Sunday, April 19, 2009

မွန်ပြည်သစ်ပါတီဝင်တစ်ဦး မော်လမြိုင်မြို့အနီးလုပ်ကြံခံရ

Kaowao/

ဧပြီ ၁၉၊ ၂၀၀၉။

မော်လမြိုင်(ဧပြီ-၁၉)။ ။မွန်ပြည်သစ်ပါတီမှ ခရိုင်ကော်မီတီဝင်အဆင့်ရှိ နိုင်မင်းနောင် ယမန်နေ့ညနေပိုင်း(၄) နာရီခန့်တွင် မော်လမြိုင်-မုဒုံမော်တော် ကားလမ်းမပေါ် ရိုးဂိုးကျေးရွာအနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည် ကို ရဲစခန်းအကြောင်းကြားချက်အရ သိရကြောင်း မွန်ပြည်သစ်အရာရှိများ ပြောပြခဲ့သည်။

နိုင်မင်းနောင်(ခေါ်) ဒေါက်တာမင်းနောင် BVS အသက်(၄၀) ခန့်သည် ရုံးတာဝန်အရ မော်လမြိုင်မြို့ရှိ ဘဏ်တခုတွင်ငွေထုတ်အပြီး မုဒုံမြို့နယ်၊ ကမာဝက်ရွာနေအိမ်သို့ တစ်ဦးတည်း မော်တော်ဆိုင်ကယ်စီး၍ ပြန်လာစဉ်

နောက်ကျောမှ 9-MM ပစ္စတိုဖြင့်တစ်ချက် အပစ်ခံရသည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ရွှေသိန်းပြောပြ ရာတွင် “အဘယ်ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ အကြောင်းအရာ ဖြစ်နိုင် ချေတွေအမျိုးမျိုးရှိနေတယ်၊ စုံစမ်းမှုတွေမပြီးသေးတော့ အတိအကျပြောလို့မရသေးဘူး၊ ဒါပေမဲ့ ဆန်အရောင်းအဝယ် ကိစ္စတွေမှာ ပဋိပက္ခများရှိခဲ့လို့လား၊ ငွေအများကြီးသယ်လာတာကို ကြိုတင်သိထားတော့ ဒီငွေကိုပဲလိုချင်လို့လား၊ လူတွေ့သွားလို့ ငွေမယူဖြစ်လိုက်တာလား၊ အမျိုးမျိုးပေါ့လေ တွေးစရာတွေ အများကြီးရှိနေတယ်”ဟုဆိုသည်။

မွန်ပြည်သစ်ပါတီအတွက် ဆန်ရိက္ခာဝယ်ယူရန် ဘဏ်မှငွေထုတ်ခဲ့ခြင်းဖြစ်သည်။ သူနှင့်တစ်ပါတည်း ပါလာသည့် မြန်မာငွေကျပ် သိန်း(၁၈၀) ကျော်ကို ပစ်ခတ်သူများ မယူဆောင်သွားခဲ့ပေ။ လောလောဆယ်တွင် အဆိုပါငွေများကို မွန်ပြည်နယ်ရဲမှ သိမ်းဆီးထားသည်။

ငွေများကို သေနတ်သမားများမယူဆောင်ခဲ့သည်မှာ သူကိုတမင်လုပ်ကြံခြင်းသာ ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီဝင် တစ်ချို့က ယူဆနေကြသည်။ မော်တော်ဆိုင်ကယ်စီးလာစဉ် နောက်ဘက်မှ မော်တော်ယဉ် (သို့မဟုတ်) မော်တော် ဆိုင်ကယ်ဖြင့် သေနတ်သမားများ နောက်ယောင်ခံလိုက်လာကာ ပစ်ခတ်ခဲ့သည်ဟု ယူဆနေကြသည်။

သူ၏ရုပ်အလောင်းကို သက်ဆိုင်ရာတို့မှ မော်လမြိုင်မြို့ ပြည်နယ်ဆေးရုံသို့ယူဆောင်သွားပြီး သက်ဆိုင်ရာမှ ဆေးစစ် ချက်များ ပြုလုပ်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့သုဿန်၌ သူ၏ရုပ်အလောင်းကို မီးသဂြိုလ်ခဲ့သည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီတွင် နိုင်မင်းနောင်၏ လက်ရှိတာဝန်မှာ မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးကော်မီတီ (ဗဟို) အတွင်း ရေးမှူးဖြစ်သည်။ မွန်ပြည်သစ်ပါတီ သတ္တမအကြိမ် ညီလာခံကျင်းပပြီးချိန်တွင် ဤတာဝန် ပေးအပ်ခြင်းခံခဲ့ရသည်။ ထိုသို့မတိုင်မီတွင် ဘုရားသုံးဆူဒေသ၌ မြို့နယ်အတွင်းရေးမှူး ဖြစ်ခဲ့သည်။

ယခုအခင်းဖြစ်ပွားရာနေရာသည် မော်လမြိုင်မြို့အဝင် အလွန်နာမည်ကြီးသည့် “ရိုးဂိုး” အဖွဲ့ပေါင်းစုံ ဆန်းစစ်ဂိတ်ကြီး နှင့် (၃) ဖာလုံခန့်သာဝေးကွာပြီး မော်တော်ယဉ်အသွားအလာများသည့် မော်လမြိုင်-ရေး-ထားဝယ် မော်တော်ကား လမ်းမကြီး၏ တစ်ခုတည်းသော ပင်မလမ်းကြောင်းကြီး ပေါ်တွင် ဖြစ်သည်။

၁၉၉၅-ခုနှစ် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်ရပ်ပြီးနောက်ပိုင်း မြို့ပေါ်ဒေသများတွင် မွန်ပြည်သစ်ပါတီဝင် အပေါ် ပထမဆုံးအကြိမ် ဖြစ်ပေါ်ခဲ့သောလုပ်ကြံမှုဖြစ်သည်။ မြို့ပေါ်ဒေသများတွင် ထိပ်ပိုင်းမွန်ပြည်သစ်ပါတီဝင် ခေါင်းဆောင်အချို့၏ သီးသန့်လုံခြုံရေးမှလွဲ၍ အခြားပါတီဝင်များ မည်သည့်လက်နက်မှ ကိုင်ဆောင်ခွင့်မရှိကြပေ။

သို့သော် အခြားငြိမ်းချမ်းရေးအဖွဲ့များမှာမူ မော်လမြိုင်မြို့ပေါ်တွင် ပစ္စတိုကဲ့သို့သော လက်နက်ငယ်များ ကိုင်ဆောင် နေသည်ကို ဒေသခံများမြင်တွေ့နေရ၏။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်