ဟာ မြန်မာနိုင်ငံ လူတန်းစား အသီးသီးရဲ့  ခံစားရမှုများကို ကိုယ်ချင်းစာ နိုင်သူလည်း ဖြစ်တယ်။ သမီးဒေါ်အောင်ဆန်းစုကြည်ကို ဒီကိစ္စရပ်များနဲ့  ပတ်သက်ပြီး အမြဲရင်ဖွင့် ပြောပြခဲ့တယ်။ ၁၉၆၈-၇၀ မြန်မာပြည် ခရီးစဉ်များမှာ မြန်မာလူမျိုးများရဲ့  ဆင်းရဲဒုက္ခကြုံတွေ့ နေရမှုများကို သမီးဖြစ်သူက စစ်တမ်းကောက် မှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာမှာ တင်ပြနိုင်ဖို့  ဒေါ်ခင်ကြည်က အမြဲကြိုးပမ်းပေးခဲ့ပါတယ်။

၁၉၈၈ ခုနှစ် မတ်လမှာ ဒေါ်ခင်ကြည်ရဲ့  ကျန်းမာရေး အထူးဆိုးဝါးလာတာကြောင့် ရန်ကုန်မြို့  ဂျပန်ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှုယူခဲ့ရပါတယ်။ ၁၉၈၈ လူထုတော်လှန်ရေး တိုက်ပွဲကြီး ဖြစ်ပေါ်နေစဉ်ကာလမှာဘဲ မြန်မာပြည်ရဲ့  အမျိုးသားခေါင်းဆောင်သစ်ကို မွေးထုတ်ပေးခဲ့တဲ့ စံပြ အမျိုးသမီးကောင်း ဒေါ်ခင်ကြည်ဟာ သူချစ်တဲ့ မြန်မာပြည်နဲ့  မြန်မာ နိုင်ငံသားများကို စွန့် ခွာသွားခဲ့ပါတယ်။

ဒေါ်ခင်ကြည်ကွယ်လွန်ပြီး အသုဘအခမ်းအနား ကျင်းပတဲ့ကာလကတော့ ရန်ကုန်မြို့ တခွင် ၅ယောက်ထက်ပိုပြီး လူစုလူဝေးမလုပ်ရဘူးဆိုပြီး စစ်တပ်က မာရှယ်လောထုတ်ထားပါတယ်။ ဒါပေမယ့်လည်း ဒေါ်ခင်ကြည်ကို ချစ်ခင်လေးစားကြတဲ့ ပြည်သူ ၁ သိန်းကျော်က အသုဘအခမ်းအနားသို့  တက်ရောက်ခဲ့ကြတဲ့အတွက် မြန်မာ့တော်လှန်ရေးသမိုင်းမှာ အမှတ်တရ ပြယုဂ်တစ်ခုဖြစ်ခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဘ၀မှာ စစ်အာဏာရှင်များရဲ့  ထိုးနှက်တိုက်ခိုက်ခြင်းကို အကြိမ်ကြိမ်ခံစားခဲ့ရပြီး ကွယ်လွန်သွားသည့် တိုင်အောင်လည်း ဒေါ်ခင်ကြည်ရဲ့  အုတ်ဂူမှာ ပန်းသွားလဲတဲ့ ဆွေမျိုးသားချင်းများကို ဆက်လက်ဖမ်းဆီးထောင်ချခဲ့ရာမှာ ယနေ့ တိုင် ၇ ယောက်ရှိခဲ့ပါပြီ။

ဒေါ်ခင်ကြည်ရဲ့  တန်ဖိုးကို နားလည်ပြီး၊ ချစ်ခင်မြတ်နိုးသူများကတော့ နှစ်ပေါင်းဘယ်လောက်ပဲ ကြာပါစေ မြန်မာနိုင်ငံလွတ်မြောက်ရေးတိုက်ပွဲကို သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်တွဲတိုက်ပွဲဝင်ရင်း၊ ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ရောက်တိုင်း သူအလွန်နှစ်သက်တဲ့ အုန်းနို့ ခေါက်ဆွဲဖြင့် အမှတ်တရ ဆွမ်းသွတ် ပွဲကို နှစ်စဉ် သတိတရ ကျင်းပကြပါတယ်။ ဒေါ်ခင်ကြည် ကောင်းရာသုဂတိလားပြီး ရောက်ရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေ။

မျိုးဆက်သမီး ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ်ဘ၀က အမြန်ဆုံးလွတ်မြောက်ပြီး ကွယ်လွန်သူ မိခင် ဒေါ်ခင်ကြည်နဲ့  ဖခင်ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲ့  ဆန္ဒများအတိုင်း မြန်မာပြည်သူများရဲ့  မျှော်လင့်ချက်များကို အမြန်ဆုံးဖေါ်ဆောင်နိုင်ပါစေလို့  ကျမတို့ အနေနဲ့  ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ်နှစ်ဆယ်ပြည့်နေ့ မှာ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

မှတ်ချက်။ ။ Burma Point အဖွဲ့ ဝင် ကိုအောင် ထံမှ အမေးအဖြေ ပြုလုပ်၍ တင်ပြသည်။
http://www.burmapoint.com/index.php?option=com_content&view=article&id=24:daw-khin-kyi-biography&catid=13:statements-and-press-release&Itemid=11 မှဖော်ပြပါသည်။

No comments:

Post a Comment