Friday, December 25, 2009

အာဇာနည် ဘလော့ခ်မှ ပြည်တွင်းရှိ ညီအစ်ကို များအတွက် ဆုမွန်တောင်း ခရစ်မတ်(စ်)

မြန်မာပြည်တွင်းရှိ ပြည်သူအားလုံး နေကောင်းကျန်းမာ ကြပါစေ။

အပြည့်အစုံသတင်းဖတ်ရန်....

အရှက်မရှိပါတဲ့.. မြန်မာစစ်အစိုးရ

Summary
မြန်မာ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကုလ အထွေထွေ ညီလာခံ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ

25 December 2009

မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ အကြီးအကျယ် ချိုးဖောက်နေတဲ့အတွက် ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ကြာသပတေးနေ့က အတည်ပြုလိုက်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြဋ္ဌာန်းချက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်များအား တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် နိုင်ငံသား ဂျွန် ၀ီလီယံ ယက်တော (John William Yettaw) ရေကူးပြီး အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အတွင်းကို ၀င်ရောက် နေထိုင်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေး အပြစ်ပေးခဲ့တဲ့အတွက် အထူးစိုးရိမ်ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားတဲ့ အဲဒီပြဋ္ဌာန်းချက်ကို ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ၈၆ နိုင်ငံက ထောက်ခံ၊ ၂၃ နိုင်ငံက ကန့်ကွက်ပြီး ၃၉ နိုင်ငံက မဲမပေးဘဲ နေကြပါတယ်။
၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို အုပ်စိုးလာခဲ့တဲ့ စစ်တပ်က ၁၉၉၀ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိလိုက်တဲ့အခါ စစ်အစိုးရက အာဏာလွှဲမပေးဘဲ နိုင်ငံကို ဆက်လက် အုပ်ချုပ်နေပါတယ်။
http://www.voanews.com/burmese/2009-12-25-voa1.cfm

အပြည့်အစုံသတင်းဖတ်ရန်....

နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား..

ပြီးခဲ့တဲ့ (၂၄)ရက်နေ့ ကြာသာပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အယူခံအမှုကိစ္စ အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေဆုံခွင့်ရခဲ့ပါတယ်။ ရှေ့နေများသွားရောက် မတွေ့ဆုံမှီ တရက်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုအား အမေရိကန်၌ နေထိုင်နေသူ အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးဟန်တိုးမှ ကန့်ကွက်ခဲ့သဖြင့် မြို့တော်စည်ပင်က ရပ်ဆိုင်းခိုင်းခဲ့ပါတယ်....။


အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက အိမ်ရဲ့လက်ရှိ အခြေအနေကို ပြောဆိုရာမှာ " အန်ကယ်တို့ အမြင်မှာကတော့ နေရတာ အဆင်မပြေဘူးလို့ မြင်ပါတယ်..... ဘာလို့လဲဆိုတော့ အိမ်မှာ မျက်နှာကျက်တွေက အစခွာထားတယ်.... တခြမ်းကို ပြင်ဆင်နေတဲ့ အတွက် အိမ်ရဲ့တခြားဘက်အခြမ်းမှာ သွားနေနေရတာပါ.... အိမ်က ပြင်ဆင်နေဆဲကာလ ဖြစ်တဲ့အတွက် အဆင်မပြေတာတွေ အများကြီးပေါ့... ပြတင်းပေါက်က သံပန်းတွေတောင် ခွာပြီးပြင်ဆင်ထားရတာ.... အခုလို အိမ်ပြင်ဆင်ရေးကို ရပ်ဆိုင်းလိုက်ရတော့ အိမ်ရဲ့ ပြတင်းတံခါးတွေတောင် ပြန်မတပ်ရသေးဘူး.. အဲ့ဒါကို အလုပ်သမားလေးတွေက သစ်သားတွေနဲ့ ပြန်ရိုက်ပေးထားရတာပေါ့....." ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်...။

နေအိမ်ပြင်ဆင်ဆဲ ကာလမှာ မည်သူမဆို အခိုက်အတန့်တော့ ဒုက္ခရောက်ကြပါတယ်... အိမ်ပြင်ဆင်ပြီး နေသားတကျဖြစ်မှသာ အစစအရာရာအဆင် ပြေကြတာပါ.... ယခုလိုပြင်ဆင်နေတာကို ရပ်ဆိုင်းလိုက်တာဟာ နေထိုင်နေရသူတွေ အတွက်အင်မတန်မှ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ လုံခြုံမှုလည်း အနည်းနဲ့ အများထိခိုက် စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်ပြင်ဆင်ခွင့်ရဖို့ မြို့တော်စည်ပင်ရဲ့ ခွင့်ပြုချက်ရယူပြီးမှ အာဏာပိုင်များနဲ့ ညှိနှိုင်းပြီး ပြင်ဆင်ခွင့်ရလို့ ပြင်ဆင်ခဲ့တာပါ.... ။

ဆက်လက်ပြီး ရှေ့နေကြီးဦးဥာဏ်ဝင်းမှ " ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စအပေါ်မှာ တစုံတရာ Complain တက်ခြင်း မရှိပါဘူး.... ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ အိမ်ပြင်ဆင်ဆဲ ကာလမှာ အိမ်ပြင်ဆင်မှု ရပ်ဆိုင်းတဲ့ အတွက် အဆင်မပြေတာတွေ ရှိပေမယ့် အမှတ်မထားပါဘူး... အမိန့်ပေးတဲ့ ညွန်ကြားချက်ကို လိုက်နာပါမယ်လို့ ပြောဆိုပါတယ် ..... " ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်... ။

ဒါဟာလူထုခေါင်းဆောင်ရဲ့ အင်မတန်ပျော့ပြောင်းတဲ့ သဘောထားနဲ့ တွေ့ဆုံဆွေးနွေးရေးကို အထိအခိုက်မခံလိုတာ ပေါ်လွင်စေပါတယ်.....။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ ဒေါ်သိန်းလဲ့နွယ်(ခေါ်)ဒေါ်လဲ့လဲ့နွယ်သိန်း)တို့ ပါဝင်ပတ်သတ်နေကြောင်း သိရှိရပါတယ်...။ ဦးအောင်ဆန်းဦးကို စစ်အစိုးရမှ မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များပေးခြင်း၊ အိမ်ဆောက်ရာမှ ကူညီပံ့ပိုးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ ဒေါ်သိန်းလဲ့နွယ်(ခေါ်) လဲ့လဲ့နွယ်သိန်းဘက်မှ ဆွေမျိုးများဟာ ယခုနေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများမှာ လုပ်ပိုင်ခွင့်များ ရရှိနေပါတယ်။

သတင်း...ဒီမိုဝေယံ။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာတို့ရဲ့ ရွေမြန်မာ (ကောင်းလိုက်တဲ့ အစိုးရ အလွန်တော်ပါတဲ့ အစိုးရ)


ဒီပုံကိုကြည့်ပါ ရွှေမြန်မာပြည်အကြောင်း သိနိုင်၊မြင်နိုင်ပါသည်။

http://www.sanghaalliance.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း

ဘွဲ့ဖြူ
၂၅ ဒီဇင်ဘာ ၂၀၀၉

ဗိုလ်နေ၀င်း ဦးဆောင်တဲ့ မဆလ အမည်ခံ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ လုံးဝဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့တယ်။ လက်နက်ကိုင်သူပုန်အဖွဲ့တွေ ထပ်တိုးလာခဲ့တယ်။ နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) ဖြစ်သွားခဲ့တယ်။

ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေတို့ ဦးဆောင်တဲ့ န၀တ၊ နအဖ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေ ရစရာမရှိအောင် ချိုးဖောက်ခံရတယ်။ ဒီမိုကရေစီတောင်းဆိုတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ လမ်းမပေါ်တွေမှာ၊ အကျဉ်းထောင်တွေထဲမှာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံကြရတယ်။ သမိုင်းမှာ မကြုံဖူး မကြားဖူးတဲ့ နှစ်ရှည်ထောင်ဒဏ်ကြီးတွေ ချမှတ်ခံကြရပြီး အများစုဟာ အဲဒီပြစ်ဒဏ်တွေအတိုင်း အတိအကျ ကျခံကြရတယ်။ တချို့ဆိုရင် ပြစ်ဒဏ်ထက်တောင် ကျော်လွန်ပြီး ထောင်ထဲမှာ နေခဲ့ကြရတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေဟာလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် နည်းပေါင်းစုံသုံးပြီး ဒုက္ခပေးတာ ခံခဲ့ကြရတယ်။ အရွယ်ကောင်း မြန်မာပြည်သူအများအပြား ကမ္ဘာလှည့်ပြီး ကျွန်ခံခဲ့ကြရတယ်။ နိုင်ငံဟာလည်း အလုံးစုံပြိုကွဲပျက်သုဉ်းရှုံးနိမ့်တဲ့နိုင်ငံ (Failed State) တခု ဖြစ်သွားခဲ့တယ်။

မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် နှစ် (၆၀) ခရီးကို ပြန်ပြောင်းသုံးသပ်ကြည့်မယ်ဆိုရင် အဲဒီအတိုင်း တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် တချိန်က အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအကောင်းဆုံး၊ နေချင့်စဖွယ်အကောင်းဆုံး နိုင်ငံတခု အခုလိုဖြစ်သွားခဲ့ရ တဲ့ ကိစ္စမှာ အဓိကတရားခံဟာ စစ်အာဏာရှင်စနစ်ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မထောက်မညှာတမ်း မြင်ကြရ ပြောကြရမှာပဲ ဖြစ်တယ်။

မြန်မာစစ်အာဏာရှင်စနစ်ဟာ အလားအလာအကောင်းဆုံးနိုင်ငံ (the most promising state) ကို ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) ဖြစ်သွားအောင် လုပ်ပစ်ခဲ့တယ်။ အဲဒီကမှတခါ ပြိုကွဲပျက်သုဉ်းနေတဲ့ နိုင်ငံ (Failed State) ဖြစ်သွားအောင် ထပ်လုပ် နေတယ်။ ဒါနဲ့တောင် အားမရသေးဘူး။ နိုင်ငံကို ‘အသူရာချောက်’ (Black Hole) ထဲရောက်သွားအောင် ဉာဏ်ပညာ အမြော်အမြင်နည်းပါးစွာ ကြိုးပမ်းနေတယ်။

ဒါကြောင့် တိုင်းပြည်ကို ချစ်မြတ်နိုးသူတိုင်း ဒီကနေ့ ထမ်းဆောင်ကြရမယ့် တာဝန်က အဲဒီစစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ရှင်း လင်းပစ်ရေးပဲဖြစ်တယ်။ အဲဒါကလွဲပြီး တခြားဘာမှမဟုတ်ဘူး။ အဲဒီတာဝန်အစား အခြားတာဝန်တခုခုကို ပိုပြီးအရေးကြီးသယောင် မီးမောင်းထိုးပြနေမယ်ဆိုရင် ဒါဟာ ပြည်သူတွေ ပစ်မှတ်ပျောက်သွားအောင် တွေဝေယိမ်းယိုင်ပြီး ဆုံးဖြတ်ချက် မခိုင်မာမပြတ်သား ဖြစ်သွားအောင် ကြိုးပမ်းတာပဲ ဖြစ်တယ်။

သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း မမှိတ်မသုန် ဆက်လက်ချီတက်သွားမယ်၊ ၂၀၁၀ ရွေးကောက်ပွဲကို ‘ပြည်သူတွေ တခဲနက် အတည်ပြုထား’ တဲ့ ၂၀၀၈ အခြေခံဥပဒေအတိုင်း မဖြစ်မနေကျင်းပသွားမယ်လို့ နအဖ က တနေ့တခြား ပိုပိုပြီးကျယ်လောင်စွာ ဟိန်းဟောက်ပြောဆို လာနေစဉ်မှာ နိုင်ငံရဲ့ ပုဂ္ဂလိကစာနယ်ဇင်း စာမျက်နှာတချို့ပေါ်မှာ ‘လိုင်စင်ရ’ နိုင်ငံရေးစာရေးဆရာတွေရဲ့ မြန်မာလူထုနဲ့ လူထု ခေါင်းဆောင် တွေကို ‘အော်ငေါက်တဲ့’ ‘ချော့မြှူတဲ့’ အရေးအသားတွေကလည်း တနေ့တခြား ပိုပိုပြီး များလာနေတယ်။

သူတို့က မြန်မာစစ်တပ် နိုင်ငံရေးထဲ ၀င်လာတာ၊ ဒီကနေ့အထိ ဆက်ရှိနေတာ၊ နောင်ကိုလည်း ဆက်ရှိနေမှာကို သမိုင်းပေး လိုအပ်ချက် (Historical Necessity) တခုအဖြစ် ပုံဖော်ပြီး အဲဒီအနေအထားဟာ မှန်ကန်တရားမျှတမှု (justifiable) ရှိကြောင်း ရှေ့နေလိုက်ခြင်းဖြင့် မြန်မာပြည် အခုလိုဖြစ်သွားရခြင်းရဲ့ တရားခံအစစ်ကို ဖျောက်ဖျက်ဖုံးကွယ်ဖို့ ကြိုးပမ်းနေကြတယ်။ အနည်းဆုံး တရားခံတွေရဲ့ ပြစ်ဒဏ်လျော့ပါးသွားအောင် ကြိုးပမ်းနေကြတယ်။

အိုးဝေဦးညိုမြရဲ့ ကမ္ဘာကျော်သွားခဲ့တဲ့ အသုံးအနှုန်းကို ခဏငှားပြီး “ငရဲခွေးကြီးလွတ်နေပြီ” (Hell Hound At Large) လို့ပဲ အခုအချိန်မှာ ပြောရတော့မယ်။ အဲဒီ ‘လိုင်စင်ရ’ နိုင်ငံရေးစာရေးဆရာတို့ရဲ့ အကြီးအမှူး ကွန်မြူနစ်လူထွက်ကြီးဟာ ၉၀ ရွေးကောက်ပွဲပြီးစမှာ တပ်မ တော် နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာဖို့ကို လက်မခံခဲ့သူဖြစ်ပေမယ့် ၁/၉၀ ကို ကျနော်တို့ လက်မခံဘူးလို့ ရှင်းရှင်း လင်းလင်း ပြတ်ပြတ်သားသား ပြောဆိုခဲ့သူဖြစ်ပေမယ့်၊ “တပ်မတော်ဟာ အမျိုးသားရေး အင်အားစုတခုဖြစ်တယ်” ဆိုတဲ့ စကားနဲ့ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်လောက်က စစ်တပ်ကို ပထမဆုံး ‘စန်းတင်’ ပေးခဲ့သူဖြစ်ခဲ့တာ ကတော့ ကံကြမ္မာရဲ့ သရော် လှောင်ပြောင်ချက် (Irony) တခုဖြစ်ဟန်ရှိတယ်။

‘လက်နက်နဲ့ ဒီမိုကရေစီလဲရေး’ ဆိုတဲ့ လှပဆန်းသစ်တဲ့ စကားလုံးတခုကို တီထွင်ဖန်တီးပြီး နိုင်ငံရေးအခြေခံ သဘောတရား တခုကို ပုံပျက်သွားအောင်လုပ်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ အဲဒီပုဂ္ဂိုလ်ကြီးဟာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီပြန်လည် ထူထောင်ရေး အလံကိုခြုံပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်လာခဲ့ပြီးတဲ့နောက် အနှစ် (၂၀) နီးပါးအကြာမှာ အဲဒီအလံတော်ကိုပဲ ညစ်ညမ်းနံစော်နေသယောင် ပြောဆိုပြုမူနေပုံတွေကို တွေ့ရကြားရပြန်တာကတော့ ကံကြမ္မာရဲ့ နှစ်ထပ်ကွမ်း သရော်လှောင်ပြောင်မှုလို့ပဲ ဆိုရတော့မယ်ထင်တယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ တပ်မတော်အများစုကြီးဟာ သူတို့သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အမျိုးသားနိုင်ငံရေး အင်အားစုတွေချည်း ဖြစ်ကြ တယ်။ ဒါဟာ ဘာမှထူးထူးခြားခြား စန်းတင်ပြီး ပြောနေစရာ ကိစ္စတခုမဟုတ်ဘူး။ အမေရိကန်တပ်မတော်ဟာ လွတ်လပ်ရေးတိုက်ပွဲ၊ နိုင်ငံမပြိုကွဲရေးတိုက်ပွဲ၊ ဖက်ဆစ်နာဇီဝါဒ ဆန့်ကျင်ရေးတိုက်ပွဲတွေထဲမှာ မွေးဖွားလာတဲ့ တပ်မတော် ဖြစ်တယ်။ ဗြိတိသျှတပ်မတော်၊ ဆိုဗီယက်တပ်မတော်တို့ဟာလည်း ဖက်ဆစ်နာဇီတွေကို အသေအကျေ ဆန့်ကျင်တိုက်ခိုက် လာတဲ့ တပ်မတော်တွေဖြစ်ကြတယ်။ အလားတူ အခြား အခြားသော တပ်မတော်တွေဟာလည်း မိမိတို့ရဲ့ အမျိုးသားရေး အကျပ်အတည်းများအတွင်း မွေးဖွားပေါ်ပေါက် လာတဲ့ တပ်မတော်တွေချည်း ဖြစ်ကြတယ်။ ဒါပေမယ့် မြန်မာပြည်က စစ်ခေါင်းဆောင်တွေမှအပ အခြားဘယ်တပ်မတော် ခေါင်း ဆောင်တွေ ကမှ “ကမ္ဘာကြီးကို ကျုပ်တို့ကယ်တင်ခဲ့တယ်” “တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ ကျုပ်ကယ်တင်ခဲ့တယ်” “ဒီတိုင်းပြည်ကို ကျုပ်ကယ်တင်ခဲ့တယ်” လို့ မပြောခဲ့ကြဖူးဘူး။

အဲဒီလို ပြောပုံဆိုပုံတွေကို မြန်မာပြည်သူလူထုကြီးတရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးကို တဖွဲ့တည်း မောင်ပိုင်စီး ပြီး ‘တပ်မတော်နေ့’ လုပ်ထားတဲ့လုပ်ရပ်။ ‘တပ်မတော်သာအမိ၊ တပ်မတော်သာအဖ’ ဆိုတဲ့ ကြွေးကြော်သံ၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်စသဖြင့် အရေးပါတဲ့ ပညာရေးအဆောက်အုံတွေကို အရပ်ဘက်ကနေ သီးခြားခွဲပြီးထူထောင်ထားတဲ့ လုပ်ရပ်တွေနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့အခါ ထွက်လာတဲ့ အဖြေက တခုတည်းပဲရှိတယ်။ အဲဒါကတော့ မြန်မာပြည်မှာ စစ်တပ်ဟာ အခြားသော အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးရဲ့ အပေါ်မှာရှိတဲ့ (တနည်း) ဥပဒေအထက်မှာရှိတဲ့ တခုတည်းသော အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ အယူအဆကို ပြောင်ပြောင်တင်းတင်း ထူထောင်နေတာပဲဖြစ်တယ်။ အဲသလောက်ရှင်းနေတာကိုတောင် ဝေ့လည်ကြောင်ပတ် တွေးလေ့ပြောလေ့ရှိသူတွေက ရှင်းနေတာကို ရှုပ်အောင် တွေးနေပြောနေကြတဲ့အတွက် စစ်အာဏာရှင်တွေက အဲဒီအယူအဆကို အခြေခံဥပဒေထဲထည့်ဆွဲပြီး အထွတ်တင်ထားတာ ဖြစ်တယ်။

အဲဒီအယူအဆဟာ ဗမာ့ရေမြေသဘာဝနဲ့လည်း ကိုက်ညီမှုမရှိ၊ ဗမာ့ရှေးထုံးအစဉ်အလာတွေနဲ့လည်း ကိုက်ညီမှုမရှိ၊ ဗမာပြည်သူတွေရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်၊ အလေ့အထတွေနဲ့လည်း ကိုက်ညီမှုမရှိတဲ့အပြင် သတင်းဆက်သွယ်ရေး နည်းပညာတွေ အံ့မခန်းတိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစုခေတ် ဒီကနေ့ နိုင်ငံတကာဆက်ဆံရေးသဘောတရားတွေ၊ အခင်းအကျင်းတွေနဲ့လည်း ဘယ်လိုမှ ကိုက်ညီမှုမရှိတဲ့ အဆုံးစွန်ခေတ်ကုန်နေပြီဖြစ်တဲ့ (Extremely Obsolete) အယူအဆ တရပ်ဖြစ်တယ်ဆို ဦးနှောက်ပုံမှန်ရှိသူတိုင်း သိကြတယ်။

ဒါကြောင့် ဒီကနေ့ ဗမာပြည်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး ဦးနှောက်ပုံမှန်ရှိသူတိုင်း လုပ်ဆောင်ကြရမယ့် တခုတည်းသော အလုပ်က ဒီကနေ့ စစ်ခေါင်းဆောင်တွေကို “ခင်ဗျားတို့ရဲ့ အဲဒီအယူအဆဟာ လုံးလုံးလျားလျား မှားယွင်းနေတယ်။ ဒီအယူအဆကို ထူထောင်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ ရှေ့မျိုးဆက်စစ်ခေါင်းဆောင်တွေဟာလည်း အမှားကြီးမှားခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် အဲဒီအယူအဆကို စွန့်လွှတ်ပြီး ပြည်သူတွေဘက်ကို ပြောင်းလာပါ” လို့ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောကြရမှာဖြစ်တယ်။ ထပ်ကာထပ်ကာ ထပ်တလဲလဲ ပြောကြရမှာဖြစ်တယ်။ “လက်နက်နဲ့ ဒီမိုကရေစီလဲပါ” ဆိုတဲ့ စကားကို အခုမှပြောကြရမှာဖြစ်တယ်။ စစ်ခေါင်းဆောင်တွေ ဒီကနေ့ဆုပ်ကိုင်ထားတဲ့ အယူအဆဟာ တိုင်းပြည်အတွက်လည်း အကျိုးမရှိ၊ စစ်တပ်အတွက်လည်း အကျိုးမရှိတဲ့အပြင် ရှေ့အနာဂတ် ခပ်လှမ်းလှမ်းကို မျှော်ကြည့်ရင် အဲဒီအယူအဆကို ဆုပ်ကိုင်ထားတဲ့ စစ်ခေါင်းဆောင်တွေအတွက်လည်း အကျိုးမရှိဘူးဆိုတဲ့ စကားကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောကြရမှာဖြစ်တယ်။ လိုအပ်ရင် အဖမ်းဆီးခံ၊ အညှဉ်းဆဲခံ၊ အသတ်ဖြတ်ခံပြီး ပြောကြရမှာပဲဖြစ်တယ်။

ဂျာမဏီနာဇီထိပ်တန်းခေါင်းဆောင်တွေ၊ ဂျပန်ဖက်ဆစ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်တို့ရဲ့ ဘ၀များဟာ ကြိုးစင်ပေါ်မှာ အဆုံးသတ်သွားခဲ့ကြရတယ်။ အီတလီဖက်ဆစ်အာဏာရှင် မူဆိုလီနီ၊ ရိုးမေးနီးယား ကွန်မြူနစ် ခေါင်းဆောင် ချောင်ဆက်စကူးတို့ရဲ့ ဘ၀များဟာ လမ်းပေါ်မှာ ရုပ်ပျက်ဆင်းပျက် အဆုံးသတ်သွားခဲ့ကြရတယ်။ စလိုဘိုဒန် မီလိုစီဗစ် (ယူဂိုဆလားဗီးယား)၊ ရာဒိုဗန်ကရာဇစ် (ဘော့စနီးယား)၊ ချားစ်တေလာ (လိုက်ဘေးရီးယား)၊ ဒုခ်ျ (ကမ္ဘောဒီးယား) စတဲ့ အာဏာရှင်တွေဟာလည်း နိုင်ငံတကာစစ်ရာဇ၀တ်ခုံရုံးတွေနဲ့ ရင်ဆိုင်ခဲ့ကြရ၊ ရင်ဆိုင်နေကြရဆဲဖြစ်တယ်။ ချီလီမှာ၊ အာဂျင်တီးနားမှာ၊ ရ၀မ်ဒါမှာ၊ ကွန်ဂိုမှာ မိမိတို့ အာဏာရနေခိုက် လူမဆန်တဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြတဲ့ အာဏာရှင်နဲ့ မင်းမဲ့ဝါဒီတွေဟာလည်း သူတို့ အဲဒီရာဇ၀တ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြပြီးတဲ့နောက် နှစ်ပေါင်းများစွာ ကြာလာခဲ့ပေမယ့် တရားဥပဒေရဲ့ တကောက်ကောက် နောက်ကလိုက်ခြင်းကို ခံနေကြရဆဲဖြစ်တယ်။ နာဇီအကျဉ်းစခန်းစောင့်တဦးဆိုရင် အသက် (၈၈) နှစ်ရှိနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့ ဘ၀ကို ရောက်နေတာတောင်မှ သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကြောင့် ရုံးတင်တရားစွဲဆို စစ်ဆေးတာကို ခံနေရတယ်။

အဲသလိုပဲ တချိန်က မြန်မာပြည်မှာ အင်မတန်ကို ဘုန်းမီးနေလတောက်ပခဲ့ဖူးတဲ့ စစ်အာဏာရှင် ဗိုလ်နေ၀င်းဟာလည်း သူ့ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို စိတ်မချမ်းမြေ့စွာ ကုန်လွန်ခဲ့ရပြီး သေတော့လည်း လိုက်ပါပို့ဆောင်သူတယောက်မှမရှိဘဲ အလောင်းကို ဂူသွင်းမြှုပ်နှံစရာ နေရာတောင်မရှိတဲ့အထိ ဖြစ်ခဲ့ရတယ်။ သူ့ရဲ့ သားသမီးမြေးမြစ်တွေဟာလည်း ဖခင်ဖြစ်သူ၊ ဘိုးအေဖြစ်သူရဲ့ ဆိုးမွေကို ဆက်လက်ခံယူနေကြရဆဲဖြစ်တယ်။

အခု အထက်မှာ ဖော်ပြခဲ့သူအားလုံးဟာ အာဏာရှင်ဝါဒ၊ မင်းမဲ့ဝါဒကို မကိုင်စွဲခင်က သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ သမိုင်း စာမျက်နှာပေါ်မှာ အတော်အတန် တောက်ပတဲ့ ပုံရိပ်တွေနဲ့ နေရာယူနိုင်သူတွေ ဖြစ်ခဲ့ကြတယ်။ ဗိုလ်နေ၀င်းကိုပဲကြည့်ပါ။ စာတိုက်စာရေးလေး သခင်ရှုမောင်ဘ၀နဲ့ ကိုလိုနီဆန့်ကျင်ရေးခေတ်ကသူ့ရဲ့ ပုံရိပ်တွေ၊ ဗိုလ်နေ၀င်းဘ၀နဲ့ ဖက်ဆစ်ဂျပန် တော်လှန်ရေးခေတ်က သူ့ရဲ့ပုံရိပ်တွေဟာ အတော်ကလေး တောက်ပြောင်တင့်တယ်ခဲ့တာကို တွေ့ကြရမှာဖြစ်တယ်။

ဒါပေမယ့် အဲဒီသူတွေဟာ သူတို့ရဲ့ဝိညာဉ်ထဲကို ပူးကပ်ဝင်ရောက်လာခဲ့ကြတဲ့ အာဏာရှင်ဝါဒနတ်ဆိုး၊ မင်းမဲ့ဝါဒနတ်ဆိုးတွေကို မခုခံမတွန်းလှန်နိုင်ခဲ့ကြတဲ့အတွက် သူတို့မှာရှိထားပြီးသား နိုင်ငံရေးအရင်းအနှီး (Political Capital) အားလုံးကို ဆုံးရှုံး လက်လွတ်ခဲ့ကြရပြီး သမိုင်းရဲ့ဗီလိန်တွေ ဖြစ်ခဲ့ကြရတယ်။ တချို့ဆိုရင် အသေဆိုးနဲ့တောင် သေခဲ့ကြရတယ်။

အဲဒီတော့ ဒီကနေ့မြန်မာနိုင်ငံရဲ့ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တိုင်း မဖြစ်မနေ ထမ်းဆောင်ကြရမယ့် အနိမ့်ဆုံးတာဝန်က အဲဒီလို အာဏာရှင်တွေ၊ မင်းမဲ့ဝါဒီတွေရဲ့ သမိုင်းကြောင်းမကောင်းပုံ၊ ဇာတ်သိမ်းမလှပုံတွေကို မြန်မာပြည်က စစ်အာဏာရှင်တွေ သဘောပေါက်နားလည်အောင် အခါသင့်အခွင့်ကြုံတိုင်း ထပ်တလဲလဲ ထပ်ကာထပ်ကာ ပြောပြကြဖို့ပဲဖြစ်တယ်။ သူတို့ရဲ့ အယူအဆအတွေးအခေါ်နဲ့ လုပ်ရပ်တွေ အရောင်ထွက်ပြောင်လက်လာအောင် (ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ) တိုက်ချွတ်ဆေးသားတင်ပေးဖို့ မဟုတ်ဘူး။ (သွားဖြဲကလေးတွေနဲ့ လက်နောက်ပစ် လက်အုပ်ချီပြီး မြှောက်ပင့်ပေးတဲ့ အမူအရာတွေက ဘယ်လောက်တောင် အပြစ်ကြီးသလဲဆိုတာကိုတော့ ပြောစရာတောင်လိုမယ်မထင်ဘူး။)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေထဲက အမှာစကားတခုကို အမှတ်ရမိတယ်။ အဲဒါကတော့ “မှန်ကန်တရားမျှတတဲ့ စကားကို အလုပ်ကို မပြောရဲ မလုပ်ရဲရင်နေပါ။ ခွင့်လွှတ်လို့ရပါတယ်။ ဒါပေမယ့် မမှန်ကန် တရား မမျှတတဲ့ စကားကို၊ အလုပ်ကို၊ မပြောဘဲ မလုပ်ဘဲ နေရဲတဲ့သတ္တိလေးလည်း ရှိကြပါ။ အဲဒီသတ္တိလောက်မှ မရှိရင်တော့ ဒီမိုကရေစီရဖို့ မလွယ်သေးဘူး” ဆိုတဲ့ အမှာစကားဖြစ်တယ်။

တကယ်တော့ ဒီဆောင်းပါးရှေ့ပိုင်းတနေရာမှာ ဖော်ပြခဲ့တဲ့ ‘ကွန်မြူနစ်လူထွက်ကြီး’ နဲ့ သူ့ကို တပ်ဦးတင်ထားကြတဲ့ လိုင်စင်ရ နိုင်ငံရေးစာရေးဆရာဆိုသူတွေဟာ ဗမာပြည်ရဲ့ အရင်းခံပြဿနာ၊ ဗမာပြည်ရဲ့ အဓိကပဋိပက္ခ၊ ဗမာပြည် အခုလို အထွေထွေ အကျပ်အတည်းနဲ့ ကြုံတွေ့နေရခြင်းရဲ့ အဓိကလက်သည်တရားခံကို မသိကြတာတော့ ဟုတ်ဟန်မတူဘူး။ အမျိုးမျိုးအဖုံဖုံသော ရည်ရွယ်ချက်တွေအတွက် သူတို့ကျင့်သုံးနေကြတဲ့ နည်းလမ်းက မြန်မာပရိသတ် မြန်မာလူထုနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ “ယိုးဒယား ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း” လို ဖြစ်နေတာပဲရှိတယ်။

ယိုးဒယား ရာမဇာတ်တော် သမင်လိုက်ခန်း အကသရုပ်ဖော်ကို ကြည့်ဖူးသူတွေ သဘောပေါက်ကြလိမ့်မယ်။ လေးတော်ကိုင် ထားတဲ့ ရာမက လှလှပပ ကြွကြွရွရွနဲ့ ဇာတ်စင်ညာဘက်ထောင့်ကို ရောက်သွားတဲ့အခါ သမင်က ဇာတ်စင်ဘယ်ဘက်ထောင့်ကို အသာအယာ ကူးသွားတယ်။ ရာမ ဘယ်ဘက်ရောက်သွားတဲ့အခါ သမင်က ညာဘက်ရောက်သွားပြန်တယ်။ အကသရုပ်ဖော် ဇာတ်လမ်းဆိုတော့ ကြည့်လို့တော့ အင်မတန်ကောင်းတယ်။ ဒါပေမယ့် အနုပညာကို ဖယ်ကြည့်လိုက်ရင် ရာမက သမင်ကို မမိအောင် လိုက်ဖမ်းသလိုဖြစ်နေတယ်။

ကွန်မြူနစ်လူထွက်ကြီးနဲ့ သူ့လူတွေရဲ့ အရေးအသားတွေကလည်း အဲသလိုဖြစ်နေတယ်။ မြန်မာ့အကျပ်အတည်းမှာ စစ်အာဏာရှင်စနစ်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကို ဖျော့မှိန်ပြီး အခြားကဏ္ဍတွေကို ရှာကြံလက်ညှိုးထိုးပြနေကြတယ်။ ဆင်ကောင်ကြီးတွေ့နေတာတောင် ခြေရာဟောင်းနဲ့ တိုက်ကြည့်ပြီးမှ ဆင်ဟုတ်မဟုတ် လက်ခံနိုင်မယ်ဆိုတာမျိုးတွေ ပြောနေကြတယ်။ ‘လူထွက်ကြီး’ ဆိုရင် တက်ခနီကာလာ ခေတ်သစ်နိုင်ငံရေးဝေါဟာရ အသစ်အဆန်းတွေကို ရေလဲသုံးပြီး သူသစ္စာခံခဲ့ဖူးတဲ့ NLD ပါတီကိုတောင် ငေါက်ငမ်းကြိမ်းမောင်းတာတွေ လုပ်နေတယ်။ ၇၀ ခုနှစ်တွေက တိုးတက်တဲ့ ကဗျာဆရာ တဦးဖြစ်တဲ့ မောင်လေးအောင်ရဲ့ “ပညာတတ်ကြိမ်လုံးနဲ့ တအုန်းအုန်း ရိုက်နှက်တယ်” ဆိုတဲ့ စာသားကို သတိရစရာဖြစ်တယ်။ ‘လူထွက်ကြီး’ ရဲ့ လူတွေကလည်း ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာကို “ထက်အောက်မွှေနှောက် ထုတ်ချောက်ကျော်ကြား” တဲ့ ပုံမျိုးဖမ်းပြီး မြန်မာပြည်ရဲ့ပင်မရေစီးကို လမ်းလွှဲပေးဖို့ ကြိုးပမ်းနေကြတယ်။

ကွင်းဆက်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သော့ချက်ပြဿနာကို တွေ့အောင်ရှာဖို့က ပထမဆုံးလုပ်ရမယ့် အလုပ် ဖြစ်တယ်။ မြန်မာပြည်ရဲ့ သော့ချက်ပြဿနာက ပြည်ထောင်စု မပြိုကွဲရေးလည်းမဟုတ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးလည်းမဟုတ်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလည်းမဟုတ်။ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသာ” ဖြစ်တယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်ကြရမယ်။ ရှင်းရှင်းလင်းလင်း ပြောကြရမယ်။ အဲဒီအချက်ကို မမြင်ရင် အမျိုးသားရေးအမြင် အာရုံချို့တဲ့တာပဲဖြစ်မယ်။ မြင်ပြီးမပြောရင် အမျိုးသားရေးသတ္တိ ချို့တဲ့တာပဲဖြစ်မယ်။ ဒါကို အတိုင်းအတာတခုအထိ ခွင့်လွှတ်လို့ ရနိုင်သေးတယ်။ ဒါပေမယ့် အဲဒီအဆင့်မှာတင်မရပ်ဘဲ ပြည်သူတွေေ၀၀ါးသွားအောင် “ရာမဇာတ်တော်ထဲက သမင်လိုက်” သလို လုပ်နေကြတာကတော့ တရားခံကို အားပေးကူညီသူများအဖြစ် သမိုင်းရဲ့ ရေပုပ်မြောင်းထဲ ကိုယ့်သဘောနဲ့ကိုယ် ခုန်ချနေကြတာပဲဖြစ်လိမ့်မယ်။ အဲဒီလိုလုပ်တဲ့သူတွေကိုတော့ သမိုင်းက ခွင့်လွှတ်မှာမဟုတ်ဘူး။ ။
http://www.khitpyaing.org/articles/Dec09/251209.php

အပြည့်အစုံသတင်းဖတ်ရန်....

ဇီးစေ့နဲ့  ပေါက်ခံရတောင် မြင့်မိုရ်တောင်က မပြိုနိုင်..

ဒေါ်အောင်ဆန်းစုကြည်က စိတ်ရင်းစေတနာ မှန်ပြီးသားပါ
မောင်သြ ၂၅ ဒီဇင်ဘာ ၂၀၀၉

၉-၁၂-၀၉ နေ့က ထုတ်ဝေတဲ့ နိုင်ငံပိုင် နအဖအသုံးတော်ခံ စည်းရုံးရေးသတင်းစာကြီးတွေမှာ ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆောင်းပါးကို ဖတ်ရတော့ ဒီဆောင်းပါးအပေါ် သတင်းစာဆရာကြီး ဦးဝင်းတင် (အန်အယ်လ်ဒီ၊ ဗဟိုအလုပ်အမှုဆောင်) က စိတ်ပျက်မိပါတယ်လို့ ပြောသွားတာ ကြားလိုက်ရပါတယ်။

ကျနော်ကတော့ အဲဒီလိုစိတ်ပျက်မိတာထက် နွားခြေရာခွက်ထဲမှာရှိတဲ့ ဖြုတ်တကောင်ရဲ့ ဦးနှောက်နဲ့ ဒီလောက်အတွေးတိမ်တိမ် အောက်တန်းကျလှချည်လားဆိုပြီး စုပ်တသပ်သပ်နဲ့ သနားမိတာပါပဲ။ ငါ့အစိုးရ၊ ငါ့သတင်းစာ၊ ငါ့ပလက်ဖောင်းဆိုပြီး ထင်ရာစိုင်း လက်သရမ်းလိုက်တာဟာ စစ်အာဏာရှင်အစိုးရ သက်ဆိုးရှည်သမျှ၊ ငါအခွင့်ထူးခံ ရနေမှာပဲဆိုတဲ့ မျှော်လင့်ချက်ကြီးကြောင့်ဆိုတာ ချမ်းမြအေးရဲ့ အဖားကမ်းကုန် ဆောင်းပါးမှာ ဘွင်းဘွင်းကြီးပေါ်နေတာ တွေ့ရတယ်။

စိတ်ရင်းစေတနာ မမှန်ပြီး မရိုးသားတာ ဘယ်သူတွေလဲ …
ပေးထားပြောထားတဲ့ ကတိစကားတွေကို ပယ်ဖျက်တာ ဘယ်သူတွေလဲ …
မိမိထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာတွေကို မလိုက်နာတာဘယ်သူတွေလဲ …
ပြည်သူလူထုအကျိုးစီးပွားထက် မိမိနဲ့ မိမိဆွေမျိုးအသိုင်းအ၀န်းအကျိုးစီးပွားကို ၀ိသမလောဘတက် အမြတ်ထုတ် စီးပွားရေးလက်ဝါးကြီးအုပ်နေကြတာ ဘယ်သူတွေလဲ …
၂၀၀၃ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ဘယ်သူခိုင်းတာလဲ …
ကြံ့ဖွံ့/စွမ်းအားရှင်တွေနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းသံဃာတော်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်နှိမ်နင်းခိုင်းတာ ဘယ်သူတွေလဲ …
ဒီထဲမှာ ချမ်းမြအေးတဦးကော ပါဝင်နေသလား …
ဒါလေးတော့ ချမ်းမြအေး စဉ်းစားတတ်ရင် ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆိုတဲ့ ဆောင်းပါးက ရှက်စရာကြီးပါ။

နအဖအစိုးရထံမှ နာမည်ကောင်းလက်မှတ်ရဖို့ ဖားဆောင်းပါးရေးချင်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
အန်အယ်လ်ဒီကို အပုပ်ချ၊ တဖက်သတ်ရေးနေတာဟာ ယိုသူမရှက် မြင်သူရှက်၊ ရေးသူမရှက် ဖတ်သူရှက် ဖြစ်နေပါပြီ။ သူခိုးက လူပြန်ဟစ် ဆိုတာမျိုး။ သူများမျက်ချေးမြင်ပြီး၊ ကိုယ့်မျက်ချေး ကိုယ်မမြင်တဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက်လိုမျိုး ဖြစ်နေပြီလား။ နအဖ ဆောင်းပါးရှင်တွေ သံဝေဂရဖို့ ကောင်းနေပြီ။

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု (Sanction) ဟာ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တာပါ ဆိုတဲ့ ပြည်တွင်းက ဆောင်းပါးရှင် ကိုရွှေငဖား အတော်များများက စွပ်စွဲရေးသားခဲ့ကြတာဟာ ယုတ္တိမတန်တဲ့ မြန်မာရုပ်ရှင်ဟာသကားတွေ ကြည့်နေရသလိုပါပဲ။ အပေါစားဆန်လှပါတယ်။

အမေရိကန်၊ အီးယူနိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် (Sanction) ပိတ်ဆို့မှုဟာ နအဖစစ်အစိုးရရဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့ ဆန္ဒပြကြတဲ့ ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူ အန်အယ်လ်ဒီအဖွဲ့ဝင်တွေကို အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးထောင်ချခဲ့တာကြောင့်ဖြစ်တယ် ဆိုတာ ဆောင်းပါးရှင် ချမ်းမြအေးက ဘာကြောင့် ရေငုံနှုတ်ပိတ်နေရပါသလဲ။

အိမ်ထဲမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးစတဲ့ အာဏာကြီးသုံးရပ်အထက်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ ဘယ်သူက အာဏာရှိပြီး ဘယ်သူက လုပ်ပိုင်ခွင့်ရှိတာပါလဲ။ အာဏာမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူခိုင်းတာနဲ့ အမေရိကန်လို၊ အီးယူလို နိုင်ငံခေါင်းဆောင်ကြီးတွေက လိုက်နာရတယ်ဆိုတာ ဖြစ်နိုင်ပါလား၊ ဟုတ်ပါ့မလား မောင်ကာဠုရေလို့ မေးလိုက်ချင် ပါတယ်။

မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် လူ့အခွင့်အရေးတွေ ကျူးလွန်နေကြတဲ့ စစ်အာဏာရှင်အစိုးရကို ယခုလို ပိတ်ဆို့ အရေးယူမှုတွေဟာ ဘယ်သူမပြုမိမိမှုဆိုတာ နားလည်ဖို့ကောင်းပါပြီ။

ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာတွေက မီဒီယာတွေမှာ ပြန့်နေအောင် ကြိုပြီးဖွတာမျိုးကတော့ မဖြစ်သင့်ပါဘူးတဲ့။ ကြိုဖွတာဖြစ်စေ၊ မဖြစ်စေ စာပါအကြောင်းအရာက အဓိက ကျပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပေးစာများနဲ့ ပတ်သက်ပြီး …

နိုင်ငံတော်ကို သစ္စာဖောက်တဲ့အကြောင်းအရာလား …
နအဖအစိုးရကို အကြည်ညိုပျက်စေတဲ့ အကြောင်းအရာလား …
ပြည်ထောင်စုသားတိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာပျက်စီးစေတဲ့ အကြောင်းအရာလား …
ဆိုတဲ့ အချက်တွေအပေါ်မှာ သုံးသပ်ကြည့်ရပါမယ်။

၂၅-၁၂-၀၉ နေ့က ပထမပေးစာမှာ… မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စ။
၁၁-၁၁-၀၉ နေ့က ဒုတိယပေးစာမှာ… မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲတင်ပြခြင်း…

အဲဒီစာ (၂) စောင်ကို ကြည့်ရင် ဘာမှလျှို့ဝှက်ထိန်ချန်ထားရမယ့် ကိစ္စမဟုတ်ပါ။ မီဒီယာကနေ အများပြည်သူ ကြိုတင်သိရှိခြင်းနဲ့ နောက်ကျမှသိရှိခြင်းသာ ကွာခြားမှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အစိုးရအတွက် အကျိုးရှိစေမယ့် ကိစ္စများသာဖြစ်ပါတယ်။

ကောင်းပြီ။ ၈-၁၁-၀၇ နေ့စွဲနဲ့ မစ္စတာဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ (စင်ကာပူမှာ ထုတ်ပြန်တဲ့) ကြေညာချက်ကကော၊ တိုင်းရင်းသားအားလုံးနဲ့ ပတ်သက်တဲ့ ကိစ္စသာဖြစ်တယ်။

“ဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းခိုင်မာမှုနှင့် အမျိုးသားညီညွတ်ရေး အရေးတကြီးလိုအပ်နေသော ယခုအချိန်မျိုးတွင် နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ အထူးသဖြင့် ကျမတို့၏ တိုင်းရင်းသားလူမျိုးစုအားလုံး၏ ဆန္ဒသဘောထားများနှင့် အကျိုးစီးပွားများကို အခိုင်အမာ အဆက်မပြတ် အလေးအနက်ထားကာ စဉ်းစားပေးရမည်မှာ ကျမအပေါ် ကျရောက်လာသော တာဝန်ဖြစ်နေပါပြီ …” တဲ့။ ဆောင်းပါးရှင် ချမ်းမြအေးရေ … ဒီလောက်ဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားတည်ကြည်ဖြောင့်မတ်တဲ့ စာတွေထဲမှာ နအဖစစ်အစိုးရကို ထိခိုက်ပုတ်ခတ်တဲ့ စာတလုံးမှမပါဘူးဆိုတာ၊ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိခိုက်စော်ကားတာ မပါဘူးဆိုတာတော့ အသင်ချမ်းမြအေးသည် ဂဏှာဟိ မှတ်သားလေလော့လို့ပဲ ပြောလိုက်ချင်ပါတယ်။

ဒီနေ့ နအဖစစ်အစိုးရကို အမေရိကန်နဲ့ အီးယူနိုင်ငံတွေက တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေရှိနေသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့လည်း ယခုရက်ပိုင်း လပိုင်းအတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ အခြေအနေကို တိတိကျကျမသိနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာအရ ထူးခြားမှုများရှိလာနိုင်မလားလို့တော့ စဉ်းစားစရာ ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ချမ်းမြအေးရဲ့ ဆောင်းပါးထဲက …

“မိဘဖြစ်တဲ့ အစိုးရအနေနဲ့ကတော့ သဘောထားကြီးကြီးထားပြီး လုပ်သင့်တာလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဆိုတဲ့ စကားအရ စဉ်းစားရတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီဟာ ရိုးရိုးသားသား သဘောထားနဲ့ တပ်မတော်စစ်အစိုးရကို အပြုသဘောဆောင်ပြီး ချဉ်းကပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့တာ ၉၀ ခုနှစ် ရွေးကောက်ပွဲပြီးကတည်းကပါ။ အနှစ် (၂၀) ရှိခဲ့ပြီ။ အဲဒီထဲကသာ တပ်မတော်စစ်အစိုးရဟာ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပူးပေါင်း ညှိနှိုင်းစိတ်ရင်း စေတနာမှန်မှန် ရိုးသားစွာ ဆောင်ရွက်သွားကြမယ်ဆိုရင်…

မြန်မာစစ်အစိုးရဟာ ဟိုလူလာလိုက် … မျက်နှာချိုသွေးရ၊ ဒီလူလာလိုက် … မျက်နှာချိုသွေးရ ဘ၀မျိုး မရောက်ဘူးပေါ့ဗျာ။ ခုတော့ ကျနော်တို့နိုင်ငံဟာ အာဆီယံအစည်းအဝေးမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးရနဲ့ ငပွနိုင်ငံကြီးဖြစ်နေပြီ။ ပြီးတော့ ကမ္ဘာ့အလယ်မှာလည်း အမေရိကန် လာလိုက်၊ အီးယူက လာလိုက်၊ ကုလသမဂ္ဂက လာလိုက်၊ အာဆီယံက လာလိုက်၊ တရုတ်၊ ရုရှ၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျက လာလိုက်၊ လူ့အခွင့်အရေးပြဿနာ ဒိုင်ခံရှင်းနေရတာနဲ့ မြန်မာနိုင်ငံကြီးလည်း ဗိုလ်ချုပ်အောင်ဆန်းပြောသလို ကြာရင် ဖာနိုင်ငံကြီးဖြစ်တော့မှာ စိုးရိမ်နေရပါတယ်။

ပြည်ပမီဒီယာတွေ ဖွတာထက်၊ ပြည်တွင်းက ဖွနေတဲ့ သတင်းစာဆောင်းပါးရှင်တွေဟာ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့ကြားမှာ ဆေးရိုးသည်တွေက ကန့်လန့်ကန့်လန့်လုပ်သလို လုပ်နေဖို့ မသင့်လှကြောင်း တင်ပြလိုက်ရပါတယ်။
http://www.khitpyaing.org/articles/Dec09/251209b.php

အပြည့်အစုံသတင်းဖတ်ရန်....

ဝတို့  ဘိန်းတိုးချဲ့  စိုက်နေရသော အကြောင်းရင်း..

နအဖ၏ ဓါတုလက်နက်ဘေးကာကွယ်ရန် အပစ်ရပ်များပြင်ဆင်
သောကြာနေ့၊ 25 ဒီဇင်ဘာလ 2009
သျှမ်းသံတော်ဆင့် မှ

အပစ်ရပ်တပ်ဖွဲ့များနှင့် တိုက်ပွဲဆင်နွှဲပါက နအဖ ဓါတုလက်နက်အသုံြးုပမည်ဟု သတင်းထွက်ပေါ်လာသဖြင့် တရုတ်နယ် စပ် အပစ်ရပ်များ ထိုအန္တရာယ်ကာကွယ်နိုင်သည့် စစ်ဝတ်စုံထောင်ချီဝယ်ယူစုဆောင်းနေကြောင်း မိုင်းလားတပ်ဖွဲ့နှင့်နီးစပ် သည့်သတင်း ရပ်ကွက်က ဆို၏။

“ဓါတုလက်နက်ရန် ကာကွယ်နိုင်တဲ့စစ်ဝတ်စုံမျိုး မိုင်းလား နဲ့ ၀ တပ်ဖွဲ့တို့ဝယ်တာ။ အစုံပေါင်းထောင်နဲ့ချီတယ်တဲ့” - ဟု အပစ်ရပ်အသိုင်းအ၀ိုင်း နီးစပ်သူ တဦးက ပြောပါသည်။

နားဂစ်ဖွဲ့စည်းပုံအရ လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ခေါင်းခါငြင်းဆန် သည့် တရုတ် နယ်စပ်အခြေစိုက် ကချင်တပ် KIA၊ မိုင်းလားတပ်ဖွဲ့ NDAA – ESS နှင့် UWSA ၀ တပ်ဖွဲ့တို့အား ပစ်မှတ် ထား တိုက်ခိုက်ချေမှုန်းရန် စစ်အစိုးရကတိုက်လေယာဉ်၊ လက်နက်ကြီး နှင့် အခြားဓါတုလက်နက်များအသုံးပြုမည့် သတင်းကြောင့် ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။

စစ်အစိုးရ အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတဦးက -“၀ တပ်၊ KIA နဲ့ မိုင်းလားတပ်ဖွဲ့တွေ ခံတပ်ကောင်းတွေ လုပ်ထားတယ်။ သာမာန် အင်အားနဲ့ဝင်တိုက်လို့ရမှာမဟုတ်ဘူးဆိုတာသူတို့သိတယ်။ အဲဒါကြောင့် လေယာဉ် ဗုံးတွေ၊ အမြောက်ကျည် တွေ အပြင် မော်ထာ လောင်ချာထိပ်ဖူးတွေမှာ လူကိုအဆိပ်ဖြစ်စေတဲ့ ဓါတုလက်နက်နဲ့တိုက်မှာ၊ မြောက်ကိုးရီးယားက ရလာတာလို့ ဗမာစစ်အရာရှိတဦး ကိုယ်တိုင်ပြောတာ” - ဟု သျှမ်းသံတော် ဆင့်သို့ပြော ပြ၏။

ထို့အတူ ကချင်သတင်းဌာန ထုတ်ပြန်ချက်အရ အဆိုပါဓါတုပစ္စည်းပါ ဗုံးပေါက်ကွဲလျှင် - ၁။ မူးဝေအော့အန်၊ ၂။ အသက်ရှူ ကြပ်၊ ၃။ မျက်လုံး/အမြင်အာရုံ မှောင်မိုက်သည့် လက္ခဏာများဖြစ်မည်။ ဓါတုလက်နက် တပ်ဆင်ထားသည့် လောင်ချာ ထိပ်ဖူး ၀ါ ၊ စိမ်း ၊ နီ အရောင်သုံးမျိုးရှိသည်ဟု ဆိုသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က - ၁၉၉၄ ဒီဇင်ဘာ ကော်မူးရာ KNU ကရင်တပ်စခန်းကို နအဖစစ်တပ် ချီတက် တိုက်ခိုက်စဉ် ဓါတုလက်နက်သုံးခဲ့ဖူးကြောင်း၊ ၁၉၉၅ ဖေဖေါ်ဝါရီက ထိုင်းဘုရင့်တပ်မတော် လက်ထောက် စစ်သေနာပတိချုပ် ဗိုလ်ချုပ် ချိတ်ထာ ဓနကျားရိုး က ဗိုလ်ချုပ်ကြီးတင်ဦး ပြောခဲ့ဖူးသည့် စကားများကိုကိုးကား၍ -

“အဲဒီတိုက်ပွဲတုန်းက နအဖ အတွင်းရေးမှူး ၂ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးကိုယ်တိုင် ‘ဓါတုလက်နက်အသုံးပြု ရင်မသင့်လျော် ဘူး၊ နိုင်ငံတကာဥပဒေနဲ့ညှိစွန်းတယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် မသုံးမဖြစ်လွန်းလို့အသုံြးုပခဲ့ရတာ’ လို့ပြောဖူးတယ်” ဟု ထိုင်းနိုင်ငံထုတ် 28/2/95 Daily News နေ့ထုတ်သတင်းစာတွင်ဖေါ်ပြခဲ့ကြောင်း အစီရင်ခံခဲ့သည်။

ထိုနည်းတူ ၂၀၀၆ ကရင်နီ KNPP ဌာနချုပ် ညာမို (ဉာဏ်မိုးတောင်) တိုက်ပွဲတွင်လည်း နအဖတို့ ဓါတုလက်နက် အသုံးပြုခဲ့ ဖူးသည့်သတင်းများထွက်ခဲ့ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်