Tuesday, April 14, 2009

ရှုပ်ထွေးလာသည့် အယူအဆများ (ပထမပိုင်း)

ဦးဖိုးသာအောင်

ယနေ့မြန်မာ့နိုင်ငံရေးသည် ရှေ့ မတိုးသာ၊ နောက်မဆုတ်သာသော အခြေအနေမျိုးမဟုတ်ပါ။ စစ်အာဏာရှင်တွေဘက်က ရှေ့ သို့တိုးသထက်တိုးနေပြီး အတိုက်အခံဆိုသူတွေရဲ့ဘက်က နောက်သို့ဆုတ်ယုတ်သထက် ဆုတ်နေသော အခြေအနေပင်တည်း။

ဒီလိုပြောတော့ အတိုက်အခံနိုင်ငံရေးဘက်က ဦးဆောင်ခေါင်းရွက်ပြုနေသူများနှင့် ၎င်းတို့၏ နောက်မှကပ်လိုက်နေသူများ၊ နိုင်ငံရေး ဘန်းပြပြီးကြီးပွားချမ်းသာနေသူများနှင့် လက်ဝေခံစားဖားများအပြင် တတိုင်းပြည်လုံး စစ်အာဏာရှင် လက်အောက်မှ မလွတ်လျှင်လည်း နေပါစေ ဒို့ပါတီနဲ့ ဒို့လူတစု နိုင်ငံရေးစင်မြင့်ပေါ်မှ ကျဆုံးမသွားရေးကို ကိုင်စွဲနေကြသူများ ကတော့ ကြိုက်ချင်မှကြိုက်ပါလိမ့်မည်။ သို့သော် မြန်မာ့အတိုက်အခံ နိုင်ငံရေးအခြေအနေကတော့ သုံညတန်းကို ရောက်နေတာ အမှန်ပါ။

အနှစ်နှစ်ဆယ်လုံးလုံး ကုလသမဂ္ဂကလိုလို၊ ပြည်တွင်းက ထချတော့မယ် လိုလို စတဲ့ လေတလုံး၊ မိုးတလုံး အသံဗလံ တွေလည်း အခုတော့ ပတ်တောပိတ်ကုန်ကြပါပြီ။ ပြောတာတွေ ဖြစ်မလာတော့လည်း မောပြီးရပ်သွားကြတာလား၊ ရှက်သွားကြ တာလားတော့ မပြောတတ်ပါ။ ရေဒီယိုတွေမှာ ဘာပြောရမှန်းမသိလို့ ငြိမ်ကုတ်နေကြဟန်တူလေရဲ့။

သို့သော် သူ့ဆန်စားရဲမှ ဆိုသလို သူ့ပရီပိုဇယ် ယူထားမှတော့ တောင်တောင်အီအီလေးတွေ ပြောနေအုံးမှဆိုပြီး ရေဒီယိုမှာ ကြိုးကြားကြိုးကြား အသံလေးတွေတော့ ကြားနေရဆဲပါ။ ပရီပိုဇယ်စားတွေရဲ့ ဒုက္ခကတော့ ကြီးလှပါတယ်။ လုပ်ရာလုပ်ကွက်လေး တွေကလည်း ပြတ်သွားလို့ မဖြစ်ဘူးပေါ့။ ဒီတော့ ထပ်ချီးကင်ပိန်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လတ်မှတ်ထိုး လှုပ်ရှားမှုဆိုတာကို လုပ်နေကြပြန်လေရဲ့။ ပရီပိုဇယ်ပေး အင်ဂျီအိုကြီးတွေကလည်း သိသိကြီးနဲ့ ပေးနေကြလေရဲ့။ သူ့အကျိုး၊ ကိုယ့်အကျိုး တွေပေါ့။ ဒီလိုနဲ့ နိုင်ငံရေးရေစုန်မျောနေတာ ကြာလှပါပြီကော။ ရေဒီယိုအသံတွေကို သတိထားနားဆင်ကြည့်ပါ။ မြန်မာပြည်မှာ မီးတွေပျက်နေမှု၊ ဝန်ထမ်းတွေ အကျင့်ပျက်နေမှု၊ စစ်သားတွေ အထက်အောက်ကွာခြားမှု၊ အစားအစာတွေကို ဆေးဆိုးလို့ ဘယ်လို လုပ်ကြမလဲ စတဲ့ ဝေလေလေ ကဏ္ဍတွေကိုပဲ ရေးကြီးခွင်ကြယ်လုပ်ပြီး လွှင့်ထုတ်နေရတာ တွေ့ရပါလိမ့်မယ်။ ဒါက အတိုက်အခံ တွေရဲ့ဘက်က နိုင်ငံရေး သေနေတာကို ပြတာပါပဲ။

နိုင်ငံရေးပဲပြောပြော တော်လှန်ရေးပဲဆိုဆို ရေရှည်လာပြီဆိုတော့ တယောက်နဲ့တယောက် အပြစ်တင် အပြစ်မြင်လာ ကြတာက ဓမ္မတာပါ။ လိုလည်းလိုအပ်ပါတယ်။ မအောင်မမြင်ဖြစ်လေလေ ဝေဖန်ရေးတွေ အားကောင်းဖို့ လိုလေလေပါပဲ။ ချို့ယွင်းချက်တွေ အားနည်းချက်တွေကိုလည်း ပြုပြင်ကြဖို့ပါပဲ။ ဒါကတော့ တကယ့်နိုင်ငံရေးသမားတွေကို ပြောတာပါ။ နိုင်ငံရေးလောကထဲက သူခိုးတွေ၊ ကလိမ်ခြုံတွေကို မဆိုလိုပါဘူး။

၂၀၀၉ ထဲဝင်လာတော့ န.အ.ဖ ရဲ့ ခြေလှမ်း (၇) လှမ်းကလည်း ပြည့်ကာနီးလာပါပြီ။ အခု ရွေးကောက်ပွဲလုပ်တော့မယ်။ ကုလနဲ့ နိုင်ငံတကာကလည်း လွတ်လပ်သော စစ်မှန်သော ပွင့်လင်းသော ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ကြောင်းတွေ ပြောလာကြပါတယ်။ ဒီစကားတွေသည် စစ်မှန်ပွင့်လင်းတဲ့ ရွေးကောက်ပွဲဖြစ်၊ မဖြစ်ဆိုတာ အပထား န.အ.ဖ ရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတာကို အသိအမှတ်ပြုကြတဲ့ သဘောပါပဲ။ စစ်ဗိုလ်တမတ်သား ပါလီမန်ကို ကုလနဲ့ နိုင်ငံတကာက လက်ခံတဲ့သဘောပါ။ အဓိကလည်းကျ၊ စူပါပါဝါလည်းဖြစ်တဲ့ အမေရိကန်ကတောင် ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုနိုင်လို့ပြောသံမကြားရ သေးပါ။ ဒီတော့ အတိုက်အခံတွေဘက်က ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဖြစ်နေတဲ့ အခြေအနေပါပဲ။ ဒါက ဘာကိုပြသလဲဆိုရင် အတိုက်အခံတွေဘက်မှာ အဂ္ဂမဟာဗျူဟာ (တနည်းအားဖြင့်) နိုင်ငံရေး ရည်မှန်းချက် မရှိခြင်းနဲ့ လွဲချော်နေခြင်းပါပဲ။

အတိုက်အခံတို့ဘက်မှကြည့်သော် တိုက်ပွဲတာရှည်ပြီး ရှုံးရေနှင့် ရင်ဆိုင်နေရချိန်မှာ ရှုပ်ထွေးတဲ့ အတွေးအခေါ်တွေ အများအပြား ထွက်ပေါ်လာနေပါတယ်။ ဒီမိုကရေစီသည် အရှေ့မှလာ မလိုလို၊ အနောက်မှ လာမလိုလို၊ အထက်မှ လာမလိုလို၊ အောက်မှ လာမလိုလိုနဲ့ ရှုပ်ထွေးတဲ့ အတွေးအခေါ်တွေက ရှုပ်ထွေးတဲ့ လမ်းညွှန်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါတွေကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရေးမဝင်ရေး၊ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ဆွဲကိုင်ရေး၊ စွန့်လွှတ်ရေး၊ ပြည်ပကို အားကိုးရေး၊ အားမကိုးရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆုတ်ကိုင်ထားရေး၊ စွန့်လွတ်ရေး၊ လူထုလှုပ်ရှားမှု သက်သက် တိုက်ပွဲလမ်းစဉ်ကိုပဲ အားကိုးရေး၊ အားမကိုးရေးစတဲ့ အချက်တွေကိုတွေ့ရပါတယ်။

ရွေးကောက်ပွဲဝင်ရေးဆိုတဲ့ဘက်က ရပ်ကြသူတွေကတော့ လက်ရှိအနေအထားသည် စစ်အာဏာရှင်ကို ဘယ်လိုမှ တွန်းလှန်နိုင်တဲ့ ပုံမပေါ်ပါလို့ အခြေခံအားဖြင့် ခံယူထားကြသူများဖြစ်မှာပါ။ အတွေးအခေါ်၊ ထွက်ပေါက်ပိတ်သွားသူများလည်း ဖြစ်ပါတယ်။ ဒီတော့ ထိုသူများက စစ်ဗိုလ်တမတ်သား ပါလီမန်ထဲမှာ ပေးသလောက်ယူ၊ ကျွေးသလောက်စားပြီး ရေရှည်မှာ တဖြည်းဖြည်းနဲ့ စစ်အာဏာလျှော့ပါးသထက် လျှော့ပါးလာရေးကို စီမံကိန်းချဆောင်ရွက်မယ် ဘာညာဆိုပြီး ရောသမမွှေကြမယ့် သူတွေပါ။ အင်ဒိုနီးရှားတို့၊ ထိုင်းတို့ကိုလည်း နမူနာတွေပြတတ်ကြပါတယ်။ ရွေးကောက်ပွဲဝင်ရေးသမား အများစုကတော့ အတွေးအခေါ်အရ ဟုတ်မယ်မထင်ပါဘူး။ ခံနိုင်ရည်အားနည်းပြီး နေရာသမားတွေပဲ ဖြစ်နိုင်ပါတယ်။ နှစ်ပေါင်းခြောက်ဆယ်လောက် လက်နက်ကိုင်တော်လှန်ရေး လုပ်သူကလုပ်၊ အနှစ်နှစ်ဆယ်လောက် တိုက်ပွဲဝင်သူတွေက ဝင်နဲ့ နောက်ဆုံးတော့ တဖြည်းဖြည်း လုံးပါးပါးခဲ့ကြပြီဆိုတော့ စစ်အာဏာရှင်နဲ့ ပေါင်းတာပဲ အကောင်းဆုံးလို့ ယူဆပြီးရွေးကောက်ပွဲဝင်မည့်သူများ (တနည်းအားဖြင့်) သာရာနားမည့်သူများပါပဲ။ ဒီနေရာမှာ ပြည်တွင်းတွင်လည်း တော်လှန်ရေးဆက်လုပ်လို့ မရနိုင်တော့တဲ့ အခြေကိုဆိုက်၊ ပြည်ပမှာလည်း ဆက်လုပ်ဖို့အခွင့်အလမ်းက မရှိလို့ အတွေးအခေါ်ရော လှုပ်ရှားမှုပါ ထွက်ပေါက်ပိတ်သွားသူများလည်း ပါကြပါတယ်။

ဝင်ရေးနဲ့ ဆန့်ကျင်ဘက် မဝင်ရေးသမားများဘက်မှာလည်း အမြင်အမျိုးမျိုးရှိနိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ထာဝရစစ်တပ် ကြီးစိုးရေးကို ဦးတည်ရေးဆွဲထားတဲ့အတွက် လုံးဝလက်မခံနိုင်သူများ၊ စစ်အာဏာရှင်နှင့် ပူးပေါင်းပြီး ဒီမိုကရေစီကို တဖြည်းဖြည်းပုံဖော်သွားနိုင်သည်ဆိုတာကို မယုံကြည်ဘဲ ဆက်လက်ပြီးတိုက်ပွဲဝင်သွားမည့် သူများရှိကြသလို၊ ပြည်ပတွင် ပရီပိုဇယ်နှင့် ကြီးပွားနေသူများ၊ ပရီပိုဇယ် ရနေသ၍ တော်လှန်ရေးအဓွန့်ရှည်နေစေချင်သူများ၊ ပရီပိုဇယ်မရတဲ့အခါကြတော့လည်း တတိယနိုင်ငံ တခုခုမှာ အခြေချနေထိုင်ခွင့် ရရှိနေသူ၊ အခြေချနေထိုင်ခွင့်ရရန် သေချာနေသူများလည်း ရှိကြပါတယ်။

လက်နက်ကိုင်လမ်းစဉ်ကို စွဲစွဲမြဲမြဲယုံကြည်လက်ခံကျင့်သုံးနေသူများလည်း ရှိနေပါတယ်။ ပြည်တွင်းရော၊ ပြည်ပမှာပါ။ ပြည်တွင်းမှာတော့ လက်နက်ကို ကိုင်လို့ရသမျှ ကိုင်ထားမှဖြစ်မယ်။ လက်နက်ကို စွန့်လိုက်လျှင် ကိုယ့်လည်ပင်းပေါ် သူ့ဓါးကို တင်ပေးသလိုဖြစ်မယ်လို့ ယူဆနေသူများ၊ စစ်အာဏာရှင်ဆိုတာကို လေနဲ့တိုက်နေလို့မရ၊ လက်နက်နှင့်တိုက်မှ ရမည်လို့ ခံယူသူများ၊ လက်နက်ကို အလွယ်တကူစွန့်ပြီးမှ စစ်အာဏာရှင်နှင့်စကားပြောလို့ မဖြစ်နိုင်ဟု ယူဆသူများ၊ ပြည်ပမှာတော့ လက်နက်ကိုင် တော်လှန်ရေးကို နိုင်ငံကြီးများက အားမပေးတာကို သိပေမယ့် လက်နက်ကိုင်တော်လှန်ရေးနဲ့ အင်အားစုတွေသည် ရှိမှဖြစ်မယ်၊ ကြီးထွားမှဖြစ်မယ်လို့ နားလည်လက်ခံပြီး အားပေးကြိုးစားနေသူများ၊ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည် အနုနည်းသက်သက်ဖြင့် မရနိုင်လို့ယုံကြည်သူများပဲ ဖြစ်ပါတယ်။

လက်နက်ကိုင်လမ်းစဉ်ကို ပစ်ပယ်သူများသည် လက်နက်ကိုင်တော်လှန်ရေးသည် မြန်မာပြည်နှင့် မသင့်တော်ဟု ယူဆသူများ၊ ထိုသူများကတော့ မြန်မာပြည်တွင် ဒီမိုကရေစီရရှိနိုင်ရေးအတွက် အနုနည်းသက်သက်ကို ကိုင်စွဲထားကြသော တလမ်းမောင်းသမားများပါ။ ရှစ်ဆယ့်ရှစ် လူထုအုံကြွမှုကြောင့် မ.ဆ.လ ပြုတ်ကျခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲသည် ရာစုနှစ်ထက်ဝက်ကျော်သော်လည်း ဘာမျှဖြစ် မလာပါဟု ပြောလေ့ရှိသူများ၊ လက်တွေ့မကျတဲ့ ဒေါက်တာဂျင်းရှပ်ကို ကိုးကွယ်ပြီး ၎င်း၏ လမ်းစဉ်အတိုင်း အောင်မြင်နိုင်သည်ဟု ယုံကြည်သူများ၊ လက်နက်ကိုင်တိုက်ပွဲများ မအောင်မမြင်ဖြစ်ခဲ့ပြီး စိတ်ပျက်ကာ အနုနည်းဘက်သို့ ကူပြောင်းသူများရှိကြသလို အကြမ်းမဖက်မှ ပရီပိုဇယ်ရမည်၊ ပရီပိုဇယ်ရမှ နိုင်ငံရေးဆက်လုပ်နိုင်မည်ဆိုကာ ပရီပိုဇယ်ရေစီးကြောင်းတွင် မျောပါနေသူများ၊ ၎င်းတို့သည် လက်နက်ကိုင် လမ်းစဉ်ကို သူများက အကြမ်းဖက်ဟု ရောထွေးရှက်တင်ပြောဆိုမှုအတိုင်း ခံယူနေသူများပင်ဖြစ်ပါတယ်။

ပြည်ပကိုအားကိုးရေး၊ အားမကိုးရေးကိစ္စကတော့ နက်ရှိုင်းမှုရှိပါသည်။ ပြည်ပကို အားမကိုးရေး အယူအဆရှိသူက အတိုက်အခံ အင်အားစုတွေဘက်မှာ အများစုကြီးလို့ ယူဆနိုင်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးသည် ပြည်တွင်းရေးသက်သက်ဟု အလေးအနက်ခံယူကြပါတယ်။ ဒါကြောင့် ကိုယ့်ပြည်တွင်းရေး ကိုင်ရှင်းရမယ်။ လူထုအားသည်သာ ပဓါနပါ။ ဘယ်နိုင်ငံ၊ ဘယ်အုပ်စုကမှ မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်မည် မဟုတ်ပါလို့လည်း ပြောလေ့ရှိပါတယ်။ အထူးသဖြင့် ကွန်မြူနစ်နဲ့ လက်ဝဲယိမ်းသူတွေက ပိုပြီးပြောကြပါတယ်။ သူများကို အားမကိုးဘူးဆိုလျှင် မိမိကိုယ်ကိုယ်အားကိုးပြီး လုပ်နိုင်ရပါလိမ့်မယ်။ နှစ်ပေါင်းများစွာ ကိုယ့်အားကိုယ်ကိုးခဲ့တာ မအောင်မြင်ဘူး ဆိုရင်တော့ ပြန်လည်သုံးသပ်သင့်ပါတယ်။ မြန်မာပြည်သည် လွတ်လပ်ရေးကို ကိုယ့်အားကိုယ်ကိုးမှု သက်သက်ဖြင့် အလံစိုက်ရယူခဲ့တာ မဟုတ်သည်ကို သတိချပ်သင့်ပါတယ်။ ပြည်ပအားမကိုးရေးဆိုသော ဆိုင်းပုဒ်ကို လူကြားကောင်းအောင် လွှင့်ထူပြီး အထူးသဖြင့် အမေရိကန် မဝင်ရေး၊ အနောက်အုပ်စုက ဝင်မရှုပ်ရေးကို အားထုတ်လုပ်ကိုင်နေကြတဲ့ လူတန်းစား တန်းတူရေးသမားများပင် ဖြစ်ပါတယ်။

ပြည်ပကိုအားကိုးရေး အယူအဆရှိသူများကတော့ အတိုက်အခံနိုင်ငံရေးသမား လူနည်းစုသာ ဖြစ်နိုင်ပါတယ်။ သို့သော် မြန်မာပြည်သူလူထု တရပ်လုံးကတော့ ပြည်ပက ဘယ်နိုင်ငံကပဲ လာပြီးတိုက်ပေးပါစေ လက်ကမ်းကြိုဆိုမှာပါ။ အတိုက်အခံဆိုသူတို့ရဲ့ တော်လှန်ရေးဆိုတာတွေကို စိတ်ရှည်သီးခံနိုင်စွမ်းမရှိတော့လို့ပါ။ ပြည်တွင်းမှာ လှုပ်ရှားတော့လည်း လှုပ်ရှားရကျိုးက မနပ်ဘဲ ထောင်နဲ့ အဆုံးသတ်တယ်။ ပြည်ပကလည်း ကြိုဆို၊ ကန့်ကွက်၊ လော်ဘီ၊ ဖိုရမ်တွေနဲ့ ရေစုန်မြောခဲ့တာ အနှစ်နှစ်ဆယ်ရှိလာလို့ပါ။ ဒီတော့ ပြည်တွင်းလူထုက ပြည်ပကိုအားကိုးတာ မဆန်းပါဘူး။ အတိုက်အခံအဖွဲ့တွေထဲက ပြည်ပကိုအားကိုးပြီး နိုင်ငံရေးလုပ်တာကိုတော့ ပြောင်ပြောင်တင်းတင်းလုပ်တာမတွေ့ကြရသေးပါဘူး။ န.အ.ဖ က ပုဆိန်ရိုးလို့ စွတ်စွဲမှာကို ကြောက်နေလို့လားတော့ မပြောတတ်ပါ။ သို့သော် ပြည်ပအားကိုးမှ ပွဲပြတ်မယ်လို့ အယူအဆရှိနေသူများလည်း ရှိကြပါတယ်။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ဆုတ်ကိုင်ထားသူများလည်း ရှိကြပါတယ်။ အထူးသဖြင့် ပြည်တွင်းက အောင်ပွဲရ NLD ပါတီဝင်တွေပါ။ ပြည်ပရောက်အတိုက်အခံဆိုသူများကတော့ ဒီကိစ္စအပေါ်မျာ ကိုယ်ပိုင်ပြဌါန်းဆုံးဖြတ်ထားတာ သိပ်မတွေ့ရပါဘူး။ ပြည်တွင်း NLD က သွားတဲ့ လိုင်းပေါ်မှာပဲလိုက်ပြီး လျှောက်နေပါတယ်။ ပြည်တွင်း NLD ကို ဝေဖန်ဆန့်ကျင်တာမျိုးကို သတိနဲ့ ရှောင်ကျဉ်ခဲ့ကြပါတယ်။ ၉၀ ခုနှစ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး စစ်မှန်သော တရားမျှတသော သမိုင်းဝင်ရွေးကောက်ပွဲအဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့ပါတယ်။ ဒီရလဒ်ကို သစ္စာရှိရှိစောင့်သိလက်ခံကြသူများ ရှိပေမယ့် လမ်းပေါ်မှာလမ်းပျောက်သလို ခံစားနေရသူများလည်း ရှိနေပါတယ်။

၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပြစ်ပယ်သူများကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံသူများနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မည့်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပင် ဖြစ်ပါတယ်။ န.အ.ဖ ၏ ၂၀၁၀ ဖွဲ့စည်းပုံကို လက်ခံယုံမှတပါး တခြားမရှိဟုဆိုကာ အတွေးအခေါ်ထွက်ပေါက်ပိတ်သွားသူများလည်း ဖြစ်နိုင်ပါတယ်။

အနုနည်းနဲ့ ဆန္ဒပြတိုက်ပွဲဝင်ရေးလမ်းစဉ်ကိုသာ အားကိုးအားထားပြုရမည်ဆိုသည်ကို အမှန်တရားဟု ယုံကြည်နေကြ သူများရှိ သလို အနှစ်နှစ်ဆယ်မျှကြာညောင်းလာပေမယ့် ရလဒ်က မှုန်ဝါးနေဆဲ ဖြစ်နေတာမှို့ အခြားလမ်းကြောင်းများကိုလည်း ပြောင်းလဲကျင့်သုံးရန် တွေးခေါ်လာကြသူများလည်း ရှိလာကြပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရပေါ်ထွန်းရေးမှာ စိတ်ရှည် လက်ရှည်ဖြင့် အချိန်တချိန်ကို စောင့်ကြရအုံးမည်ဖြစ်ကြောင်း ပုရောဟိတ်လိုလို၊ ပဏ္ဏိတ်လိုလို ပြောဆို ယူဆနေသူတွေလည်း ရှိနေပြန်ပါတယ်။

မည်သို့ဆိုစေ ငါးနှစ်အတွင်း၊ ဆယ်နှစ်အတွင်း၊ ဒီမိုကရေစီအစိုးရ တရပ်ပေါ်လာရမည်၊ ဟောသည်လို နည်းလမ်းရှိသည်လို့တော့ မည်သူတဦးတယောက်ကမျှ ပြောဆိုနိုင်ခြင်း မရှိသေးပါ။ စစ်တပ်ဦးစီးတဲ့ အစိုးရတရပ်ကသာလျှင် ဒီမိုကရေစီကို တဖြည်းဖြည်း ဖော်ဆောင်ပေးနိုင်သည်ဟူသော အယူအဆသည်သာ ကြီးထွားလာနေတာတွေ့နေရပါကြောင်း။ ။

လင်းရောင်ခြည်မှ ရယူပါသည်။

No comments:

Post a Comment